လူငယ်များအကြား မျိုးချစ်စိတ်မြှင့်တင်ရေး ကျယ်ပြန့်စွာဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက် ပေးရန်နှင့် Auto Repair သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့လူငယ်အများစုသည် မူးယစ်ဆေးဝါးနှင့် ကူးစက်ရောဂါအန္တရာယ်ဇုန်အတွင်း သက်ဆင်းကျရောက်ကာ မူးယစ်သားကောင်များအဖြစ် ရည်ရွယ်ချက်မဲ့ပြီး ဘဝပျက်နေကြရ ပါကြောင်း၊ လူငယ်များသည် ဘာသာတရား၊ စာရိတ္တမဏ္ဍိုင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား မျက်ကွယ်ပြုလာကြပြီး မိမိတို့၏ မိသားစုပြဿနာမှသည် နိုင်ငံတော်၏ ရေရှည်အနာဂတ်နှင့် အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေသည့် အမျိုးသားရေးအကျပ်အတည်းကြီး တစ်ရပ် ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် မျိုးချစ်အသင်းကြီးများ ပူးပေါင်း၍ အထူးအလေးပေးကာကွယ်ရန် လိုအပ်လျက်ရှိပါကြောင်း။
လူငယ်များ လမ်းမှားရောက်ရခြင်း၏ အဓိကအကြောင်းအရင်းသည် ရေရှည် တည်တံ့သော အလုပ်အကိုင်အလမ်းများ နည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းနှင့် ခေတ်မီနည်းပညာများနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လက်လှမ်းမီ ဆည်းပူးနိုင်ခွင့် အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်္ကာပူနိုင်ငံသည် National Youth Council ကဲ့သို့သော အဖွဲ့အစည်းများဖြင့် ရည်ရွယ်ချက်ပျောက်ပြီး လမ်းမှားရောက်နေသည့် လူငယ်များကို ကူညီ ဆောင်ရွက်မှုကြောင့် အကျိုးများစွာ ဖြစ်ထွန်းခဲ့သလို ထိုင်းနိုင်ငံတွင်လည်း Department of Skill Development အောက်က Auto Repair ကဲ့သို့သော မော်တော်ယာဉ်၊ ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းနှင့် အခမဲ့အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပြီး စနစ်တကျ အရင်းအနှီးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေပေးခြင်းဖြင့် မူးယစ်သားကောင်များအဖြစ်မှ ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ပါကြောင်း။
မိမိတို့နိုင်ငံ ရေရှည်တည်တံ့နေရန် နိုင်ငံသားတိုင်း မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် အထူးရှိ နေရန်လိုအပ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် နိုင်ငံတော်တွင် တာဝန်ရှိသကဲ့သို့ မျိုးချစ်အသင်းကြီးများတွင်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်မှ ယနေ့ခေတ်အထိ သမိုင်းအစဉ်အလာကြီးမားပြီး လူငယ်များ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ စာရိတ္တနှင့် ယဉ်ကျေးမှုကိုထိန်းကျောင်းပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရှင်သန်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် YMBA ကဲ့သို့သော မျိုးချစ် အသင်းကြီးများနှင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နေကြသော လူမှုအသင်းအဖွဲ့များကို နိုင်ငံအနှံ့၊ နေရာအနှံ့ပေါ်ပေါက်လာစေရန်၊ နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် အထူးလိုအပ်ပါကြောင်း၊ ထို့အတူ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် Skill Certificates များ ရရှိနိုင်မည့် အခမဲ့ အသက်မွေးဝမ်း ကျောင်းသင်တန်းကျောင်းများ မြို့နယ်အလိုက် ဖွင့်လှစ်သင်ကြားပေးရန် အထူးလိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ စာရိတ္တမဏ္ဍိုင်နှင့် ယဉ်ကျေးမှု ပြန်လည်ရှင်သန်စေရေးအတွက် အမျိုးသားရေးအစ YMBA က၊ လွတ်လပ်ရေးအစ YMBA ကအထိ ကြွေးကြော်ရလောက်သည်အထိ သမိုင်းအစဉ်အလာရှိခဲ့သည့် မျိုးချစ်အသင်းကြီးများနှင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နေကြသောအသင်းအဖွဲ့များ နိုင်ငံအနှံ့ပေါ်ပေါက်လာစေရန် မဟာဗျူဟာတစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် ရေရှည်စီမံချက်များ ရှိ၊ မရှိနှင့် လူငယ်များအား အချိန်တိုအတွင်း အသိပညာ၊ အတတ်ပညာ၊ အရင်းအနှီးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးပြီး လက်တွေ့အသုံးချတတ်မြောက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အခမဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းကျောင်းများကို မြို့နယ်အလိုက်ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း က
မေးခွန်းအား ပြည်ထဲရေး၊ သာသနာရေး၊ ပညာရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်ဆောင်ရွက်ချက်များကို စုပေါင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း။
လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအတွက် လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် လူငယ်ရေးရာမူဝါဒ ၁၆ ရပ်ကို ချမှတ်အကောင်အထည်ဖော်ရာတွင် မူးယစ်ဆေးဝါး အန္တရာယ်ကင်းရှင်းရေးလည်း ပါဝင်သည့်အတွက် ယင်းအန္တရာယ်များမှ တားဆီးကာကွယ်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ အခြေခံ ကျောင်းများ၊ အားကစားသိပ္ပံကျောင်းများ၊ လူငယ်သင်တန်းကျောင်းများအပြင် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ထားသည့် လူငယ်စင်တာများ၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ ကျင်းပပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းပေါင်း ၂၇ ကြိမ် ဆောင်ရွက်ခဲ့ပြီး လူငယ်ပေါင်း ၅၂၀၀ ကျော်ကို အသိပညာပေးဖြန့်ဝေနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် People's Health Foundation နှင့် ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများအကြား ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းစေရေး လူငယ်အသိပညာပေးပွဲများကိုလည်း ဟောပြော ပြုလုပ်ပေးရာ နှစ်စဉ် နှစ်အလိုက် လူငယ်များကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် လူငယ်များကိုယ်တိုင် တက်ကြွစွာ ပါဝင်လာစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များကိုလည်း ထိရောက်စွာ ကုသပြီး ပြန်လည်ထူထောင်ပေးရန်၊ လူငယ်များအကြား မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှု၊ မှုခင်းများ လျှော့ချရန်နှင့် အကြမ်းဖက်ခံရခြင်းမှ အကာအကွယ်ပေးရန်၊ စွဲလမ်းစေတတ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး၊ကွမ်း၊ အရက်စသည်တို့ကို လူငယ်များသုံးစွဲမှုမှ ရှောင်ကြဉ်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌပါဝင်ပြီး အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့အောက် တွင် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအထိ အဆင့်ဆင့်ဖွဲ့စည်းကာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၄၁ ကြိမ် အထူးစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက် Operation 42 ကို ၁-၄-၂၀၂၆ ရက်မှ ၃၁-၁၂-၂ဝ၂၆ ရက်အထိ စီမံချက်ကာလသတ်မှတ်ပြီး မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်လူငယ်များနှင့်ပြည်သူများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (Myanmar Anti-Narcotics Association-MANA)ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသ ကြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် နှင့် ဆိုးကျိုးများအကြောင်းကို အသိပညာပေးဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲလူငယ်များအား မူးယစ် ဆေးဖြတ် ကုသရေးစခန်းများသို့ ပို့ဆောင်ခြင်းများကို ထိုအဖွဲ့မှ လုပ်ဆောင်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း မူးယစ်ဆေးဝါးဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်ရှိဝက်ထီးကန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်နှင့် ကျိုင်းတုံမြို့၊ မန္တလေး တိုင်းဒေသကြီးရှိ မန္တလေးမြို့၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့တို့တွင် သင်တန်းများဖွင့်လှစ်ထား ရှိပြီး သင်တန်းများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဝင်ဆံ့နိုင်ရေးအတွက် အခြေအနေကောင်းများပြင်ဆင်ဖန်တီးပေးခြင်း၊ နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၄၃ ကျောင်း၊ တက္ကသိုလ်ကောလိပ် ၅ ခုတို့မှ ကျောင်းသူ ကျောင်းသားပေါင်း ၁၁,၉၄၅ ဦးတို့ကို မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆက်စပ်လူငယ်ရေးရာ ဝန်ကြီးဌာနအပါအဝင် တခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မူးယစ် ဆေးဝါးဆေးစွဲလူငယ်များအတွက် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးမှုနှင့် လူမှုဘဝပြန်လည်ဝင်ဆံ့နိုင်ရေး အစီအစဉ်များဆောင်ရွက်ပြီး အခမဲ့အသက်မွေးဝမ်း ကျောင်းပညာသင်တန်းများဖွင့်လှစ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့်ပေါင်းစပ်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်ရန်အတွက် အသေးစား ချေးငွေများနှင့် နည်းပညာပံ့ပိုးမှု လုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီး ပြင်ပလုပ်ငန်းရှင်များနှင့် ပေါင်းစပ်၍ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လူငယ်များ ဘာသာရေးနှင့်ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့အတွက် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ အသိပညာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းပေါင်းတစ်တိုင်းပြည်လုံး၌ ၂၀၄ ကြိမ်၊ လူငယ်ဖိုရမ် တစ်ကြိမ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီး လူငယ်ပေါင်း ၄၇,၁၁၉ ဦးကို ပညာပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ယဉ်ကျေးမှုကို မြတ်နိုးစေရန်နှင့် မြန်မာစာပေ ထွန်းကားစေရန်အတွက်လည်း မြန်မာစာပေရေးထုံးများ မှန်ကန်ရေးသင်တန်းများ၊ မြန်မာကဗျာရေးနည်းသင်တန်းများ၊ ထို့အတူ ကင်းထောက်သင်တန်းများ၊ လူငယ်စာပေဗဟုသုတအနုပညာပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းတို့အား မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူငယ်များ စာပေလေ့လာနိုင်ရန် စာကြည့်တိုက်များ၊ အနုပညာသင်တန်းများ၊ လက်မှုပညာသင်တန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၂၅-၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ရက်ရှည်ကာလများတွင်လည်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် အသိပညာဟောပြောပွဲများ ၇၆ ကြိမ် လူငယ်အင်အား ၁၁,၁၈၉ ဦးဖြင့် လည်းကောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ စေတနာ့ဝန်ထမ်း လူငယ်သင်တန်းများအပါအဝင် လူမှုအကျိုးပြုသင်တန်း ၉၉ ကြိမ်အား စုစုပေါင်းလူငယ်အင်အား ၂,၅၇၅ ဦးဖြင့်လည်းကောင်း၊ ကင်းထောက် သင်တန်း ၂၈ ကြိမ်အား လူငယ်အင်အား ၁,၂၁၀ ဦးဖြင့်လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ လူငယ် များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် အမျိုးသားပြတိုက်၊ မော်ကွန်းပြတိုက်၊ စစ်သမိုင်းပြတိုက်များသို့ ကျောင်းသားများအား လေ့လာရေးခရီးစဉ်များ စေလွှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အများအားဖြင့် အခြေခံပညာကျောင်းသူ ကျောင်းသားများ သွားရောက်လေ့လာပြီး မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း၊ ထို့အပြင် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို ကျင်းပပေးခြင်း၊ ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ ဓမ္မစကူးလ်သင်တန်းကျောင်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းများ ကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ မူးယစ် ဆေးဝါးအန္တရာယ် ကင်းရှင်းရေးကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ အသီးသီးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
သာသနာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပြီး တစ်နိုင်ငံလုံးရှိလူငယ်များအား ဘာသာရေးနှင့်ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သံဃနာယကအဖွဲ့များမှ တာဝန်ယူပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ YMBA အသင်းခွဲများမှ ၃၈ ဖြာ မင်္ဂလာကို ဦးစီးသင်ကြားပေးခြင်း၊ စာစစ်ဌာနဖွင့်လှစ်၍ စာမေးပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ ဘုန်းတော်ကြီးသင် သင်တန်းကျောင်း များ၊ ၃၈ ဖြာမင်္ဂလာသင်တန်းကျောင်းများ၊ ဓမ္မစကူးလ်များတွင် အခြေခံပညာကျောင်းသူ ကျောင်းသား အများအပြား ပါဝင်တက်ရောက်လျက်ရှိပါကြောင်း။
လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အထူးအလေးပေးရမည့် လူငယ် ၁၆ မျိုး သတ်မှတ်ထားရှိရာ ယင်းတို့အနက် လမ်းပေါ်နေ လေလွင့်လူငယ်များသည်လည်း အထူးအလေးပေးရမည့် လူငယ်အမျိုးအစားတွင် ပါဝင်သည့်အတွက် လူငယ်များအတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ အခမဲ့အသက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ် ခဲ့ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များနှင့် မြို့နယ်များတွင် အသက်မွေးဝမ်း ကျောင်းသင်တန်း ၇ ကြိမ်ဖွင့်လှစ်ခဲ့ရာ လူငယ် ၂၀၆ ဦး တက်ရောက်ခဲ့ကြပါကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ် မှစ၍ အထူးအလေးပေးရမည့် လူငယ်များအား အသက်မွေးဝမ်းကျောင်းပညာသင်စရိတ်ထောက်ပံ့ ပေးမှုကိုလည်း နှစ်စဉ် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် လူငယ် ၁၅၀ ဦးကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ သတ်မှတ်လူငယ်အချိုးအစားအတိုင်း ထောက်ပံ့ပေးလျက်ရှိပါ ကြောင်း၊ လူငယ်ရေးရာဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းပြီး Job Ready Skills Workshop & Career and Opportunity Fair အခမ်းအနားများကို လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန်နှင့် အလုပ် အကိုင် ပိုမိုဖန်တီးရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှေ့ဆက်၍ အဆိုပါ အထူးအလေး ထားရမည့် လူငယ်များအား အသက်မွေးဝမ်းကျောင်းပညာများ လက်လှမ်းမီ သင်ကြားနိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပုံဖော်ခြင်း၊ သာတူညီမျှအခွင့်အရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ချလုံခြုံမှုရှိစေရေးကို မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်)အရ အသက် ၁၀ နှစ်မှ ၂၀ နှစ်အတွင်းရှိ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များကိုလည်း လူငယ်သင်တန်းကျောင်း ၁၁ ကျောင်းကို ဖွင့်လှစ်ပြီး အဆိုပါကျောင်းများတွင် စောင့်ရှောက်ထားသည့် ကလေးသူငယ်အမျိုးအစား အလိုက် အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
တိုင်းဒေသကြီး ပြည်နယ်ဒေသရှိ လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ် တားဆီးရေးအတွက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အဆင့်အထိမူးယစ်ဆေးဝါးနှင့် လောင်းကစားများ ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲ ၉၇ ကြိမ်၊ စာပေစကားဝိုင်း ၃၅ ကြိမ်၊ မူးယစ် ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဥပဒေများအကြောင်းကို ဟောပြောခြင်းများကို သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ဖောက်ကားမှု မရှိစေရေးအတွက် မြို့၊ ရပ်ကွက်အတွင်း သတင်းရယူဖမ်းဆီးနိုင်ရေး စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၂၇၉ ကြိမ်၊ ဖမ်းဆီးရရှိမှု တန်ဖိုးကျပ် ၉၆.၅၄ ဘီလီယံရှိခဲ့ပါကြောင်း၊ လူငယ်များကို ဘာသာရေးနှင့်အခြေပြု မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအတွက် တိုင်းဒေသကြီး ပြည်နယ် YMBA အသင်းခွဲများဦးဆောင်ပြီး ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဓမ္မစကူးလ်သင်တန်းများ၊ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲများကျင်းပခြင်း၊ အဘိဓမ္မာသင်တန်းများဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးဘာသာချစ်မြတ်နိုးတတ်စေရန်နှင့် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်စေ ရန်အတွက် တိုင်းဒေသကြီး ပြည်နယ်များအတွင်း YMBA အသင်းကြီးများအပါအဝင် အခြားလူမှုရေး အသင်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်း များနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော လူငယ်များ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများတွင် အသက်မွေးသင်တန်း ၄၆ ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ၄ဝဝ ဦးတို့အား သင့်လျော်သည့်အလုပ်အကိုင်များ စနစ်တကျဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံးရှိလူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးတို့အတွက် YMBA ကဲ့သို့သော အသင်းကြီးများအပါအဝင် တခြားအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးရန်နှင့် နိုင်ငံအတွင်းရှိ ကျေးရွာရပ်ကွက်အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက် ရန်၊ လမ်းမှားရောက်နေသော လူငယ်များအား ချက်ချင်းအလုပ်အကိုင်ရရှိစေပြီး မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်စေရန် Auto Repair အပါအဝင် အခမဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းမျိုးစုံကို မြို့နယ်အဆင့်ထိ လျာထားဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မူဝါဒချမှတ်၍ ဆက်စပ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ NGO အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးရဲထွန်းဝင်း(သရက်ချောင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
တစ်နိုင်ငံလုံးအနေဖြင့် လက်ရှိအနေအထားသည် ကျောင်းများအကုန်လုံးဖွင့်ပြီးလုပ်မည်ဆိုလျှင် မဖြစ်နိုင်သည်ကို သိပါကြောင်း၊ ထို့ကြောင့် ဖြေကြားပေးသွားသည့် အတိုင်းလုပ်ပေးမည်ဆိုလျှင် အထူးဝမ်းသာမိပါကြောင်း၊ သို့သော် ကျောင်းများ အသေမဖွင့်ဘဲ လှုပ်ရှားကျောင်းများ၊ ရွေ့လျား ကျောင်းများတွင် နိုင်ငံအနှံ့ အောက်ခြေအထိ လူငယ်များအကြား သွားလာ၍ သင်ကြားပေးမည်ဆို လျှင် အထူးကောင်းမွန်မည်ဖြစ်ပါကြောင်း အကြံပြုခဲ့ပါသည်။
လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း က
လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အထူးသဖြင့် ကျေးလက်နေလူထုအတွင်း၌ မူးယစ် ဆေးဝါးအန္တရာယ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် Pilot Project များ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာ နေပြည်တော်ကောင်စီတွင် Pilot Project ဆောင်ရွက်မည့် ကျေးရွာများကို သတ်မှတ်ထား၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ယခု မိမိတို့ စီမံချက်ရေးဆွဲ နေသည်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုစီတွင် အနည်းဆုံး မြို့နယ်တစ်ခုထဲရှိ ကျေးရွာအနှံ့၊ ရပ်ကွက်အနှံ့ ဆောင်ရွက်ထားရန် အစီအစဉ်ရှိပါကြောင်း၊ မူဝါဒတတိယအချက်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကင်းရှင်းရေးနှင့် နောက်ထပ်အချက်များတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးလည်း ပါဝင်သည့်အတွက် ထိုလုပ်ငန်းများကို သရက်ချောင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကြီး အကြံပြုသလို ကျေးရွာအထိ၊ ရပ်ကွက်အထိ ကွင်းဆင်းဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။