MY EN

(စ)-ဦးနိုင်ဝင်း(ဓနုဖြူမဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးနိုင်ဝင်း (ကျောက်တန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာထိပ်မှ အလမျိုးအခြေခံပညာအထက်တန်းကျောင်းရှေ့ထိ လမ်းပိုင်း အား ပြန်လည်အဆင့်မြှင့်ပြင်ဆင်ပေးနိုင်ခြင်း အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာရှိ ကွန်ကရစ်လမ်းသည် ယခင်က ဒိစတိတ်ကောင်စီ လမ်းဖြစ်ပြီး ယခင်အခါ စည်ပင်သာယာရေးဝန်ကြီးဌာနမှ တာဝန်ယူခဲ့သည့်လမ်းတစ်ခု ဖြစ်ပါကြောင်း၊ ၂၀၁၀  ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်များက အ.ထ.က အလမျိုး ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ကျောင်းဆင်း ကျောင်းတက် အဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေးရုံးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်ခဲ့သည့်အတွက် ယနေ့ထိဆိုပါက ၁၆ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ဓနုဖြူ မြို့ပေါ်နှင့် ၅ မိုင်ဝေးပြီး ရန်ကုန်-ဟင်္သာတကားလမ်းမကြီးနှင့် ထိပ်တိုက်ထိတွေ့သည့် ကွန်ကရစ်လမ်းဖြစ်ပါကြောင်း၊ ယခင်အခါက ၎င်းလမ်းပိုင်းကို အားပြု၍ ပညာရေးအတွက် အသုံးပြုခြင်း၊ ဒေသထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဒေသအတွင်းသို့ ပြင်ပမှ စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများ သယ်ပို့ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခြင်းတို့ဖြင့် အဆင်ပြေ ချောမွေ့ခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါကွန်ကရစ်လမ်းသည် ယိုယွင်းပျက်စီးနေပြီ ဖြစ်ပါကြောင်း။ 

အဆိုပါကွန်ကရစ်လမ်းဖြစ်သည် အလမျိုးကျေးရွာ ရွာထိပ် ကားလမ်းဆုံမှ အလမျိုး အ.ထ.က ရှေ့အထိ အရှည် ပေ ၂,၀၀၀၊ အကျယ် ၁၂ ပေ၊ ထုထည် ၉ လက်မ ရှိသည့် ကွန်ကရစ်လမ်းအား ပြန်လည်၍အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ အဆင့်မြှင့်တင် ဆောင်ရွက်ပေး မည် ဆိုပါက ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ ၇၅၀ ဦး၊ ရွာခွဲ ပေါင်း ၂၀ ရွာ၊ လူဦးရေ ၁၂,၅၀၄ ဦး ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဘဝများ အစစအဆင်ပြေ မည်ဖြစ်ပါ သဖြင့် ဒေသခံပြည်သူများ မျှော်လင့်ချက်အား မည်ကဲ့သို့ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာအဝင်လမ်းထိပ်မှ အလမျိုးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းအထိ ဆက်သွယ်သောလမ်း၏ ဝ မိုင်ကနေ ၃ ဖာလုံ အထိ ကွန်ကရစ်လမ်း၊ ၃ ဖာလုံကနေ ၇.၁၂ ဖာလုံအထိ ကွန်ကရစ်လမ်းနှင့် ၇.၁၂ ဖာလုံကနေ ၁ မိုင် အထိ ကျောက်ကြမ်း လမ်းသည် လက်ရှိအခြေအနေဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့နယ်၊ အလမျိုး ကျေးရွာအဝင်လမ်းထိပ်ကနေမှ အလမျိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အထိလမ်းပိုင်း သည် အလမျိုးကျေးရွာအုပ်စုလမ်းအတွင်းမှာပါဝင်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class A အဆင့်ရှိသည့်လမ်းဖြစ်ပြီး ဒုတိယဦးစားပေး လမ်းအဆင့်တွင် ပါဝင် ပါကြောင်း။ 

အဆိုပါအလမျိုး-တောင်စုလမ်းသည် စုစုပေါင်း လမ်းအရှည် ၁ မိုင်ရှိပြီး ၇.၁၂ ဖာလုံမှာ ကွန်ကရစ်လမ်းဖြစ်ပြီး ကျန် ၀.၈၈ ဖာလုံမှာ ကျောက်ကြမ်းလမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကွန်ကရစ် လမ်းမှာ ၂၀၁၀ ပြည့်နှစ်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး နှစ်ကာလကြာမြင့် သည့်အတွက် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါ အလမျိုးကျေးရွာ အဝင်လမ်းထိပ် မှ အလမျိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့အထိ အရှည်ပေ ၂,၀၀၀ အား ကွန်ကရစ် ခင်းမည်ဆိုပါက ခန့်မှန်းငွေ ၄၁၈.၁၄၀ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ လမ်းအရှည် ၈၀၀ ပေအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး၏ ဖြည့်စွက်ရန်ပုံငွေ၌ လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်။