MY EN

(ဂ)-ဦးအောင်ကျော်သူ(မလှိုင်မဲဆန္ဒနယ်)

2026-10-07
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်ကျော်သူ (မလှိုင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မလှိုင်မြို့နယ်၊ အ.ထ.က (ခွဲ)ဝါးခွ၊ အ.မ.က (ရေစင်)နှင့် အ.ထ.က (ခွဲ) ထန်းပင်ကန်တို့တွင် ကျောင်းဆောင်အသစ် ၁ လုံးစီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မလှိုင်မြို့နယ်တွင် ရပ်ကွက်ကြီး ၄ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စုနှင့် ကျေးရွာ ပေါင်း ၂၄၇ ရွာရှိ ပြီး ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ စာသင်ကျောင်း အထက်တန်းကျောင်း ၈ ကျောင်း၊အထက်တန်း ကျောင်း(ခွဲ) ၂၄ ကျောင်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၆ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀ ကျောင်းနှင့် မူလတန်းကျောင်း ၁၁၅ ကျောင်း စုစုပေါင်း ၁၈၆ ကျောင်းရှိပြီး လက်ရှိပညာသင်နှစ်တွင် ကျောင်းများအားလုံးဖွင့်လှစ်ကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀,၇၉၇ ဦး တက်ရောက်စာပေသင်ကြားလျက်ရှိပြီး မလှိုင်မြို့သည် ပညာရေးတွင် အထူးအားပေးအောင်မြင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပါကြောင်း။

ကျောင်းသား /ကျောင်းသူများ စာပေသင်ကြားရာတွင် စာသင်ဆောင်နှင့် ကျောင်းသား ကျောင်းသူအချိုး လုံလောက်ညီမျှမှုရှိမှသာ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့ အေးချမ်း လုံခြုံစွာစာပေသင်ယူနိုင်မှာဖြစ်ပြီး အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသည့် ထူးချွန် ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေနိုင်မည်ဖြစ်ပါကြောင်း၊ မလှိုင်မြို့နယ် ၊ ဝါးခွကျေးရွာအုပ်စုရှိ အ.ထ.က (ခွဲ) ဝါးခွကို ၂၀၁၄ ခုနှစ်မှစတင်၍ အလယ်တန်းကျောင်း အဆင့်မှ အ.ထ.က (ခွဲ)ကျောင်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိပညာသင်နှစ်တွင် ဝါးခွ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား ကျောင်းသူဦးရေ ၅၄၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး အဆိုပါကျောင်းတွင် လက်ရှိ အုတ်ညှပ်တစ်ထပ်ဆောင် ၃ ဆောင်၊ RC တစ်ထပ်ဆောင် ၂ ဆောင် စုစုပေါင်း စာသင်ဆောင် ၅ ဆောင်သာရှိသဖြင့် စာသင်ဆောင် လုံလောက်မှုမရှိဖြစ်နေခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က ရေစင်တွင် လက်ရှိပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူဦးရေ ၂၁၇ ဦး တက်ရောက်ပညာသင်ကြားနေပြီး အဆိုပါကျောင်းတွင်လည်း အုတ်ညှပ်တစ်ထပ် စာသင်ဆောင် ၁ ဆောင်သာရှိသဖြင့် စာသင်ဆောင်လုံလောက်မှုမရှိဘဲ လိုအပ် နေခြင်း၊ အလားတူ ထန်းပင်ကန်ကျေးရွာအုပ်စုရှိ အ.ထ.က (ခွဲ) ထန်းပင်ကန်ကိုလည်း ၂၀၁၇ ခုနှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး ယခုပညာသင်နှစ်၌ ထန်းပင်ကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား‌ ကျောင်းသူဦးရေ ၃၁၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကာ အဆိုပါကျောင်းတွင်လည်း အုတ်ညှပ်တစ်ထပ် စာသင်ဆောင် ၃ ဆောင်သာရှိသဖြင့် စာသင်ဆောင်များ လိုအပ်နေခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ အေးချမ်းလုံခြုံ အဆင်ပြေချောမွေ့စွာ စာပေသင်ကြားနိုင်ရေးအတွက် အ.ထ.က (ခွဲ)ဝါးခွတွင် ၁၂၀ ပေ x ၃၀ ပေ RC တစ်ထပ်ကျောင်းဆောင် ၁ ဆောင်၊ အမှတ်(၃) ရပ်ကွက်ရှိ အ.မ.က (၃)၊ အ.မ.က ရေစင်တွင် ၆၀ ပေ x ၃၀ ပေ RC တစ်ထပ်ကျောင်းဆောင် ၁ ဆောင်၊ ထန်းပင်ကန်ကျေးရွာရှိ အ.ထ.က (ခွဲ)ထန်းပင်ကန်တွင် ၁၂၀ ပေ x ၃၀ ပေ RC တစ်ထပ်ကျောင်းဆောင် ၁ ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ /မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။ 

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေကျပ် ၈၆.၆ ဘီလီယံနှင့် လုပ်ငန်း ပေါင်း ၄၀၂ ခုကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မလှိုင်မြို့နယ် ကျောင်းများ လုံခြုံမှုရှိစေရန်အတွက် အုတ်တံတိုင်းများဆောင်ရွက်ခြင်းလုပ်ငန်းတစ်ခုအတွက် ခွင့်ပြုငွေ ၃၈.၇ သန်းဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဝါးခွအခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် အကျယ်အဝန်းအားဖြင့် ၁.၉၂ ဧက ရှိပြီး  မူလတန်းအဆင့်ကျောင်းသား ၃၀၂ ဦး၊ အလယ်တန်း အဆင့်ကျောင်းသား ၁၉၇ ဦး၊ အထက်တန်း အဆင့်ကျောင်းသား ၅၇ ဦး စုစုပေါင်းကျောင်းသားဦးရေ ၅၅၆ ဦးရှိပြီး အဆိုပါကျောင်းတွင် ကျောင်းဆောင် ၅ ဆောင်၊ စာသင်ခန်း ၁၅ ခန်းနှင့် သင်ကြား သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားဦးရေအရ စာသင်ခန်း ၄ ခန်း လိုအပ်လျက်ရှိပြီး ကျောင်းမြေဧရိယာ လုံလောက်မှုရှိသည့်အတွက် စာသင်ခန်း ၄ ခန်းအတွက် ၁၂၀ x ၃၀ ပေ RC တစ်ထပ် ကျောင်းဆောင်ကို အသစ်ဆောက်လုပ်နိုင်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစား ပေးအလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 မလှိုင်မြို့နယ်၊ ရေစင် အခြေခံပညာမူလတန်း ကျောင်းသည် မူလတန်းအဆင့်ကျောင်းသား ၂၂၁ ဦးရှိပြီး စာသင်ဆောင် ၁ ဆောင်နှင့် စာသင်ခန်း ၆ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းနေရာတွင်လည်း စာသင်ခန်းလိုအပ်သည့် အတွက်ကြောင့်  ၆၀ x ၃၀ ပေ စာသင်ဆောင်တစ်ဆောင်ကို  အသစ် ဆောက်လုပ်ရန် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက် ရရှိမှုအပေါ် တိုင်းဒေသကြီးဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

မလှိုင်မြို့နယ်၊ ထန်းပင်ကန် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှာ ကျောင်းမြေဧရိယာ ၁.၉၂ ဧကရှိပြီး မူလတန်းအဆင့်ကျောင်းသား ၁၆၃ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၁၄၀ ဦး၊ အထက်တန်းအဆင့်ကျောင်းသား ၁၁ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ဦးရေ ၃၁၄ ဦးဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းဆောင် ၃ ဆောင်၊ စာသင်ခန်း ၁၂ ခန်းနှင့် သင်ကြားမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စာသင်ခန်း ၄ ခန်း ထပ်မံလိုအပ်လာပါကြောင်း၊ ထို့ကြောင့် ကျောင်းမြေလိုအပ်မှု လုံလောက်မှုရှိသည့်အတွက်အဆိုပါ ကျောင်းကိုလည်း စာသင်ခန်း ၄ ခန်းအတွက် ၁၂၀ x ၃၀ ပေ RC တစ်ထပ်ကျောင်းဆောင်ကို အသစ်ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက် ရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။