MY EN

(ခ)- ဦးတင့်ဝေ[ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်]

2026-10-02
တတိယအကြိမ်
အလုပ်သမားဝန်ကြီးဌာန
မေးခွန်း
ဦးတင့်ဝေ (ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ခဲ့သူများအနက် ဆန္ဒရှိသူများအား ပြည်ပအလုပ်အကိုင် ရရှိရေး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၁)အထိ သင်တန်းပြီးဆုံးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းပြီးသူများသည် ယခုအခါ နိုင်ငံတော်မှ ကာကွယ် ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ပြည်ပအလုပ်သမား များစေ လွှတ်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်၏ လူ့စွမ်းအားကို စနစ်တကျ အသုံးပြုရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနက် ပြည်သူ့စစ်မှုထမ်း တက်ရောက်၍ ပြည်သူ့စစ်မှု ထမ်းတာဝန်ကျေပွန်သူများကို အလားတူ ပြည်ပသို့ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဤသို့ဖြင့် အဆိုပါပုဂ္ဂိုလ်များအနေဖြင့် ပြည်ပအတွက် အတွေ့အကြုံနှင့် ပြည်ပအလုပ်အကိုင် လုပ်ကိုင်နိုင်မှုအတွေ့အကြုံကောင်းများရရှိခြင်း၊ ၎င်းတို့မိသားစု အလုပ်အကိုင်၏ ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်သလို နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေများ တစ်ဖက်တစ် လမ်း မှ  ရရှိစေမည်ဖြစ်ပါကြောင်း။ 

          မိမိနေဖြင့် ယခု ကြယ်ပွင့်ပြမေးခွန်းမေးမြန်းရသည့်ရည်ရွယ်ချက် မှာ -

          (၁)     ပြည်သူ့စစ်မှုထမ်းကာလ တာဝန်ကျေပွန်ပြီး ဆန္ဒရှိသူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိပေးနိုင်စေရန်၊ 

          (၂)      ပြည်သူ့စစ်မှုထမ်းများကို ပြည်ပအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရသူများ၏ လူမှုဘဝတိုးတက်ဖွံ့ဖြိုးလာစေရန်၊ 

          (၃)     ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပြီးသူများ၏ ဘဝအာမခံချက် ကောင်းမွန်စွာရရှိစေရန်တို့ ဖြစ်ပါကြောင်း။

          မိမိအနေဖြင့် တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့မှုအတွေ့အကြုံ အရ တရုတ်နိုင်ငံတပ်မ တော်သားများအတွက် တာဝန်ထမ်းဆောင်သည့်ကာလများ၊ တာဝန်ထမ်း ဆောင်ပြီးနောက်ပိုင်းတွင် တရုတ်အစိုးရအနေနှင့် ၎င်းတို့၏လူမှုဘဝပြည့်စုံစွာ ဆောင်ရွက်ပေးထားခြင်းများကို အကျဉ်းချုပ် ဆွေးနွေးတင်ပြလိုပါကြောင်း၊ တရုတ်နိုင်ငံသည် ဝမ်ချိုင်းမူဝါဒကြောင့် ကျေးလက်ဒေသများရှိမိဘ များအနက် သားပြည်သူတစ်ဦးသည် စစ်မှုထမ်းသည့်အတွက် မိဘနှစ်ဦး၏ မိသားစုစီးပွားရေး လုပ်ကိုင်ရာတွင် အားဖြည့်ဆောင်ရွက်ပေးသူမရှိတော့သည့်အတွက် အောက်ခြေကျေးလက် အာဏာပိုင်အဖွဲ့အစည်းများသည် ကျေးလက်နေအိမ်ထောင်စုများက အဆိုပါစစ်မှုထမ်း၏ မိသားစု စီးပွားရေးလုပ်ငန်းများကို ကူညီလုပ်ကိုင်ဆောင်ရွက်ရန် စီမံပေးလျက်ရှိပါကြောင်း၊ စစ်မှုထမ်း ၁၀ နှစ် ပြည့်၍ အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်မှ အနားယူသူများကို ပြည်နယ်အစိုးရမှ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရပါကြောင်း၊ စစ်မှုထမ်းသက် နှစ် ၂၀ ပြည့်ပြီးသူများကို လည်း ဗဟိုအစိုးရက တာဝန်ယူ၍ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရသည်ကို တွေ့ရပါ ကြောင်း၊ ထို့အပြင် စစ်မှုထမ်းဆဲကာလတွင် တရုတ်ကွန်မြူနစ်ပါတီ Transgenic အထိမ်းအမှတ် နှင့် တရုတ်ပြည်သူလူထုနှင့် တပ်မတော် Transgenic အထိမ်းအမှတ်အဖြစ် ငွေကြေးများ နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

          ခရီးသွားစရိတ်အနေနှင့်လည်း စစ်မှုထမ်းဆဲကာလတွင် အပျို၊ လူပျို စစ်မှုထမ်းဆောင်သူတို့ အနေဖြင့် မိဘရပ်ထံသွားလာလျှင် ကြည်း၊ ရေ၊ လေ ခရီးစရိတ်ကို တစ်ဝက်နှုန်းဖြင့် နိုင်ငံတော် စရိတ်ဖြင့် ခရီးသွားလာခွင့်ရရှိပါကြောင်း၊ ၎င်းသည်လည်း နိုင်ငံ့ဝန်ထမ်းအားလုံး တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ စစ်မှုထမ်းစဉ် နိုင်ငံ့ဝန်ထမ်းများနှင့် အိမ်ထောင်သည်များ ဆိုလျှင် လည်း တစ်ဦးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် မိမိဇနီး၊ ခင်ပွန်းတို့သည် တစ်ကြိမ် နိုင်ငံတော် စရိတ်ဖြင့် ခရီးသွားလာခွင့် ခံစားစေရပါကြောင်း၊ နှစ်ဦးစလုံးဝန်ထမ်းဖြစ်လျှင် နှစ်ကြိမ် နိုင်ငံတော်စရိတ်ဖြင့် ခရီးသွား လာခွင့် ရရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်လည်း ၂၀၀၃-၂၀၀၄ ခုနှစ်ပတ်ဝန်းကျင်တွင် မြန်မာ့ စီးပွားရေးဦးပိုင်လီမီတက်မှ စစ်မှုထမ်းတို့၏သားသမီးများကို ပြည်ပသို့ အလုပ်အကိုင်ရရှိရေး စေလွှတ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံခြားသွားရန် ကုန်ကျစရိတ်ကို ဦးပိုင်က ကြိုတင်စိုက် ထုတ်ပြီးမှ ၎င်းတို့၏လစာငွေရရှိမှ အချိုးကျပေးသွင်းစေခြင်းမျိုးလည်းရှိခဲ့ပါကြောင်း။

          မိမိတို့နိုင်ငံသည်လည်း စစ်မှုထမ်းအပါအဝင် နိုင်ငံသားများအနက် ယခုအချိန်၌ စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားများသည် မိမိတို့ကိုယ်ပိုင်ဆန္ဒအရ ပြည်သူ့ စစ်မှုထမ်းတာဝန် ထမ်းဆောင် နေကြပြီဖြစ်ပါကြောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်၍ နေရပ်သို့ ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းများကိုလည်း ၎င်းတို့ဒေသရှိ မိဘပြည်သူများသည် ဂုဏ်ပြု ကြိုဆိုရသည် အထိ အသိအမှတ်ပြုလျက်ရှိပါကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန် ကျေပွန်စွာ ထမ်း ဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများကို အသိအမှတ်ပြု ဂုဏ်ပြုပေးသည့်အနေဖြင့် အလုပ်အ ကိုင်အခွင့်အလမ်း ဖန်တီးပေးသင့်ပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင်နှင့် ပြည်ပအလုပ်အကိုင် များကို မိသားစုဝင်ငွေပိုမိုရရှိစေရန်နှင့် နိုင်ငံ့အတွက် နိုင်ငံခြားသုံးငွေ ပိုမိုရရှိရန်အတွက် တာဝန်ကျေ ပြီး ပြည်သူ့စစ်မှုထမ်းများအနက် ဆန္ဒရှိသူများကို နိုင်ငံတော်မှ ပြည်ပအလုပ်အကိုင် ရရှိရန် ဖန်တီးပေးသင့်ပါကြောင်း၊ ယခုလို နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ချင်သူများကိုလည်း စည်းရုံးသိမ်းသွင်းပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အနက်မှ ဆန္ဒရှိသူများကို ပြည်ပအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း က 

နိုင်ငံတော်အနေဖြင့် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး အတွက် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ စီမံခန့်ခွဲမှုကော်မတီ၏အောက်တွင် လေ့ကျင့်သင်ကြားရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ပြည်တွင်း အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၊ ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်း ကော်မတီ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသည် လက်တွေ့အသုံးချနိုင်ရေး ရင်းနှီးမြှုပ်နှံမှု ထုတ်ချေးရေးလုပ်ငန်းကော်မတီနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း တာဝန်ပေးအပ်၍ ပြည်တွင်း ပြည်ပတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ကာလပြည့်မြောက်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သူ များအနက် ပြည်ပတွင် အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသူများသည် ပြည်ပအလုပ်အကိုင်ရရှိရန်အတွက် စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့် ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီမှ ဆောင်ရွက်လျက်ရှိ၍ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေး၊ ဝန်ဆောင်ခများ သက်သာစေရေး သို့မဟုတ် အလုပ်ရှင်၏ ကုန်ကျ စရိတ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနအနေနှင့် မြန်မာ နိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် ပြည်ပအလုပ်အကိုင် အကျိုး ဆောင် လိုင်စင်ရအေဂျင်စီများအနက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ပြည်ပအလုပ်အကိုင် အကျိုး ဆောင် လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်ညှိနှိုင်း၍ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ အလုပ်အကိုင် ဆိုင်ရာ အချက်အလက်များ စာရင်းပြုစုခြင်း၊ သွားရောက်လိုသည့်နိုင်ငံအပေါ်မူတည်၍ အရည်အ ချင်း စစ်ဆေးခြင်း၊ ကျွမ်းကျင်မှုသင်တန်းများပို့ချခြင်း၊ ပြည်ပသို့ စေလွှတ်ရေးလုပ်ငန်း စဉ်များအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ်များနှင့် အညီဆောင်ရွက် ၍ ပြည်ပသို့ စေလွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအနက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများရှိ၍ ထိုင်းနိုင်ငံသို့ ၁၅ ဦး၊ မလေးရှားနိုင်ငံသို့ ၂၂ ဦး၊ ကိုရီးယား နိုင်ငံ သို့ ၂ ဦး၊ ဂျပန်နိုင်ငံသို့ ၇ ဦး စုစုပေါင်း ၄၆ ဦးဆန္ဒပြုထားပါကြောင်း၊ မလေးရှားနိုင်ငံ သို့ ဆန္ဒပြုထားသူများအနက် မလေးရှားနိုင်ငံအလုပ်ရှင်ဖြင့် ချိတ်ဆက်ပြီး လူတွေ့စစ်ဆေးအောင်မြင် ပြီးသူ ၆ ဦးရှိပါကြောင်း၊ မလေးရှားနိုင်ငံသို့ အဆိုပြုထားသူ ၉ ဦးအနက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ဦးလှိုင်ဝင်းထွဋ် သည် Golden Plant Services Co.,Ltd ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံစက်ရုံတွင် ပြည်ပအလုပ်အကိုင်ရရှိသဖြင့် ၎င်းအတွက် စေလွှတ်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ပြည်ပအလုပ်အကိုင်အတွက် မလေးရှားနိုင်ငံသို့ ဆန္ဒပြုထားသည့် ၂၂ ဦးအနက် မလေးရှားနိုင်ငံရှိ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းသို့ ကုန်ကျစရိတ်အခမဲ့ဖြင့် သွားရောက်လိုသောကြောင့် လူတွေ့ လာရောက်ဖြေဆိုသူ ၈ ဦးရှိရာ ၎င်းတို့အနက် ၃ ဦးသည် ဆေးစစ်ချက်မအောင်မြင်သည့်အတွက် ဆေးစစ်အောင်မြင်သည့် ကျန် ၅ ဦးကို Calling Visa လျှောက်ထားခြင်းများ ဆောင်ရွက် လျက်ရှိ ပါတကြောင်း၊ Calling Visa များရရှိပြီးလျှင် အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပထွက်ခွာသင်တန်းတက်ရောက်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ်ပြားထုတ်ပေးခြင်း၊ စေလွှတ်ခွင့်တင်ပြခြင်းစသည့် စေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အလားတူ ထိုင်းနိုင်ငံသို့ အဆိုပြုထားသူများကိုလည်း ထိုင်းနိုင်ငံ၊ CP Axtra Public Co.,Ltd (ကုန်တိုက်လုပ်ငန်း)သို့ စေလွှတ်နိုင်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သူများအနက် ပြည်ပအလုပ်အကိုင်လုပ်ကိုင်လိုကြောင်း ဆန္ဒပြုသူများအနက် အလုပ်သမားများကို ပြည်ပသို့ဘေးကင်း လုံခြုံစွာဖြင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ပအကျိုး ဆောင်လိုင်စင် ရရှိထားသည့် အေဂျင်စီများနှင့်  ပြည်ပသို့ စနစ်တကျစေလွှတ်ခြင်းဖြင့် ဘေးကင်း လုံခြုံသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်၍ စစ်မှုထမ်းကာလပြည့်မြောက်၍ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အနက် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေး လျက်ရှိပြီး မလေးရှားနိုင်ငံ သို့ ၆ ဦး စေလွှတ်နိုင်‌ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုင်းနိုင်ငံ အတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။