စဉ့်ကိုင်မြို့နယ်၊ မြေငှားဂရန်လျှောက်ထားမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ မည်မျှကာလ အတွင်း အပြီးဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်သူလူထုအနေဖြင့် ဂရန်ရရှိရေးအတွက် ကြိုးစားရာမှာ ပိုင်ဆိုင်မှုအထောက် အထား တစ်ရပ် အနေဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်များတွင် ချေးငွေလျှောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပြုရန်အတွက်လည်းကောင်း အသုံးဝင်သလို နိုင်ငံတော်အတွက် အခွန်ငွေရရှိသော လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်နှင့်ပြည်သူ အပြန်အလှန် အကျိုးပြုသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ယနေ့စဉ့်ကိုင်မြို့နယ်မှာ ယခင်ကဂရန်လျှောက်ထားရာမှာ သက်ဆိုင်ရာအထောက် အထားများနှင့်အတူ ခရိုင်ကော်လိတ္တော်အရာရှိထံ လိပ်မူ၍လျှောက်ထားပြီး မြို့နယ်၊ ခရိုင်တွေက ကွင်းဆင်းပြီး သတ်မှတ်အထောက်အထားနှင့် ပြည့်စုံတဲ့အမှုတွဲတွေကို ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ္တော်အရာရှိ မှ မြို့မြေ၊ ရွာမြေ၊ အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့ မြေဧရိယာ ၁ ဧကအထိကို ခရိုင်အုပ်ချုပ်ရေးမှူးမှလည်းကောင်း ခွင့်ပြုပေးပါကြောင်း၊ ၁ ဧကမှ ၅ ဧကအထိကို တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးကနေပြီးတော့ တိုင်းဒေသကြီး အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးပါကြောင်း။
မြေဧက ၅ ဧကနှင့်အထက်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ထောက်ခံတင်ပြပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၁ နည်းဥပဒေခွဲ(ခ)အရလည်းကောင်း၊ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ ၉ တို့အရလည်းကောင်း မြေငှားဂရန်များ မြေဧရိယာအလိုက် အဆင့်ဆင့်ချထားဆောင်ရွက်ပေးနေကြောင်း လေ့လာသိရှိရပါကြောင်း၊ ယခုအခါ မြေငှားဂရန်များ လျှောက်ထားရာမှာ ဒသမ ၂၀ လောက်ဖြစ်လည်း စက်မှုစီပွားဂရန်မှန်သမျှ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအထိတင်ပြပြီးမှသာလျှင် ခွင့်ပြုပေးနေခြင်းပဲဖြစ်ပြီး ဂရန် လျှောက်ထားလိုသူများအတွက် မလိုလားအပ်သော အချိန်ကြန့်ကြာမှုများမဖြစ်စေရန်နှင့် နိုင်ငံတော် အတွက် အခွန်အခများရရှိစေရန်ရည်ရွယ်လျက် ယခင်လျှောက်ထားခွင့်ပြုသည့်ပုံစံအတိုင်း ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ပြည်ထောင်စုအဆင့်တို့မှ သတ်မှတ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ ယခင် အတိုင်း ခွင့်ပြုပေးသင့်ပါကြောင်း ။
ပြည်သူတွေသည် ဂရန်လျှောက်ထားတဲ့အခါမှာ ပြည့်စုံတဲ့အမှုတွဲတွေကို အားနည်းချက်ရှာပြီး တစ်ခါသွားတွေ့လျှင်လိုအပ်ချက်တစ်ခါတောင်းနေတာကိုလည်း မဖြစ်စေချင်ပါကြောင်း၊တစ်ခါသွားတွေ့ လျှင် တစ်ခါရစ်နေတာဖြစ်လို့ ဂရန်လျှောက်ထားခြင်းလုပ်ငန်းများသည် နှစ်ပေါင်းများစွာကြာမြင့် ရခြင်း၏ အဓိကအချက်တစ်ချက်ဖြစ်ပြီး ပြည်သူတွေစိတ်ချမ်းသာအောင်လည်း ဝန်ဆောင်မှုပေးရန် တင်ပြလိုပါကြောင်း၊ နိုင်ငံတော်အခွန်ရအောင်လည်း အခွန်ကောက်ပေးကြရန်လည်း လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တိုက်တွန်းတင်ပြလိုပါကြောင်း၊ စဉ့်ကိုင်မှာ ရက် ၁၀၀ အတွင်း စီမံချက်နှင့် မြေငှားဂရန် ကျေးရွာတွေလုပ်ပေးတာကိုလည်း နိုင်ငံတော်နှင့်တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊ စဉ့်ကိုင်မှာဆိုရင် ရန်အောင်မြေရပ်ကွက်သည် ကွက်ကျဲ၊ ကွက်စိတ် တိုင်းတာဆောင်ရွက်ပြီး အစိုးရစီမံခန့်ခွဲခွင့်ရှိသောမြေဖြစ်ပါကြောင်း၊ မြေ Slip တွေ၊ မြေပေးမိန့်တွေ၊ မြို့နေရာချထားကော်မတီရဲ့ ခွင့်ပြုစာတွေရှိပြီး အမည်ပေါက်တွေ၊ သေဆုံးသူတွေ ရှာမတွေ့ရင် ဂရန်လျှောက်ထားခွင့်မရှိတဲ့အတွက် အခွင့်အရေးတွေ နစ်နာပြီး မူဝါဒတွေ၊ စံသတ်မှတ်ချက်တွေကို ထိုက်သင့်သလောက် ဖြေလျှော့ပေးရန် လေးစားစွာတင်ပြရခြင်းဖြစ်ပါကြောင်း။
ဂရန်လျှောက်ထားသူများအတွက် မလိုလားအပ်သော အချိန်ကြန့်ကြာမှုများမဖြစ်စေရန် နိုင်ငံတော်အခွန်အခများရရှိစေရန်ရည်ရွယ်လျက် ယခင်လျှောက်ထားခွင့်ပြုသည့်ပုံစံအတိုင်း ခရိုင် အဆင့်၊ တိုင်းအဆင့်၊ ပြည်ထောင်စုအဆင့်တို့မှ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခင်အတိုင်း ခွင့်ပြုပေးနိုင်ခြင်း ရှိ မရှိနှင့် ခွင့်ပြုပေးမည်ဆိုပါက ပြည့်စုံသောဂရန်အမှုတွဲများအား ရက်ပေါင်းမည်မျှ ကာလအတွင်း အပြီးဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုပါကြောင်းနှင့် မပြည့်စုံသော အမှုတွဲများအား စံသတ်မှတ်ချက်များဖြေလျှော့ပြီးတော့ မြို့ပေါ်ရပ်ကွက်များအား နှစ်အလိုက်စီမံချက်ဖြင့် လွယ်ကူ လျင်မြန်စွာ ထုတ်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက
မန္တလေးတိုင်းဒေသကြီးအတွင်း မြေငှားရမ်းခနှုန်းထားများကို မြို့နယ်အလိုက် မြေတန်ဖိုး ဇုန်နှုန်းများအပေါ်မူတည်၍ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ထားသည့် လူနေထိုင်ရန်ဖြစ်ပါက ၆ ရာခိုင်နှုန်း၊ စီးပွားရေး အတွက်ဖြစ်ပါက ၁၂ ရာခိုင်နှုန်းဖြင့် စည်းကြပ် ကောက်ခံခြင်းတွေကို ဆောင်ရွက်လျက်ရှိပါကြောင်း။
မြေငှားဂရန်များ ခွင့်ပြုထုတ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ တိုးမြှင့်ရရှိ နိုင်သည့်အပြင် မြေအသုံးပြုသူများအနေနဲ့လည်း တရားဝင်အထောက်အထားဖြစ်သည့် မြေငှားဂရန်ရရှိ ခြင်းအားဖြင့် မြေငှားဂရန်စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ပိုင်ဆိုင်မှုလွှဲပြောင်းပေးခြင်းနှင့် အမွေဆက်ခံပေးကမ်းပိုင်ခွင့်များကိုရရှိမှာဖြစ်ပါကြောင်း၊မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်းပြီးအငြင်းပွားမှုများ လျော့နည်းလာခြင်း၊ မြေငှားဂရန်စာချုပ်များကို အထောက်အထားပြုပြီးတော့မှ သက်ဆိုင်ရာ ဘဏ်များနှင့်ချိတ်ဆက်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ခြင်း၊ နိုင်ငံတော်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက် ရရှိလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးတွေလည်း ရရှိနိုင်မှာဖြစ်ပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အစိုးရကစီမံခန့်ခွဲခွင့်ရှိသော မြေများဖြစ်သည့် မြို့မြေ၊ ရွာမြေ၊ အခြားမြေအမျိုးအစားတစ်ခုခုမှ အစိုးရကစီမံခန့်ခွဲခွင့်ရှိသော မြေအဖြစ်သို့ရောက်ရှိနေသည့်မြေများကို လူနေထိုင်ရန်မြေငှားဂရန်များနှင့် စက်မှုစီးပွားရေးလုပ်ငန်း များအတွက် စက်မှုစီးပွားမြေငှားဂရန်များကို အထက်မြန်မာနိုင်ငံမြေနှင့်အခွန်နည်းဥပဒေ ၅၁ နည်းဥပဒေခွဲ(ခ)နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ ၉ တို့အရ ခွင့်ပြုထုတ်ပေး လျက်ရှိပါကြောင်း၊လူနေထိုင်ရန်မြေငှားဂရန်များ သို့မဟုတ် စက်မှုစီးပွားမြေငှားဂရန်များ ခွင့်ပြုထုတ်ပေး တဲ့အခါမှာ လျှောက်ထားမြေများအတွင်းမှာ ဆောက်လုပ်ထားသည့်အဆောက်အဦသည် ခိုင်ခံ့ပြီးတော့ တာရှည်ခံ အဆောက်အဦဖြစ်တယ်ဆိုလျှင် အထက်မြန်မာနိုင်ငံမြေနှင့်အခွန်နည်းဥပဒေ ၅၁ နည်းဥပဒေခွဲ(က) နည်းဥပဒေခွဲငယ်(၁)၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ ၇ နှင့် အောက်မြန်မာနိုင်ငံမြေနှင့်အခွန်နည်းဥပဒေ ၃၇ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေ ၃၇ နည်းဥပဒေခွဲ(ခ) တို့အရ နှစ် ၃၀ မြေငှားဂရန်ကိုလည်းကောင်း၊ ဆောက်လုပ်ထားသည့်အဆောက်အဦသည် ခိုင်မာမှု မရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၅၁ နည်းဥပဒေခွဲ(က) နည်းဥပဒေခွဲငယ်(၂)၊ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ ၈ အရ ၁၀ နှစ်မြေငှားဂရန်ကိုလည်းကောင်း ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း။
မြေငှားဂရန်ခွင့်ပြုပေးနိုင်ရေးအတွက် သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အချက်အလက်ပြည့်စုံစွာဖြင့် လျှောက်ထားလာမယ်ဆိုရင် အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီး လျှောက်ထား မြေနေရာသည် မြေငှားဂရန်ခွင့်ပြုထုတ်ပေးနိုင်သည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ ဟုတ် မဟုတ် မြေစာရင်းဦးစီးဌာန၏ မြေရာဇဝင်စိစစ်ချက်ရယူခြင်း၊ လမ်းနယ်နိမိတ်နှင့်လွတ်ကင်းမှု ရှိ မရှိ၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာအဖွဲ့များ၏ ထောက်ခံချက်များရယူခြင်း၊ မြေနေရာတည်ရှိမှုအပေါ် မူတည်ပြီး တခြားဆက်စပ်ဌာနများ၏ သဘောထားများရယူခြင်း၊ သက်ဆိုင်ရာဌာနများနှင့် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းတို့ဆောင်ရွက်ရပါကြောင်း၊မြေငှားဂရန်လျှောက်ထားသည့်မြေသည်မြေပိုင်ဆိုင်မှု ခိုင်မာသည့်အပြင် အငြင်းပွားမှုမရှိသည့်မြေနေရာဖြစ်မယ်ဆိုရင် မြေဧရိယာ ၁ ဧက အထိကို ခရိုင်အုပ်ချုပ်ရေးမှူးမှ ၃၂ ရက်အတွင်းမှာလည်းကောင်း၊ မြေဧရိယာ ၁ ဧက အထက်မှ ၅ ဧက အထိကို နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ၄၈ ရက်ဖြင့် လည်းကောင်း၊ မြေဧရိယာ ၅ ဧကနှင့်အထက်ကို ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ၇၃ ရက် ဖြင့်လည်းကောင်း တည်ဆဲမြေယာစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေငှားဂရန်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။
စက်မှုစီးပွားမြေငှားဂရန်လျှောက်ထားသည့် မြေဧရိယာအများစုမှာ လယ်ယာမြေများအား တခြားနည်းအသုံးပြုရန် ခွင့်ပြုထားသည့်မြေနေရာများ ဖြစ်ပြီး မြေငှားဂရန်အမည်ပြောင်းခြင်း၊ လုပ်ငန်းအမျိုးအစားပြောင်းခြင်းတို့ကို တည်ဆဲမြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ခွင့်ပြုပေးသည့်နည်းလမ်းများအတိုင်း လုပ်ငန်းဆောင်ရွက်မှု မရှိခြင်း၊ မြေငှားဂရန်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် မြေငှားဂရန်များ ပယ်ဖျက်ခြင်း၊ အရေးယူခြင်းများဆောင်ရွက်ရတဲ့ဖြစ်စဉ်တွေလည်းရှိပါကြောင်း။ စက်မှုစီးပွားမြေငှား ဂရန်လျှောက်ထားတဲ့မြေများမှာ လုပ်ငန်းအမှန်တကယ်ဆောင်ရွက်နေမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝအတွက် အထောက်အကူပေးနိုင်မှု၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှုတို့အပေါ်မူတည်ပြီး စိစစ်ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း ။
သို့ဖြစ်ပါ၍ လူနေထိုင်ရန်အတွက် မြေငှားဂရန်လျှောက်ထားမှုများအပေါ် မြေပိုင်ဆိုင်မှု ခိုင်မာ သည့်အပြင် အငြင်းပွားမှုမရှိသည့် မြေနေရာများဖြစ်ပါက တည်ဆဲမြေယာစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ကာလအတွင်း မြေငှားဂရန်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ၊ စက်မှုစီးပွားမြေငှားဂရန်များလျှောက်ထားတဲ့မြေများသည် လုပ်ငန်းအမှန်တကယ် ဆောင်ရွက်နေမှု၊ အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှုတို့ အပေါ်မူတည်ပြီး ခွင့်ပြုသည့်နည်းလမ်းများအတိုင်း အသုံးပြုပါက တည်ဆဲမြေယာစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်မဲဆန္ဒနယ်) က ဆက်စပ်မေးမြန်းခဲ့ပါသည်။
ဒုတိယဝန်ကြီးကတော့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေပဲ ဖြေကြားသွားတာကို စာရွက်ပေါ် စီးချင်း ထိုးတာတော့ အဆင်ပြေနေပါကြောင်း၊ ပြည်သူတွေမျှော်လင့်တဲ့အဖြေမဟုတ်တဲ့အတွက်ကြောင့် မေးတာနဲ့ဖြေတာလည်း နည်းနည်း Alignment မကိုက်တဲ့အတွက် ဆက်စပ်မေးခွန်း ပြန်လည်တင်ပြ ခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ဒသမ ၂၀ လောက်လျှောက်လည်း နေပြည်တော်အထိ လာနေရ ကြောင်း၊ နည်းဥပဒေ ၅၁ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေ ၉ တို့အရ ခရိုင်မှာ ၁ ဧက၊ တိုင်းမှာ ၅ ဧက၊ ညွှန်ကြားရေးမှူးချုပ်ဆီမှာ ၅ ဧကအထက်ကို ခွင့်ပြုပေးကြောင်း၊ အဲဒီဥပဒေအတိုင်း ယခင်တုန်းက ပေးခဲ့ပြီး ခွင့်ပြု မပြု ပြည်သူက သိချင်လို့မေးခြင်းဖြစ်ပါကြောင်း၊ အဖြေနဲ့အမေးနဲ့ Alignment မကိုက်တာလေးကို ထပ်ဆင့်ပြီးတော့ တင်ပြခြင်းဖြစ်ပါကြောင်း ၊ အရေးကြီးတာက မြေရာဇဝင်အရှုပ် အရှင်းမရှိဘဲနဲ့ နှစ်ပေါင်းများစွာကြာသော ဂရန်အမှုတွဲပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့တဲ့အမွေဆိုးတစ်ခုသည် ယနေ့အစိုးရအဆက်ဆက် သယ်ဆောင် လာတာ ယနေ့ဆိုရင် ရာစုနဲ့ချီနေပါပြီဖြစ်ကြောင်း၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကတော့ ကောင်းပါကြောင်း၊ လွယ်နေတာကို ခက်အောင်လုပ်နေတဲ့ လူတချို့ ကြောင့်သာ ကြန့်ကြာနေခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ မြေရာဇဝင်အရှုပ်အရှင်းကင်းတဲ့ ကော်မတီ တစ်ခုဖွဲ့ပြီးတော့ အဲဒီဂရန်အမှုတွဲ တွေကို စံသတ်မှတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကိုတော့ နားလည်ပါကြောင်း၊ ယခုအစိုးရလက်ထက်မှာ ဖြေလျှော့ပြီး စီမံချက်ဆွဲပြီးတော့ ဂရန်တွေရရှိရေး အတွက် ဆောင်ရွက်ပေးမယ်ဆိုရင် ခေတ်အဆက်ဆက်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတွဲတွေက ဒီအစိုးရ လက်ထက်မှာ နှစ်အလိုက် စီမံချက်တွေကို ဆောင်ရွက်ပေးလို့ ရ မရဆိုတဲ့ မေးခွန်းမေးခြင်းပဲဖြစ်ပါ ကြောင်း၊ နှစ်ခုစလုံးက Alignment မကိုက်တဲ့အတွက် ဒါတွေကို ဖြေလျှော့ပေးနိုင်လျှင် ကျွန်တော်တို့ အစိုးရလက်ထက်မှာ ကောင်းမွန်သော အဖြေတစ်ခု၊ မရှင်းနိုင်ခဲ့တဲ့အမှုတွဲတွေကို ဖြေရှင်းနိုင်မယ်လို့ ယူဆပါကြောင်း၊ ဒီမေးခွန်းနှစ်ချက်ကို ပြန်လည်ပြီးတော့ ထပ်ဆင့်ပြန်လည်ဖြေကြားပေးသင့်ပါကြောင်း ဆက်စပ်မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက
ကျွန်တော်တို့ရဲ့ကော်လိတ္တော် အရာရှိတွေမှာ သက်ဆိုင်ရာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ရှိပါကြောင်း၊ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ အမှုတွဲတွေမှာ ကျွန်တော်တို့က တင်ပြတဲ့အပေါ်မှာ မူတည်ပြီး ခွင့်ပြုဆောင်ရွက်ပေးခိုင်းထားပါကြောင်း၊ သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသလို ဘယ်အမှုတွဲက ဘယ်လောက်မှာကြန့်ကြာနေလဲ တိတိကျကျ ပြောရန်လိုကြောင်း၊ အကြမ်းဖျင်းပေါ်မှာမူတည်ပြီးတော့ ဖြေကြားရမယ်ဆိုရင် နည်းဥပဒေ အပေါ်မှာပဲဖြေကြားပေးလို့ရပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ကိုယ့်နယ်မြေမှာ ဘယ်လောက်ထိ အမှုတွဲတွေများနေလဲ ဒီအမှုတွဲတွေက ကျွန်တော်တို့ကို တိတိကျကျ ဆောင်ရွက်ပေးမှသာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာကော်လိတ္တော်အရာရှိတွေကို သူ့ရဲ့ခရိုင်အဆင့် ၊ တိုင်းဒေသကြီးအဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်ပေါ်မှာမူတည်ပြီးတော့မှ ညွှန်ကြားချက်ကိုပေးနိုင်မှာဖြစ်ပါကြောင်း။
နောက်တစ်ခုကလည်း စက်မှုစီးပွားဂရန်တွေ ကျွန်တော်ခုနကတင်ပြတဲ့အထဲမှာလည်း ပါပြီးသား ဖြစ်ပါကြောင်း၊ မြေငှားဂရန်ထုတ်ပေးတဲ့အခါမှာ သူ့ရဲ့ စီမံချက်ချပြီးတော့မှ တချို့နေရာတွေမှာ ဆောင်ရွက်တာရှိပါကြောင်း၊ စီမံချက်က မြို့နယ်တိုင်းကို ဆောင်ရွက်ပေးလို့မရပါကြောင်း၊ နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေ အပေါ်မှာ ကျွန်တော်တို့က ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်တွေရှိပြီး အိမ်ပိုင်ဆိုင်မှုနှင့် သာမန်လူ တစ်ယောက်ရဲ့ အိမ်ပိုင်ဆိုင်ရဲ့ မြေငှားဂရန်နှင့်စပ်လျဉ်း၍ ခွင့်ပြုချက်က မခဲယဉ်းပေမယ့် စက်မှု စီးပွားဂရန်လိုဟာမျိုးမှာ ဆောင်ရွက်တဲ့အခါမှာ တကယ် နိုင်ငံတော်ရဲ့ စက်မှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အတွက် တကယ်မှန်ကန်ရဲ့လား ပြန်စစ်ဆေးရပါကြောင်း၊ စိစစ်ပြီးတော့မှ ဒီမြေသည် စက်မှုစီးပွားဂရန်ထုတ်ပေးနိုင်ခြင်း ရှိ မရှိဆိုတဲ့ ခွင့်ပြုချက်အပေါ်မှာ မူတည်ပြီးတော့ ထုတ်ပေးခြင်းဖြစ်တဲ့အတွက် ဒီပေါ်မှာ နည်းဥပဒေကိုသာ သီးသန့်ထားပြီး ဖြေရှင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။