တက္ကသိုလ်ပညာနှင့်အဆင့်မြင့်ပညာသင်ကြားရန်အခက်အခဲရှိသူများအားပညာသင်စရိတ် ချေးငွေ များ ထုတ်ချေးပေးရန်မည်သည့်အချိန်တွင်စတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
နိုင်ငံတော်သမ္မတကြီး၏ အစိုးရ ရက် ၁၀၀ ပြည့်အခြေပြ မိန့်ခွန်းတွင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် နိုင်ငံတော် ဘဏ္ဍာများအား ပညာရေးကဏ္ဍများအတွက် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေ ၆.၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများ၏ ပညာရေးကဏ္ဍနှင့်ပေါင်းလျှင် ၉.၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ ၁၀ ရာခိုင်နှုန်းထက်မနည်း၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် အတွက်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အထူးအားရကျေနပ် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါကြောင်း။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် စပ်လျဉ်းသည့် ပညာရေးဝန်ကြီးဌာန၏ စံနှုန်းသတ်မှတ်ချက်များ အပေါ်တွင် မိမိတို့ အားရကြောင်းကို ပြောကြားလိုပါကြောင်း။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အခြေခံပညာကျောင်းသား ၉.၄ သန်းရှိခဲ့ပြီး ယနေ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ၇.၅ သန်း ရှိသည်ကိုသိရှိရပါကြောင်း၊ ၎င်းတို့အနက် မူလတန်းအဆင့် ၄.၉ သန်း၊ အလယ်တန်းအဆင့် ၂ သန်း ကျော်နှင့် အထက်တန်းအဆင့် ၆ သိန်း ကျော်ဖြစ်ကြောင်း၊ ၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ဦးအနက် အောင်မြင်သူ ၁၃၃,၆၇၃ ဦးဖြစ်ကြောင်း၊ အောင်မြင်သူများထဲမှာ မိဘက ငွေကြေးတတ်နိုင်သူများ လည်း ပါနိုင်သလို၊ မိဘက နွမ်းပါးပြီး သားသမီးများအား ပညာတတ်စေချင်လွန်းသဖြင့် ခြိုးခြံ ချွေတာဒုက္ခခံကျောင်းထားပေးခဲ့၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများလည်း များစွာ ရှိနေမည်ဖြစ်ကြောင်း။ နှစ်စဉ်နှစ်တိုင်း ရှိနေမည်ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့တိုင်းပြည်တွင် စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရသည်က တစ်ဖက်၊ သားသမီးများ၏ ပညာရေးအတွက် ပူပန်သောကပွား ရှာဖွေနေကြရသည်ကတစ်ဖက် မိဘပြည်သူများမှာလည်း ယခုလိုအခြေအနေများ ရှိနေကြသည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ယခုလိုချို့တဲ့စွာပညာသင်ကြားပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်လာသည့် ကျောင်းသားလူငယ်များအတွက် ၎င်းတို့လိုလျှင် တက္ကသိုလ်ပညာသင်စရိတ် ချေးငွေ (Student Loan) ထုတ်ချေးပေးသည့် အစီအစဉ်တစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါက ငွေကြေးကျပ်တည်းနေကြသည့် ကျောင်းသားမိဘများ၊ တော်ပါ၊ ထက်ပါ၊ အရည်အချင်းရှိပါလျက် မိဘကတက္ကသိုလ်ဆက်မထားနိုင်သဖြင့် ပညာတစ်ပိုင်း တစ်စနှင့်ရပ်ပြီး တခြားနိုင်ငံများမှာ သွားအလုပ်လုပ်ကြမည့် လူငယ်များအတွက် နိုင်ငံတော်အစိုးရ၏ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးအစီအမံများအတွက်ပါ အားလုံးကောင်းမြတ်သည့် အကျိုးဖြစ်ထွန်းမှုများကို ရရှိမည်ဟု ယုံကြည်ပါကြောင်း။
နိုင်ငံတော်အကြီးအကဲနှင့် အစိုးရတစ်ရပ်လုံးအပေါ်တွင်လည်း ပြည်သူများ၊ လူငယ်များ၏ ယုံကြည်အားကိုးမှုများ တိုးမြှင့်ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ချို့တဲ့နွမ်းပါး၍ တက္ကသိုလ်ပညာဆက်လက်သင်ကြားနိုင်ရန် အခက်အခဲ ရှိသော ကျောင်းသားလူငယ်များ တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် လုံလောက်သည့်တက္ကသိုလ်ပညာသင်စရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် ရှိပါကလည်း မည်သည့်အချိန်၊ မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးနိုင်မည်အား သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့် က
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမှန်တကယ် နွမ်းပါးဆင်းရဲသော မိသားစုများမှ ကျောင်း သား ကျောင်းသူများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ထောက်ပံ့ကြေး (Stipend) များကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကပ်လျက်ပညာသင်နှစ်မှာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ပထမနှစ်(နေ့သင်တန်း) တက်ရောက်လျက်ရှိသည့် စုစုပေါင်းကျောင်းသားဦးရေ၏ ၁၀ ရာခိုင်နှုန်းအား ပထမဘွဲ့ရရှိသည်အထိ ပညာသင်နှစ်တစ်နှစ်တွင် ၁၀ လ၊ တစ်လလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နှစ်စဉ်ချီးမြှင့်လျက်ရှိပါကြောင်း။ တက္ကသိုလ် များမှ One campus, Two-system စနစ်ဖြင့် နေ့သင်တန်းများအပြင် အဝေးသင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အတွက် ချို့တဲ့နွမ်းပါးသော ကျောင်းသား ကျောင်းသူများ အနေဖြင့် ဝင်ငွေရသော အလုပ်လုပ်ကိုင်လျက် တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများကို တစ်ဖက် တစ်လမ်းမှ ဆက်လက်သင်ယူနိုင်ပါကြောင်း။ ပညာရေးတက္ကသိုလ်များသို့ တက်ရောက်သော ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်မှ စားသောက်စရိတ်များ ထောက်ပံ့ပေးအပ်ကာ B.Ed. ဘွဲ့ရရှိပြီးနောက် အထက်တန်းပြဆရာများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင် စေလျက်ရှိပါ ကြောင်း။
ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှာ B.A, B.Sc.(Education) ၄ နှစ်သင် ဘွဲ့ကြို သင်တန်းများနှင့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) သင်တန်းများသို့ တက်ရောက်ခွင့်ရရှိသူများအား နိုင်ငံတော်မှ စားသောက်စရိတ် ထောက်ပံ့ကျွေးမွေးကာ ကျောင်း အိပ်၊ ကျောင်းစား စီစဉ်ထားရှိပြီး စားသောက်ရေး၊ နေထိုင်ရေးတို့ကို စီမံဆောင်ရွက် ပေးထားပြီး ၄ နှစ် သင်တန်းပြီးဆုံးပါက မူလတန်းပြနှင့် အလယ်တန်းပြဆရာများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင် စေလျက်ရှိပါကြောင်း။ ယခု ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် တက္ကသိုလ်ပညာသင် စရိတ်ချေးငွေ(Student Loan) စနစ်မှာ ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပညာ ဆက်လက် သင်ယူနိုင်ရေးအတွက် အထူးချေးငွေဖြင့် ထောက်ပံ့ပေးပြီး ဘွဲ့ရရှိပြီးနောက်တွင် အလုပ်အကိုင်ရရှိပြီးချိန်၌ ရရှိသည့်ဝင်ငွေအပေါ်မူတည်ပြီး စနစ်တကျ ကျောင်းလခ ပြန်လည် ပေးဆောင်ရသည့် စနစ်ဖြစ်သည့်အတွက် အထူးကောင်းမွန်သည့် အစီအစဉ်ဖြစ်သော်လည်း အာဆီယံနိုင်ငံများတွင် စီးပွားရေးအောင်မြင်နေသည့် စင်္ကာပူနှင့် မလေးရှားနိုင်ငံများတွင် ရေရှည် အတွက် အပြည့်အဝအောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖော်လျက်ရှိပါကြောင်း။ ကျန်သည့် ၄ နိုင်ငံမှာ ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ကျောင်းသား လူငယ်များ တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် လုံလောက် သည့် တက္ကသိုလ်ပညာသင်စရိတ် ချေးငွေများ ထုတ်ချေးပေးရန်အစီအစဉ် မရှိသေးပါကြောင်းနှင့် နေ့သင်တန်းတက်ရောက်နေသော ချို့တဲ့နွမ်းပါးသည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဦးသက်နိုင်ဦး(ဘားအံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဒုတိယဝန်ကြီး ဖြေကြားခဲ့သည့်အထဲတွင် တစ်လ ၃၀၀၀၀ ကျပ်ဆိုသည်မှာ ခေတ်နှင့် လျော်ညီမှုမရှိပါကြောင်း။ ထို့အတူ ချမ်းသာမှ လုပ်မည်ဆိုလျှင် မိမိတို့အားလုံး အိမ်ပြန် အိပ်နေရမည့်သဘောရှိပါကြောင်း။ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက် ယခုလိုကျင်းပနေ နေသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။ တိုင်းပြည်အတွက်၊ နိုင်ငံအတွက်၊ လူငယ်များအတွက်၊ မိဘပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိမည်ဆိုလျှင်ပြဿနာ အများကြီးရှိနိုင်ပါကြောင်း။ ယခုလိုပြဿနာအား ဘယ်လိုရှင်းမည်နည်း မိမိတို့ အကြံပြုချင်ပါကြောင်း။ အကြောင်းအရာတစ်ခု လုပ်မည်ဆိုလျှင် ကြုံတွေ့လာနိုင်မယ့်ပြဿနာများကို ဆက်မစဉ်းစားဘဲ၊ မည်သို့ဆောင်ရွက် မည်နည်း သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့် က
ဆက်စပ်မေးခွန်းအတွက် အကြံပြုတင်ပြချက်ကို မိမိထောက်ခံပါကြောင်း။ ရေရှည်အကျိုးကို မျှော်ကိုးပြီး ကိုယ်စားလှယ်တော်ကြီးမှ တင်ပြခြင်းအပေါ် မိမိတို့အနေဖြင့် ရေရှည်တွင် ဖြစ်နိုင်ချေ ရှိ၊ မရှိ ထည့်သွင်းစဉ်းစားရပါကြောင်း၊ ဖြစ်နိုင်သည့်တစ်နေ့တွင် မိမိတို့ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပညာရေး ကဏ္ဍတွင် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့နိုင်မှုသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်ချိတ်ဆက် လျက်ရှိပါကြောင်း၊ Agro Based Industries ကို ဦးတည်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက နိုင်ငံခြားသို့ တင်ပို့နိုင်သည့်အဆင့်အထိ ဆောင်ရွက်ပြီး သွင်းကုန် အစားထိုး ထုတ်ကုန်များ၊ Production များကို ထပ်မံပြီးတိုးမြှင့်ထုတ်လုပ်လာနိုင်သည်နှင့်အမျှ နိုင်ငံခြားဝင်ငွေ ရရှိလာမည်ဖြစ်ပါကြောင်း။ နိုင်ငံ့စီးပွား၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပညာရေးအတွက် အထောက်အပံ့ကောင်းများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် နိုင်ငံ့စီးပွားဘဝ ပိုမိုမြင့်မားတိုးတက်လာလျှင် အနာဂတ်တွင် ရေရှည် စိတ်ချ လုံလောက်သည့်အဆင့်သို့ ရောက်လာနိုင်မည်ဖြစ်သည့်အတွက် ထည့်သွင်းစဉ်းစားပြီး ကောင်းမွန် သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ UK တွင် ဆင်းရဲနွမ်းပါးသည့်ကလေးများ မဟုတ်ဘဲ၊ ကျောင်းသား ကျောင်းသူများ မဟုတ်ဘဲ၊ လျှောက်ထားသည့် ကျောင်းသား ကျောင်းသူများကို Student Loan ထုတ်ပေးပါကြောင်း။ ၎င်းတို့ အလုပ်ရသည့်အခါ ရရှိသည့် ဝင်ငွေအနည်းအများအပေါ် မူတည်၍ အချိုးကျ ပြန်ပြီးပေးဆပ်ကြပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဝင်ငွေ မည်မျှရှိသနည်း။ နောက်တစ် ခုမှာ အစိုးရသည်လည်း ယခုနှစ် ထောက်ပံ့နိုင်မည့် နောင် ၅ နှစ်တွင် ယခုထက်ပို၍ ထောက်ပံ့ နိုင်မည်လား၊ ရပ်သွားမည်လား၊ မိမိတို့အနေဖြင့် လောလောဆယ် ကာလအားဖြင့် လုပ်ရန် အခက်အခဲရှိသည်ကို တင်ပြလိုပါကြောင်း၊ တစ်ချိန်တွင် မိမိတို့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာသည်နှင့်အမျှ ကျောင်းသား ကျောင်းသူများအတွက် ပညာရေးပံ့ပိုးမှုများလည်း ပိုမိုပြီး ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် မိဘပြည်သူများအားလုံး ဝိုင်းဝန်း၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ Production ပိုင်းအား ဦးစားပေးနိုင်ရန် ဖြေကြားခဲ့ပါသည်။