နိုင်ငံတော်၏အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ် အရေးယူရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ပရောက်နေသည့်လူများ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ယိမ်းယိုင်ပျက်ပြား စေရန်အတွက်၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေသည့် အဖွဲ့လုပ်ရပ်များ အပေါ်တွင် ထိထိရောက်ရောက်အရေးယူခြင်းပြုနိုင်ရန် အစီအစဉ် ရှိ မရှိကို မေးမြန်း လိုပါကြောင်း။
ပြည်ပသို့ သွားရောက်ခိုလှုံနေသည့်သူများသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေရန်နှင့် နိုင်ငံတော်ကို ကစဉ့်ကလျားဖြစ်စေရန်၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေရန်၊ ပြည်ထောင်စု တိုင်းရင်းသား များတစစီပြိုကွဲရန်အတွက် ရည်ရွယ်၍ အကြမ်းဖက်လုပ်ဆောင်မှုများအပေါ်တွင် ပါဝင်အားပေး လုပ်ကိုင်နေကြသည်ကိုတွေ့ရပါကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် နိုင်ငံနှင့်အလှမ်းကွာဝေး သည့် နေရာကို ရောက်နေသည်ဟု ယူဆသည့်အပြင် နိုင်ငံရပ်ခြားဖြစ်နေသည့်အတွက်ကြောင့် မိမိ နိုင်ငံ၏ ဥပဒေသည် ၎င်းတို့အပေါ်တွင်အကျိုးသက်ရောက်မှုမရှိကြောင်း၊ မသက်ရောက်နိုင်ဘူး ဆိုသည့် ယူဆချက်များနှင့် ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း။
ယခုလက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်မည်ဆို လျှင် ပြည်တွင်းရန်အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကို အားပေးနေသည့်အဖွဲ့အစည်းအချို့ အပြင် ပြည်ပကိုရောက်ရှိနေသည့်သူများက မဟုတ်မမှန် သတင်းအတုများ၊ သတင်းအမှားများနှင့် နိုင်ငံတော်အစိုးရ၏ဂုဏ်သိက္ခာ ၊ အဖွဲ့အစည်းအသီးသီး၏ ဂုဏ်သိက္ခာ၊ ခေါင်းဆောင်ကြီးများ၏ ဂုဏ်သိက္ခာကိုလည်းစနစ်တကျဖြိုခွဲခြင်း၊ ပုတ်ခတ်ခြင်းများပြုလုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ လှုံ့ဆော်မှုများကြောင့် နိုင်ငံအတွင်းတွင် အကြမ်းဖက်မှုများဖြစ်ပေါ်စေသည့် အပြင် ပြည်သူ လူထု ၏အသက်အိုးအိမ်တိုက်တာများ ဆုံးရှုံးပြီး စစ်ပွဲများနှင့် ပဋိပက္ခများ ဖြစ်ပေါ်နေပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများကြားတွင်လည်း အကြောင်းအမျိုးမျိုးနှင့် စိတ်ဝမ်းကွဲပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု ပြိုကွဲရခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများကို ရင်ဆိုင်နေရပါကြောင်း၊ထိုသို့ ပြည်ပနိုင်ငံမှ အဝေးရောက်မိမိနိုင်ငံသားများ၏ သွေးထိုးလှုံ့ဆော်မှုများသည် အကြမ်းဖက်အားပေး ကူညီမှုများဖြစ်စေသည့်အပြင် ဥပဒေမဲ့ ရမ်းကား ခြင်း များဆောင်ရွက်လျက်ရှိကိုသည်လည်း အများမြင်တွေ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု အခြေ အနေများအရ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုဆိုသည့်အချက်သည် အလွန်အရေးပါပြီး အရေးတကြီး ဆောင်ရွက်ရမည့်အခြေ အနေဖြစ်သည့်အတွက်ကြောင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါ ကြောင်း။
၎င်းတို့၏အမြင်တွင် နိုင်ငံရေးအမြင်အရ မိမိတို့က နိုင်ငံရေးလုပ်ခြင်း၊ တော်လှန်ရေးလုပ်ခြင်း သာဖြစ်သည်ဆိုသည့်စကားကို ခုတုံးလုပ်၍ အကြမ်းဖက်မှုကို ထောက်ပံ့ခြင်း၊ လှုံ့ဆော်ခြင်း၊ ပြောင်ပြောင် တင်းတင်းပါဝင်ခြင်း၊ ပြောင်ပြောင်တင်းတင်းအလှူခံ၍ တော်လှန်ရေးဆိုသည့် စကား လုံးတစ်ခုကိုသာသုံး၍ ၎င်းတို့၏အပြစ်ကို ဖုံးကွယ်ရန် ကြိုးစားနေသည်များကိုတွေ့ရပါကြောင်း၊ ၎င်းတို့သည် ပြည်ပနိုင်ငံတွင်နေထိုင်ခြင်းဆိုသည့် အချက်တစ်ခုတည်းဖြင့်မိမိတို့ ၏လုပ်ရပ် ကြောင့် ဖြစ်ပေါ်လာသည့်နိုင်ငံတွင်း၌ မအေးချမ်းမှုများ၊ ဥပဒေချိုးဖောက်သည့် အကျိုးအပြစ်များအပေါ်တွင် ၎င်းတို့တာဝန်မရှိကြောင်း ၊ ဥပဒေများမသက်ရောက်နိုင်ကြောင်း ယူဆနေသည် ကို တွေ့ရှိရပါ ကြောင်း၊ ပြည်ပတွင်နေ၍ အကြမ်းဖက်လုပ်ရပ်များကို သိလျက်နှင့် ငွေကြေး၊ သို့မဟုတ် တခြား အကူအညီများပေးခြင်း၊ လှုံ့ဆော်ခြင်းများ၊ လုပ်ဆောင်မှုများသည် အကြမ်းဖက်လုပ်ရပ်များတွင် ကိုယ်တိုင် တိုက်ရိုက် ပါဝင်လှုပ်ရှားခြင်း မရှိသော်လည်း နှုတ်အားဖြင့်လည်းကောင်း၊ ငွေအားဖြင့် လည်းကောင်း စိတ်ဓာတ်အားဖြင့်လည်းကောင်းများစွာ ကူညီပံ့ပိုးနေသည်များကို တွေ့ရပါကြောင်း၊
ပြည်ပနိုင်ငံများတွင် ခိုလှုံနေထိုင်ခြင်းသည် မိမိတို့ အပေါ် အမိနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုနှင့် တိုက်ရိုက်သက်ရောက်မှု မရှိနိုင်ဟု ယူဆကာ ကင်းလွတ်ခွင့် ရရှိထားသူများသဖွယ် ပြုမူဆောင်ရွက်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့သော အယူအဆဖြင့် လူမှုကွန်ရက်စာမျက်နှာများကို အသုံးချကာစည်းကမ်းမဲ့ပြောဆိုမှုများ၊ လှုံ့ဆော်မှုများနှင့် ပြည်တွင်းတည်ငြိမ်ရေးကိုထိခိုက်စေသည့်လုပ်ရပ်များကို လုပ်ချင်တိုင်းလုပ်ဆောင်နေကြခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် ကိုက်ညီမှုမရှိ သည်ကိုတွေ့ရှိရပါကြောင်း။
ပြည်ပတွင်ရှိနေသည့်သူများအား ပြစ်မှုကျူးလွန်သည့်အပေါ် တရားဝင်အရေးယူရန် လိုအပ် လာသည့် အပေါ်တွင် ပြစ်မှုကျူးလွန်သူများက မိမိရောက်ရှိနေသည့် သက်ဆိုင်ရာနိုင်ငံများ နှင့် ပူးပေါင်း၍ မလုပ်ဆောင်နိုင်ဟုယူဆက မိမိတို့ပြောချင်ရာ ပြောနေကြကြောင်း၊ မိမိတို့ တခြား နိုင်ငံ တွင်ရောက်နေသည့်အတွက်ကြောင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း၍အရေးယူနိုင်ခြင်း မရှိဟုယူဆကြ ကြောင်း၊ ထို့ကြောင့် ယခု ကျူးလွန်မှုများကို ဥပဒေစိုးမိုးမှုအတွက် ၎င်းတို့ကိုလည်း လွတ်မြောက်ခွင့် မပေးသင့်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေ၊ မိမိနိုင်ငံ၏ ဥပဒေကို လေးစားပြီး ထိုလူများကို နိုင်ငံတကာရဲများ (INTERPOL) နှင့်ချိတ်ဆက်ပူးပေါင်းခြင်းများ ဆောင်ရွက်ပြီး နိုင်ငံတကာသက်ဆိုင်ရာသံရုံးများမှတစ်ဆင့် ဥပဒေနှင့်အညီ ချိတ်ဆက်ဖမ်းဆီးခြင်းများ၊ တရားခံများ ပြန်လည်အပ်နှံရန် တောင်းခံခြင်းများ၊ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခြင်းကိစ္စများကို ပြည်သူလူထုမှသိရှိလိုပါသဖြင့် ၎င်း၏ကိစ္စအား အလေးပေး ဂရုပြု ဆောင်ရွက်ရန်အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
နိုင်ငံတော်၏ အချုပ်အခြာအာဏာယိမ်းယိုင်ပျက်ပြားစေရန်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည့် အဖျက်လုပ်ရပ်များ အပေါ်တွင် ရာဇသတ်ကြီး၊ မတရားအသင်းများ အက်ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မည်သူ မဆို နိုင်ငံပြင်ပတွင် ကျူးလွန်သောပြစ်မှုများအတွက် နိုင်ငံတော်၏တည်ဆဲဥပဒေတစ်ခုခု အရ စစ်ဆေးစီရင်ခြင်းနှင့်စပ်လျဉ်း၍ ရာဇသတ်ကြီး ပုဒ်မ ၃ တွင် “မည်သူမဆို ပြည်ထောင်စုမြန်မာ နိုင်ငံတော် အပ၌ ကျုးလွန်သော ရာဇသတ်ကြီးဆိုင်ရာပြစ်မှုအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံတော် ၏ တည်ဆဲဥပဒေတစ်ခုခုအရ စစ်ဆေးစီရင်ခြင်းခံရန် ထိုက်သင့်လျှင် ထိုသူကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ကျူးလွန်သော ရာဇသတ်ကြီးဆိုင်ရာပြစ်မှုအတွက် စစ်ဆေး စီရင်ရမည်" ဟု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ ၄ တွင် “ဤရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များသည် မည်သည့် အရပ်၌ မဆိုရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံသားက ကျူးလွန်သည့်ပြစ်မှုများနှင့်လည်း သက်ဆိုင်ရမည်” ဟု ပြဋ္ဌာန်းထားရှိပါတယ်ကြောင်း။
ပြည်ပနိုင်ငံများတွင် ခိုလှုံ၍ နိုင်ငံတော်အစိုးရအား ဆန့်ကျင်ရန်၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရန်အတွက် နိုင်ငံ့ ဝန်ထမ်းများအား စည်းရုံးသွေးဆောင်ခြင်း၊ လူငယ်လူရွယ်များအား အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်ရန် သွေးထိုး လှုံ့ဆော်ခြင်းနှင့် အားပေးကူညီခြင်းများ ဆောင်ရွက်နေသည့် တရားမဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သူများ၊ တရားမဝင် ဖွဲ့စည်းထားသည့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့သူများ၊ တိုင်း ဒေသကြီး ပြည်နယ်များရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေး အမည်ခံ အကြမ်းဖက် အဖွဲ့များမှ အဖွဲ့ဝင်များ၊ CRPH, NUG, PDF အဖွဲ့ဝင်များက အကြမ်းဖက်မှုကျူးလွန်နိုင်ရန်အတွက် နောက်ကွယ်မှငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်နေသူများ၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကျဆင်းစေရန် မမှန်မကန်ရေးသားဖော်ပြခြင်း ဆောင်ရွက် နေသူများနှင့် သတင်းမီဒီယာများဖြစ်သည့် Myanmar Now သတင်းဌာန၊ ခေတ်သစ်သတင်းဌာန၊ Mizzma သတင်းဌာန၊ DVB သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာန အေဂျင်စီတို့ကို သက်ဆိုင်ရာရဲစခန်းများတွင်၊ တရားရုံးများ၌ ၎င်းတို့၏ ကျူးလွန် သည့် ပြစ်မှုများအလိုက် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၅ဝ၅-က၊ မတရား အသင်းအက်ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ပုဒ်မခွဲ(က)၊ ပုဒ်မ ၅၀၊ ပုဒ်မခွဲ(ည)တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း။
ပြည်ပနိုင်ငံများတွင်ရှိသည့် မြန်မာသံရုံးများမှလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ တင်ပြမှု အရ နိုင်ငံတော်အစိုးရအပေါ် ဆန့်ကျင်မှုများပြုလုပ်ပြီး ပြည်ပနိုင်ငံများကို ထွက်ပြေး တိမ်းရှောင် ခိုလှုံနေသူ ၁,၃၄၁ ဦး ရှိကြောင်းသိရှိရသည့် အတွက် ၎င်းတို့၏နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်ခြင်း၊ အမည်မည်း စာရင်းရေးသွင်းခြင်း နှင့် စောင့်ကြည့်စာရင်း ရေးသွင်း၍ ကိုယ်ရေး အချက်အလက် မပြည့်စုံသူများကို အမည်မည်းစာရင်း ရေးသွင်းနိုင်ရေးအတွက် စိစစ်ခြင်း များ ကိုလည်း တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ခိုလှုံ၍ နိုင်ငံတော် အစိုးရ အပေါ် ဆန့်ကျင်ရန်နှင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေရန် ပြုလုပ်သူများ၊ အားပေး ကူညီသူများကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် ခြင်း၊ အမှုဖွင့်လှစ်ပြီးပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့လာသည့် ဖမ်းဝရမ်း (နိုတြီ) များကို အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ (ASEANAPOL)၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စည်းမျဉ်းများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ပြီး တရားစွဲဆိုရန်အတွက် သို့မဟုတ် ပြစ်မှုဆိုင်ရာပြစ်ဒဏ် ကျခံရန် လိုအပ်နေသူတစ်ဦးဦး နှင့်စပ်လျဉ်းပြီး ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် Interpol Red Notice ထုတ်ပြန်ခြင်း၊ တရားခံများဖမ်းဆီးပေးခြင်းတို့ကို ဆောင်ရွက်ပေး နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ။
မြန်မာနိုင်ငံတွင် တရားခံလွှဲပြောင်းရေးဥပဒေကို ၂၁-၇-၂၀၁၇ ရက်တွင် အတည်ပြု ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ တရားခံလွှဲပြောင်းရေး သဘောတူ စာချုပ်ကို နိုင်ငံတစ်ခုချင်း သီးခြားလက်မှတ်ရေးထိုးချုပ်ဆိုထားခြင်းမရှိသော်လည်း ၁၄-၁၁-၂၀၂၅ ရက်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် တရားခံလွှဲပြောင်းရေးစာချုပ် (ASEAN TREATY ON EXTRADITION)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ထားရှိပါကြောင်း၊ တရားခံလွှဲပြောင်းရေးကိစ္စရပ်များ ပေါ်ပေါက်လာပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး တရားခံလွှဲပြောင်းရေး ဥပဒေနှင့်အညီ Case By Case တစ်ခုချင်းအလိုက် သုံးသပ်ပြီး လွှဲပြောင်း/ လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်၏အချုပ်အခြာအာဏာ ယိမ်းယိုင်ပျက်ပြားစေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သူများ၊ နိုင်ငံတော်အစိုးရအား ဆန့်ကျင်မှု များ ပြုလုပ်ပြီး ပြည်ပနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သူများနှင့် ပြည်ပနိုင်ငံများတွင်ခိုလှုံနေသူများကို ရာဇသတ်ကြီး၊ မတရားအသင်းအက်ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ခြင်း၊ အမည်မည်း စာရင်းရေးသွင်းခြင်းတို့နှင့် စောင့်ကြည့်စာရင်းများ ရေးသွင်းခြင်းပြီး Interpol Red Notice ထုတ်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်ပေါင်းစပ်၍ ဖြေကြားခဲ့ပါသည်။
ဒေါ်သန်းသန်းအေး(သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
နိုင်ငံတကာမှရဲများနှင့် ဆက်သွယ်ဆောင်ရွက်ပြီး ဖမ်းဆီးထားသည့် တရားခံများကို လွှဲပြောင်းပေးမှုရှိခဲ့လျှင်ထင်ရှားပြီး၊ မိမိတို့နိုင်ငံ အပေါ် အဖျက်အမှောင့်လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင်လုပ်နေသည့် ထင်ရှားသောသူများရှိပြီး၊ ထိုပြည်ပရောက်ထင်ရှားသူမည်မျှကို ဖမ်းဆီး၍ အရေးယူပြီးပြည်ပနိုင်ငံများမှ ထိုထင်ရှားသည့် တရားခံများကို တရားခံလွှဲပြောင်း ရယူခြင်းများ ရှိ မရှိကိုလည်း သိလို ပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းသည် မိမိတင်ပြသည့် အထဲမှာ ပါဝင်ကြောင်း၊ တရားခံလွှဲပြောင်းရေးတွင် မိမိတို့ နိုင်ငံအနေဖြင့် တရားဝင် လက်မှတ်ရေးထိုး ထားခြင်းမရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့်အပေါ်မူတည်ပြီး နိုင်ငံ အလိုက် Case by case ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါတွင် အကြမ်းဖက် အဖွဲ့ များနှင့် စပ်လျဉ်း၍ ဖမ်းဆီးရမိသည့်ဖြစ်စဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း အရေးကြီးသည့် တရားခံများတွင် သက်ဆိုင်ရာနိုင်ငံနှင့် ချိတ်ဆက်၍ ဆောင်ရွက်သည့်အခါ သူ့ နိုင်ငံ၏ နိုင်ငံရေးသဘောထားအပေါ်တွင် မူတည်၍ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဖမ်းဆီးရမိသည့်ဖြစ်စဉ်အများစု၊ လွှဲပြောင်းသည့်ဖြစ်စဉ် အများစုမှာမူးယစ်တရားခံများ၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံမှ ၂၀၂၅ ခုနှစ်၊ ၂၀၂၆ ခုနှစ် မတ်လထဲတွင် ကျောက်ဆည်ဘက်မှ မူးယစ်တရားခံဖမ်းမိတာရှိပါကြောင်း၊ ထိုအချိန်က ဖမ်းဆီးရမိသည့် တရားခံသည် အရေးကြီးသည့် တရားခံဖြစ်ပါကြောင်း၊ ထိုတရားခံကို ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီး ရမိခြင်းဖြစ်ပါကြောင်း၊ ဖမ်းဆီးရမိသည့် တရားခံကိုလည်း လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်တွင် မိမိတို့ဆီမှ မူးယစ် တပ်ဖွဲ့မှူး ဗီယက်နမ်လေဆိပ်တွင် သွားပြီး လက်ခံခဲ့သည့် ဖြစ်စဉ်များရှိပါကြောင်း။
တရားခံလွှဲပြောင်းရာတွင် သူ့သက်ဆိုင်ရာနိုင်ငံနှင့်မိမိတို့ ချိတ်ဆက် ရသည့် လုပ်ငန်းစဉ်များ သည် အဆင်ပြေသည့် နိုင်ငံများ အပေါ်မှာမူတည်၍ချိတ်ဆက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ထို့ ကြောင့် ယခုလိုဖြစ်စဉ်အပေါ်များတွင် မိမိတို့ဆောင်ရွက်ရသည်မှာ ၎င်းတို့ ကိုRed Notice ထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများကို ဖမ်းဆီးပေးရန် မိမိတို့က အကြောင်းကြားခြင်း၊ သက်ဆိုင်ရာ နိုင်ငံမှ ဖမ်းဆီးပေးမှသာ မိမိတို့က တရားခံများကို လွှဲပြောင်း၍ရခြင်း ဖြစ်ပါကြောင်း၊ အများဆုံး လွှဲပြောင်းလက်ခံရရှိသည့် တရားခံများတွင် လက်ရှိ မူးယစ်တရားခံများနှင့် ကျန်တရားခံများကို လွှဲပြောင်းရရှိခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။