မြင်းမူမြို့နယ်၊ မြို့မရဲစခန်းဝန်းအတွင်း ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြင်းမူမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးသည် မြို့မရဲစခန်းနှင့် တစ်ဝန်းထဲတွင်တည်ရှိပြီး ဧရိယာ ၁၃.၄၀ ဧက ကျယ်ဝန်းပါကြောင်း၊ ၎င်းဝန်းအတွင်း ၁၉၇၃ ခုနှစ်က ဆောက်လုပ်ခဲ့သည့် ၅၄ ပေ x ၂၃ ပေ x ၁၀ ပေ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ ၁၉၅၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ၉၀ ပေ x ၃၀ ပေ x ၁၀ ပေ စခန်းရုံး အချုပ်ခန်းပါ နှစ်ထပ်တစ်လုံး၊ ၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ၅၅ ပေ x ၄၄ ပေ x ၁၀ ပေ စခန်းရုံး အချုပ် ခန်းပါ တစ်ထပ်တစ်လုံး၊ ၁၉၅၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနေအိမ် လိုင်းခန်းလုံးချင်း တစ်လုံး၊ စခန်းမှူးနေအိမ် လိုင်းခန်းလုံးချင်း တစ်လုံး၊ အခြားအဆင့်နေအိမ်လိုင်းခန်းလုံးချင်း နှစ်လုံး၊ နှစ်ခန်းတွဲတစ်ထပ် အခြားဆင့်နေ အိမ်လိုင်း ခန်း ၁၂ လုံး၊ ၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနေ အိမ်လိုင်းခန်း လုံးချင်း တစ်လုံး၊ နေအိမ်လိုင်ခန်း လုံးချင်း သုံးလုံး၊ ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် နေအိမ် လိုင်းခန်းနှစ်ခန်းတွဲတစ်ထပ် တစ်လုံး၊ ၁၉၆၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ၂၀ ပေ x ၁၁ ပေ x ၁၀ ပေရှိ ဂိုဒေါင်တစ်လုံးတို့ဖြစ်ပြီး စုစုပေါင်း အဆောက်အဦ သုံးလုံး၊ နေအိမ်လိုင်းခန်းလုံးချင်း ကိုးလုံး၊ နှစ်ခန်းတွဲတစ်ထပ် ၁၃ လုံး၊ ဂိုဒေါင်တစ်လုံးရှိသည့်အနက် အခြားအဆင့်နေအိမ်လိုင်းခန်းလုံးချင်း ၃ လုံးသည် ဆွေးမြည့်ပျက်စီး ယိုယွင်းနေသောကြောင့် ဖျက်သိမ်းခွင့်တင်ပြထားပြီး ဖြစ်ပါကြောင်း။
တပ်ဖွဲ့ဝင်များ လက်ရှိနေထိုင်သည့်လိုင်းခန်းများမှာလည်း ၁၉၅၂ ခုနှစ်ကတည်းက တည်ဆောက် ခဲ့သည့် ဝါးကပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအဆောက်အဦများဖြစ်၍ ဟောင်းနွမ်းဆွေးမြည့်နေပြီး အကြီးစား ပြုပြင်တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအင်အားအတိုင်း ပြောင်းရွှေ့လာ မည့် တပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းပေးရန်မရှိသဖြင့် အခက်အခဲရှိလာမည် ဖြစ်ပါ ကြောင်း၊ ၁၆၄ ပေ x ၉၀ ပေ အကျယ်ဝန်းရှိ တပ်ဖွဲ့ပိုင်မြေနေရာတွင် ၅၁ ပေ x ၆၁.၆ ပေ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာတစ်လုံးအား ဆောက်လုပ်ပေးမည်ဆိုပါက တပ်ဖွဲ့ဝင်များနှင့် မိသားစုများ နေရေးထိုင်ရေး အဆင်ပြေစွာ၊ လုံခြုံစိတ်ချစွာ လုပ်ငန်းများနှောင့်နှေးခြင်းမရှိ စည်းစည်း လုံးလုံးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲ စခန်းဝန်း အတွင်း လေးခန်းတွဲလေးထပ်အိမ်ရာ ဆောက်လုပ်ပေးရန်အစီအစဉ်ကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားပေးနိုင်ပါရန်နှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အရာထမ်း နှစ်ဦး၊ အမှုထမ်း လေးဦး စုစုပေါင်း ခြောက်ဦး၊ မြင်းမူမြို့မရဲစခန်းတွင် အရာထမ်း တစ်ဦး၊ အမှုထမ်း ၂၆ ဦး စုစုပေါင်း ၂၇ ဦးတို့ဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြင်းမူမြို့မရဲစခန်း တို့သည် မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်ရှိ မြေဧရိယာ ၁၃.၄၀ ဧက အပေါ်တွင် တည်ဆောက်ထားပြီး နှစ် ၃၀ ဂရန်ရရှိပြီးဖြစ်ပါကြောင်း။
မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြင်းမူမြို့မရဲ့စခန်းဝန်းအတွင်း ၃၈ ပေ x ၂၅ ပေ x ၁၀ ပေ အကျယ်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လုံးချင်းနေအိမ် ၅ လုံး၊ ၂၈ ပေ x ၂၂ ပေ x ၁၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လုံးချင်းနေအိမ် သုံးလုံး၊ ၃၅ ပေ x ၂၆ ပေ x ၁၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အရာရှိလုံးချင်းနေအိမ် တစ်လုံး၊ ၄၂ ပေ x ၁၆ ပေ x ၁၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ခန်း တွဲတစ်ထပ်နေအိမ် ၁၂ လုံး၊ ၄၀ ပေ x ၁၉ ပေ x ၁၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ခန်းတွဲ တစ်ထပ်နေအိမ်တစ်လုံး စုစုပေါင်းနေအိမ် ၂၂ လုံးရှိပြီး ယင်းနေအိမ်များအနက်မှ ယခု လွှတ်တော် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ၄၂ ပေ x ၁၆ ပေ x ၁၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ခန်းတွဲတစ်ထပ်နေအိမ် သုံးလုံးမှာ ဆွေးမြည့်ပျက်စီးနေသည့်အတွက် ဖျက်သိမ်းခွင့် တင်ပြရေး ဆောင်ရွက်လျက်ရှိပါကြောင်း ။
မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြင်းမူမြို့မရဲစခန်းတို့တွင် နေအိမ် ၂၂ လုံး၊ အခန်း ၃၅ ခန်းရှိသည့်အနက် အိမ်ထောင်သည်တပ်ဖွဲ့ဝင် ၂၄ ဦးသည် အခန်း ၂၄ ခန်းမှာလည်းကောင်း၊ လူပျို တပ်ဖွဲ့ဝင် ၁၃ ဦးတို့သည် အခန်း ငါးခန်းမှာလည်းကောင်း နေထိုင်လျက်ရှိပြီး ၄၂ ပေ x ၁၆ ပေ x ၁၀ ပေ နှစ်ခန်းတွဲတစ်ထပ် နေအိမ် သုံးလုံးမှာ ဖျက်သိမ်းခွင့်ဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် ထပ်မံ ပြောင်းရွှေ့ရောက်ရှိလာသည့်တပ်ဖွဲ့ဝင်များ နေထိုင်ရန်အတွက် နေအိမ်လိုင်းခန်းကို တည်ဆောက် နိုင်ရေးကိုလည်း တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လက်ရှိမြင်းမူမြို့နယ်တွင် ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေးအခြေအနေများကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများ သည် ဆောက်လုပ်ရန်၊ သွားရောက်ရန်အခက်အခဲရှိသည့်အတွက် လုံခြုံရေးအခြေအနေ ကောင်းမွန် သည့် အခါမှသာ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းဝန်း အတွင်းမှာ တပ်ဖွဲ့ဝင်နှင့် မိသားစုနေအိမ်များ နေထိုင်အဆင်ပြေစေရန်အတွက် ၁၃၀ ပေ x ၃၆ ပေ x ၂၅ ပေ ခြောက်ခန်းတွဲနှစ်ထပ် သံကူကွန်ကရစ်တစ်လုံး ဆောက်လုပ်နိုင်ရေးအတွက်ကို နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံပြီး ဆောက်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။