နောက်ဆုံးရသတင်းများ
MY EN

(င)-ဦးရန်ကျော်(မက်မန်းမဲဆန္ဒနယ်)

2026-10-06
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးရန်ကျော် (မက်မန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ရုံးကို နိုင်ငံတော်၏ သီးခြားရန်ပုံငွေဖြင့် အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ အခန်း ၂ ၊ ပုဒ်မ ၅၆ တွင် ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ပန်ဆန်း (ခ) ပန်ခမ်းမြို့နယ်  ၆ မြို့နယ်တို့ကို ခရိုင် ၂ ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ပြဋ္ဌာန်းထားပါ ပြီး ဟိုပန်မြို့နယ်၊ ဟိုပန်မြို့ကို“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ရုံးဆိုက်ရာ မြို့အဖြစ် ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ၁၉.၉.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၉/ ၂၀၂၅ ဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ အုပ်ချုပ်ရေး နှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံး ရုံးစိုက်ရာမြို့အဖြစ် မက်မန်းကို ပြင်ဆင်သတ်မှတ် ပေးခဲ့ပါကြောင်း၊  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံး၏ ရုံးအဖွဲ့များဖြစ်သည့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ၂၄.၉၂၀၂၅ ရက်နေ့တွင် မက်မန်းမြို့သို့ရောက်ရှိလာပြီး ၂၅.၉.၂၀၂၅ ရက်နေ့တွင် မက်မန်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ၃၀ပေx၂၀ပေ ရုံးခန်းငယ် ၁ ခုမှာ ရုံးဖွင့်လှစ်ပြီး ရုံးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့်ဌာနဆိုင်ရာရုံး ၅ ခု၊ မက်မန်းခရိုင်အဆင့် ဌာနဆိုင်ရာရုံး ၁၃ ခု၊ မက်မန်းမြို့နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံး ၂၄ ခု စုစုပေါင်းဌာနဆိုင်ရာရုံး ၄၂ ရုံးဖွင့်လှစ်ပြီး အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၏ ရုံးအဖွဲ့ဖြစ်သည့် ညွှန်ကြားရေးမှူး ၁ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၁ ဦး၊ ဦးစီးအရာရှိ ၂ ဦး၊ စီမံ-၁ ၁ ဦး၊ အကြီးတန်းစာရေး ၂ ဦးနှင့် အငယ်တန်းစာရေး ၁ ဦး စုစုပေါင်း ၈ ဦးဖြင့်ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ တာဝန်ထမ်းဆောင်လာပါက ရုံးအဖွဲ့ ၈ ဦးတို့ဖြင့် မက်မန်းခရိုင် ရုံးရှိ ရုံးခန်း ၁ ခန်းနှင့် လုံလောက်မှုမရှိပါသောကြောင့် ၂၅.၃.၂၀၂၆ ရက်နေ့တွင် မက်မန်းခရိုင်စီမံကိန်းဦးစီးရုံး ၆၁ ပေx၄၀ ပေ ၂ ထပ်အဆောက်အဦ၏ အပေါ်ထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ် ထားပါကြောင်း။ 

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့တာဝန်ထမ်းဆောင်လာပါက ရုံးအဖွဲ့ဝန်ထမ်းဦးရေ ထပ်မံတိုးလာမည်ဖြစ်ပြီး ဦးစီးအဖွဲ့၏ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသနေ တိုင်းရင်းသားပြည်သူများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက် ခြင်း တို့ ဆောင်ရွက်ရာတွင် လက်ရှိဖွင့် လှစ်လျက်ရှိသည့် ယာယီရုံးခန်းဖြင့် လုံလောက်မှု မရှိနိုင် ကြောင်းကို  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးနှင့် ဦးစီးအဖွဲ့နေအိမ်များ၊ ရုံးဝန်ထမ်းနေအိမ်များ အဆောက်အဦများ ကြိုတင်ဆောက်လုပ်ထားနိုင်ရေး    “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး အဖွဲ့ရုံး မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ထိုသို့တင်ပြမှုအပေါ်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည့် နေရာ အဆောက်အဦ Design နှင့် Estimate များကို ရေးဆွဲ၍ တည်နေရာပြမြေပုံကြမ်းနှင့်အတူ အမြန် ပြန်လည်တင်ပြရန် ပြန်လည်အကြောင်းကြားလာပါသဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ ရုံးရိပ်သာ၊ ဝန်ထမ်းနေအိမ်တည်ဆောက်မည့် မြေနေရာပြမြေပုံ၊ ဆောက်လုပ်မည့်အဆောက်အဦ Design နှင့် Estimate တို့နှင့်အတူ လုပ်ငန်း ၁ ခုချင်းအလိုက် တွက်ချက်၍ ပြန်လည်တင်ပြထားပြီးဖြစ်ပေမယ့် ဦးစီးအဖွဲ့ရုံးတည်ဆောက်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသည်ကိုကြောင်း တွေ့ရှိရပါကြောင်း။

သို့ဖြစ်ပါ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံးအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ သီးခြားရန်ပုံငွေတစ်ရပ်ရပ်ဖြင့် အမြန်ဆုံးတည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးသည် ယခင်တုန်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် မြို့နယ်၊ ဟိုပန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး လက်ရှိလုပ်ငန်းလိုအပ်ချက်အရ ၂၀၂၅ ခုနှစ် ကစပြီး မက်မန်းမြို့သို့ ယာယီရွှေ့ပြောင်း အခြေစိုက်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းသည် “ဝ” တိုင်းဦးစီးအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါကြောင်းနှင့် နိုင်ငံတော်က တာဝန်ပေးအပ်ထားသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရေးမှူးနှင့်ရုံးအဖွဲ့သာရှိပြီး လက်ရှိတွင် ရုံး ဆောက်လုပ်ရန်မြေနေရာသာ ရွေးချယ်ထားပြီး မြေနေရာပြုပြင်ရမည့် အနေအထားမှ လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေလုံလောက်မှုအခက်အခဲများရှိခြင်းတို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရုံးဆောက်လုပ်ရန်အတွက် လျာထားဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဖြည့်စွက် ရန်ပုံငွေ တွင် လည်း တင်ပြဆောင်ရွက်၍မရပါကြောင်း၊ သို့သော် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး ပြောင်းရွှေ့ဖွင့်လှစ်ထားသည့် မက်မန်းမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည့်အတွက် မက်မန်းခရိုင်အဆင့်ဝန်ထမ်းများ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး ဝန်ထမ်းများသည် ဝန်ထမ်းအိမ်ရာလုံလောက်မှုမရှိတဲ့အတွက် ပြင်ပတွင် နေထိုင်ရသည့်အတွက်ကြောင့် မြေပြင်၌ လတ်တလောလိုအပ်နေသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၁ လုံး တည်ဆောက်နိုင်ရန် အတွက်ကို ဆောက်လုပ်မည့်မြေနေရာမှ တောင်သူများ၏ နစ်နာကြေး၊ လျော်ကြေး ပေးခြင်းနှင့် မြေနေရာပြုပြင်ခြင်းတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှနေပြီး  ၂၀၂၇ - ၂ဝ၂၈ ဘဏ္ဍာရေး နှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တင်ပြထားရှိပါကြောင်း။

သို့ဖြစ်ပါ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးရုံးအဖွဲ့ရုံးကို နိုင်ငံတော်၏ သီးခြားရန်ပုံငွေ တစ်ရပ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်နဲ့စပ်လျဉ်းပြီး လတ်တလော အစီအစဉ်မရှိသေး ပါကြောင်း နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဝန်ထမ်းများနေထိုင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ           ၁ လုံး တည်ဆောက် ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ထားရှိပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏အဖြေချက်ဖြင့်  ပေါင်းစပ ်ဖြေကြားခဲ့ပါသည်။

ဦးရန်ကျော်(မက်မန်းမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းပါသည်။

ယခု မိမိမေးမြန်းသည့်မေးခွန်းသည် နိုင်ငံတော်အစိုးရကို အကြံပြုသည့်မေးခွန်း ဖြစ်ကြောင်းကို ဦးစွာတင်ပြအပ်လိုပါကြောင်း၊  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး ရုံးအဖွဲ့ရုံးသည် ယခင်က ဟိုပန်မြို့ကို “ဝ” တိုင်းရုံးစိုက်ရာ မြို့အဖြစ် သတ်မှတ်ပြီး ၂၀၁၀-၂၀၂၀ ပြည့်နှစ် အထိ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို ဆောင်ရွက်ခဲ့ပါကြောင်း၊ “ဝ” တိုင်းရုံး၊ ဥက္ကဋ္ဌနေအိမ်၊ အမှုထမ်း အရာထမ်းများနေအိမ်အပြင် သက်ဆိုင်ရာခရိုင်မြို့နယ် ရုံးများ၊ အမှုထမ်း အရာထမ်းများနေအိမ်များ ပြည်စုံသလောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့သို့ ပြန်လည်ရုံးစိုက်ခွင့်ပြုနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ  မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

မိမိတင်ပြသည့်အထဲတွင် ပါပြီးသားဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့် အထဲတွင်လည်း ပါရှိပြီးဖြစ်ပါကြောင်း၊ ယခင်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးသည် ဟိုပန်မြို့၌ ဖွင့်လှစ်ထားရှိခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် ၂၀၂၅ ခုနှစ် လိုအပ်ချက်အရ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုပ်ငန်းလိုအပ်ချက်အရ မက်မန်းမြို့သို့ ယာယီရွှေ့ပြောင်းဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပါ ကြောင်း၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအောက်တွင်ရှိသည့် မြို့နယ်တချို့မှာလည်း စစ်အုပ်ချုပ်ရေး ကာလသတ်မှတ်ထားရှိခြင်းဖြစ် ပါကြောင်း၊ တိုင်းရုံးကို ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ရန် အနေအထား မှာ သက်ဆိုင်ရာနယ်မြေ တည်ငြိမ်အေးချမ်းမှုအပေါ်မှာမူတည်ပြီး အစိုးရနှင့်တပ်မတော် ပေါင်းစပ် ပြီး ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ပြီး ဆက်လက်‌ဆောင်ရွက်သွားမည်           ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။