မိုးညှင်းတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မိုးညှင်းတက္ကသိုလ်အား နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်အရ ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှ စတင်ကာ မိုးညှင်းဒီဂရီကောလိပ် အနေဖြင့် အထူးပြုဘာသာ ၈ ခု၏ သင်တန်းများကို ကျောင်းသား ကျောင်းသူ ၃၂၂ ဦးဖြင့် ၉-၁၂-၂၀၀၃ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ မိုးညှင်းမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခရိုင်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့နယ်များရှိ ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများ သည် မိုးညှင်းဒီဂရီကောလိပ်သို့ လာရောက်ကြသကဲ့သို့ အခြားနည်းစပ်ရာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များမှလည်း လာရောက်ကြပါကြောင်း၊ အထူးသဖြင့် မိုးညှင်းမြို့သည် ပညာရေးကို အထူးအလေးထား သည့် မြို့ဖြစ်သည့်အပြင် သွားလာရေးအဆင်ပြေမှု၊ လုံခြုံစိတ်ချရမှု၊ စားသောက်နေထိုင်ရေး အဆင်ပြေမှုများကြောင့်လည်း ကျောင်းသားဦးရေသည် တစ်နှစ်တစ်နှစ်တိုးတက်များပြားလာခဲ့သည့် အတွက် ဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ ၁-၉-၂၀၂၀ ရက်တွင် တိုးမြှင့်ဖွင့်လှစ်ရရှိခဲ့ပါကြောင်း။
မိုးညှင်းတက္ကသိုလ်အဖြစ်ဖွင့်လှစ်ပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် နေ့ကျောင်းသား ဦးရေ ၂,၂၅၆ ဦး၊ အဝေးသင်ကျောင်းသားဦးရေ ၆,၈၉၂ ဦးရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေ့ကျောင်းသား ၉၇၂ ဦး၊ အဝေးသင်ကျောင်းသား ၄,၇၉၆ ဦးရှိကြောင်း၊ တက်ရောက်ကျောင်းသား ဦးရေ များလာသည်နှင့်အညီ သင်တန်းများပြီးဆုံး၍ ဘွဲ့များပေးအပ်ရာတွင်လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမအကြိမ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စတုတ္ထအကြိမ်အထိ နေ့သင်တန်းနှင့် အဝေးသင်သင်တန်း ဘွဲ့ရရှိသူ ၁,၃၀၃ ဦးကို ဘွဲ့များပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ မိုးညှင်းတက္ကသိုလ် ၏ မြေဧရိယာဧက ၂၁၀ ပေါ်၌ တက္ကသိုလ်အဆင့်နှင့်ညီမျှသော စာသင်ဆောင်များ၊ မြို့အဆောက်အဦ များ၊ ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်း၊ အားကစားဆောင်၊ ကျောင်းသား ကျောင်းသူအိပ်ဆောင် များအပါအဝင် အခြားရှိသင့်သည့် အဆောက်အဦများအပြည့်အစုံ တည်ဆောက်ပြီးဖြစ်သော်လည်း ကျောင်းသားနှင့် မိဘများ၏ အမြင့်ဆုံးရည်မှန်းချက်ဖြစ်သော ဘွဲ့ရ အဆောင်အယောင်များ အပ်နှင်းရာ ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ယနေ့ထိ ဆောက်လုပ်နိုင်ခြင်းမရှိသေးဘဲ လောလောဆယ် တက္ကသိုလ်ရှိ ယခင်ဒီဂရီကောလိပ်ကာလ တည်ဆောက်ပြီး ဟောခန်းမ၌သာ ပြုလုပ်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးညှင်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများနှင့် မိဘ ပြည်သူများအတွက် လိုအပ်လျက်ရှိသော တက္ကသိုလ်အဆင့်နှင့် လျော်ညီသည့် ဘွဲ့နှင်းသဘင်ခန်းမ အား တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က
မိုးညှင်းတက္ကသိုလ်သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး တက္ကသိုလ်မြေဧရိယာ ဧက ၂၁၀ ကျယ်ဝန်းပါကြောင်း၊ မိုးညှင်းတက္ကသိုလ်တွင် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောင်းသား ကျောင်းသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ဗန်းမော်ခရိုင်တို့မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက် ရှိပါကြောင်း၊ မိုးညှင်းဒီဂရီကောလိပ်မှ မိုးညှင်းတက္ကသိုလ်အဖြစ်သို့ ၂၀၂၀ ပြည့်နှစ်တွင် အဆင့် တိုးမြှင့်ဖွင့်လှစ်ပြီးနောက် ပထမအကြိမ် ဘွဲ့နှင်းသဘင် နေ့သင်တန်း ၁၂၉ ဦး၊ အဝေးသင်သင်တန်း ၂၂၂ ဦး စုစုပေါင်း ၃၅၁ ဦးကို အပိုင်း ၆ ပိုင်းခွဲ၍လည်းကောင်း၊ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် နေ့သင်တန်း ၂၅၉ ဦး၊ အဝေးသင် သင်တန်း ၅၅၂ ဦး စုစုပေါင်း ၈၈၁ ဦးကို အပိုင်း ၆ ပိုင်းခွဲ၍လည်းကောင်း၊ တတိယအကြိမ် ဘွဲ့နှင်းသဘင် နေ့သင်တန်း ၂၄၄ ဦး၊ အဝေးသင်သင်တန်း ၆၄၆ ဦး စုစုပေါင်း ၈၉၀ ဦးကို အပိုင်း ၇ ပိုင်းခွဲ၍လည်းကောင်း၊ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် နေ့သင်တန်း ၁၆၄ ဦး၊ အဝေးသင် သင်တန်း ၁,၁၄၁ ဦး စုစုပေါင်း ၁,၃၀၅ ဦးကို အပိုင်း ၁၀ ပိုင်းခွဲ၍လည်းကောင်း ဘွဲ့များကို အပ်နှင်း ချီးမြှင့်ခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမ၏ အခမ်းအနားကို အလျား ပေ ၈၀၊ အနံ ပေ ၅၀ အကျယ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ပါကြောင်း။
တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံတွင် တက္ကသိုလ်၏ ဂုဏ်ဒြပ်ဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း၊ အဆိုပြုနေရာနှင့် အဆိုပြုပုံစံဒီဇိုင်းများရေးဆွဲပြီး ဦးစားပေး အဆင့်အလိုက် သတ်မှတ်ရွေးချယ်ခြင်းတို့ကို ရေရှည်အကျိုးမျှော်ကိုးပြီး အဆင့်ဆင့် စနစ်တကျ တည်ဆောက်ကြရပါကြောင်း၊ မိုးညှင်းတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပြီးနောက် တိုးတက်လာသော ကျောင်းသားဦးရေနှင့်အညီ တက္ကသိုလ်အဆင့် ဘွဲ့နှင်းသဘင်အဆောက်အအုံ လိုအပ်မှုရှိသည့်အတွက် ဘွဲ့နှင်းသဘင်အဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။