MY EN

(ဃ)-ဒေါက်တာကျော်ဆွေ(တောင်တွင်းကြီးမဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး မဲဆန္ဒနယ်) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ပေးနေသော်လည်း ပုံစံ(၇)အမည်ကွဲမှုကြောင့် ချေးငွေမရခြင်းအား ထုတ်ချေးပေးနိုင်ရေး စီစဉ်ပေးရန်နှင့် တောင်သူတိုင်းရရှိနိုင်ရေးအတွက် မည်သို့ပြုလုပ်သွားမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက် ရှိပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များထက်ပိုပြီး ထုတ်ချေးပေးခြင်းများရှိပါကြောင်း၊ လယ်မြေ တစ်ဧကကို ၃ သိန်း၊ ယာမြေတစ်ဧကကို ကျပ် ၂၅၀,၀၀၀ တိုးမြှင့်ထုတ်ပေးလျက်ရှိပါကြောင်း၊ သို့သော် လက်တွေ့မြေပြင်၌ ချေးငွေပမာဏတိုးပေးသော်လည်းပဲ အမှန်တကယ် လယ်ယာမြေလုပ်ကိုင် နေသည့် တောင်သူတွေမှာ ချေးငွေရယူရန်အခက်အခဲကြုံနေရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် ပေးကားပေး၏ မရ၊ ဝေကားဝေ၏ မငှဆိုသလို ကြုံတွေ့နေရပါကြောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(င)မှာ စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပေါင်နှံ၍ အစိုးရဘဏ် သို့မဟုတ် အစိုးရအသိအမှတ်ပြုဘဏ်တွင် ချေးငွေရယူနိုင် သည်ဟု ပြဋ္ဌာန်းထားသော်လည်း လယ်ယာမြေကိုအမွေဆက်ခံ၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေပြီးပုံစံ(၇)အမည်မပြောင်းရသေးခြင်း၊ မိသားစုအတွင်း လွှဲပြောင်းလုပ်ကိုင်နေကြခြင်း၊ အရပ်ကတိစာချုပ် ဖြင့် ဝယ်ယူထားသော လယ်ယာမြေများ ပုံစံ(၇)အမည်မပြောင်းနိုင်ခြင်း၊ ပုံစံ(၇)အမည် ပြောင်းလဲရာ တွင် ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင် အချိန်ကြာသည့်အတွက် ပုံစံ(၇)အမည်ပေါက်နှင့် မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်နေသည့်သူနှင့် ကွဲလွဲမှုများဖြစ်နေပါကြောင်း၊ ထို့သို့ကွဲလွဲမှုများကြောင့် အမှန်တကယ် လယ်ယာလုပ်ကိုင်နေသည့်တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေမရရှိကြပါကြောင်း၊ ထို့ကြောင့် ပြင်ပကနေမှ အတိုးကြီးသည့်ချေးငွေတွေကိုယူပြီး သုံးစွဲနေရသည့်အတွက်ကြောင့် တောင်သူ တွေမှာ ပိုမိုကြပ်တည်းနေကြရပါကြောင်း။ 

သို့ပါ၍ စိုက်ပျိုးစရိတ်ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးပေးသော်လည်း ပုံစံ(၇)အမည် ကွဲလွဲမှုကြောင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများချေးငွေမရသည့် အခြေအနေ အား ဖြေရှင်းပေးရန် မည်သို့ဆောင်ရွက်ထားပါသနည်းနှင့် ပုံစံ(၇)အမည်ပေါက်သူနှင့် လက်ရှိစိုက်ပျိုးရေး လုပ်ကိုင်သူ၊ အမည် ကွဲလွဲနေသောတောင်သူများအတွက် သက်ဆိုင်ရာမြို့နယ် လယ်ယာစီမံခန့်ခွဲရေး အဖွဲ့၏ ထောက်ခံချက်ဖြင့် ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိနှင့် နိုင်ငံတော်၏ စိုက်ပျိုးရေး မူဝါဒအရချေးငွေများကို တိုးမြှင့်ပေးထားသည့် ရည်ရွယ်ချက်နှင့်အညီ အမှန်တကယ်လိုအပ်သော တောင်သူတိုင်း လက်လှမ်းမီရရှိနိုင်ရေးအတွက် မည်သို့ကူညီဆောင်ရွက်ပေးသွားနိုင်မည်ကို သိရှိလို ပါကြောင်းဖြင့် မေးမြန်းသည်။

အဖြေ
အဖြေ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်တွင်ရှိသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများသို့ မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင် ၂၀၁၈ ခုနှစ်မတိုင်မီက အာမခံအပေါင်ရယူခြင်းမရှိဘဲ တောင်သူ ၅ ဦး၊ ၁ဝ ဦး၊ ၃ ဦး၊ အစုအဖွဲ့အလိုက်အာမခံသည့် ဝိုင်းကြီးချုပ်၊ ဝိုင်းလေးချုပ်စနစ်ဖြင့် ချေးငွေထုတ် ချေးပေးခဲ့ခြင်းဖြစ်ပါကြောင်း။

၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ ဖြင့် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေ အခန်း(၄)၊ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(င)တွင် လယ်ယာမြေလုပ်ခွင့်ရရှိသူသည် စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီး အတွက် လယ်ယာလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြု သောဘဏ်၌သာ ပေါင်နှံရမည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(င) ကို ဆောင်ရွက်ရန်အတွက် လယ်ယာမြေနည်းဥပဒေ ၄၈၊ ပုဒ်မခွဲ(ခ)တွင် အစိုးရဘဏ် သို့မဟုတ် ၎င်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရကသတ်မှတ်သောဘဏ်တစ်ခုခု၌သာ လယ်ယာမြေ လုပ်ပိုင် ခွင့်ရှိသူက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် မူရင်းကိုပေးအပ်၍ ပေါင်နှံရမည်ဟု ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ တောင်သူများသို့ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြု လက်မှတ်ပုံစံ(၇)များ ထုတ်ပေးထားပြီးဖြစ်သည့်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၁၈ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေမှစပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မူရင်းကို ခရိုင်၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များသို့ အာမခံအပေါင်အဖြစ်ထားရှိစေပြီး တောင်သူများ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများအား ပျမ်းမျှ ၂ ဆ တိုးမြှင့် ပေးခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အမည်ကွဲလွဲ နေသော တောင်သူများအတွက် ပုံစံ(၇)အမည်ပြောင်းလျှောက်ထားဆဲဖြစ်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်လွှာပုံစံ(၉)ဖြင့်လည်းကောင်း၊ ပုံစံ(၇)အမည် ပေါက်ပြောင်းလဲခြင်း ဆောင်ရွက်နိုင်မှုမရှိသေးပါက ဘဏ်ခွဲမန်နေဂျာနှင့် ရပ်ကွက်၊ ကျေးရွာချေးငွေ စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ရှေ့မှောက်တွင် တစ်နှစ်အတွင်း ပုံစံ(၇)အမည်ပေါက်ပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်ရေးထိုး၍လည်းကောင်း ပုံစံ(၇)လက်ဝယ်ပိုင်ဆိုင်သူ တောင်သူများ ချေးငွေအဆင်ပြေစွာ ရရှိရေးအတွက် ဖြေလျှော့ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ၂ဝ၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို မေလ ၁၂ ရက်မှ စတင်ပြီးထုတ်ချေးပေးခဲ့ရာ ၂၈-၉-၂၀၂၆ ရက်နေ့အထိ ခရိုင်နှင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ၁၅၅ ခုမှ တောင်သူဦးရေ ၆၂၅,၇၂၁ ဦး၏ စိုက်ပျိုးဧက ၃,၉ဝ၈,၀၆၁ ဧကအတွက် ချေးငွေကျပ် ၁,၁၄၈.ဝ၇၅ ဘီလီယံ ထုတ်ချေးပေးခဲ့ပါကြောင်း၊ အဆိုပါ ထုတ်ချေးခဲ့သောချေးငွေမှာ ပုံစံ(၇)အမည်ကွဲလွဲနေသည့် တောင်သူဦးရေ ၃၇,၇၁၈ ဦး၏ ချေးငွေကျပ် ၇၄.၃၂၇ ဘီလီယံ ထုတ်ချေးထားပါကြောင်း ။

ခရိုင်၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနေဖြင့် ပုံစံ(၇)အမည်ပေါက် ကွဲလွဲသူ တောင်သူများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်ရှိပိုင်ဆိုင်သူအမည်သို့ အမည်ပေါက်ပြောင်းလဲရေးကို လျှင်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် တောင်သူများအား အသိပညာပေးရှင်းလင်း ပြောကြားခြင်း၊ အမည်ပြောင်းလျှောက်ထားရာတွင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာလုပ်ကိုင်သူတောင်သူများအနေဖြင့် ၎င်းတို့၏ လယ်ယာမြေပိုင်ဆိုင်မှု စနစ်တကျခိုင်မာစေရန်၊ လယ်ယာမြေပိုင်ဆိုင်မှုကိစ္စ အငြင်းပွားမှု မဖြစ်စေရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်စေရန်အတွက် ပုံစံ(၇) အမည်ပြောင်းဆောင်ရွက်ခြင်း၊ ပုံစံ(၇)မရရှိသေးသည့် တောင်သူများအနေဖြင့် ပုံစံ(၇) လက်ဝယ် ရရှိအောင်ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက် သွားရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် နိုင်ငံ့ဘဏ္ဍာ ငွေများ ဆုံးရှုံးမှုမရှိစေရေးအတွက် ပုံစံ(၇)မူရင်းရရှိပြီးသည့် တောင်သူတိုင်း စိုက်ပျိုးစရိတ်ချေးငွေ လက်လှမ်းမီရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ။

သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူ များသို့ စိုက်ပျိုးစရိတ်ချေးငွေကို တိုးမြှင့်ထုတ်ချေးရာတွင် ပုံစံ(၇)အမည်ကွဲလွဲနေသော်လည်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူတောင်သူများ ချေးငွေထုတ်ချေးခွင့်ရရှိရေး ဖြေလျှော့ဆောင်ရွက် ထားပြီး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါက်တာကျော်ဆွေ(တောင်တွင်းကြီးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။            

လယ်ယာမြေဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(င)အရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို အပေါင်ထားပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရအသိအမှတ် ပြုသည့်ဘဏ်တွင် ချေးငွေရယူနို င်သည်ဟု ပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ယခု လယ်ယာစိုက်ပျိုးရေးဘဏ်မှ တောင်သူများ ၏ ပုံစံ(၇)ကို အပေါင်ပစ္စည်းအဖြစ်ယူပြီး သိမ်းထားပါကြောင်း၊ အရပ်ထဲ ရွှေသွားပေါင်ပါက ရွှေတန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ချေးငွေယူလို့ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံက ပုံစံ(၇)ပေါက်ပြီးသား လယ်တစ်ဧက၊ ယာတစ်ဧကသည် အနည်းဆုံး သိန်း ၄၀ တန်ပါကြောင်း၊ ယခုထုတ်ပေးတာက လယ်ဆိုလျှင် ၃ သိန်း ဆိုတော့ ရသည့်ရာခိုင်နှုန်းသည် တော်တော်ကြီးနည်းပါကြောင်း၊ ယာဆိုလျှင် ၂၅၀,၀၀၀ ထုတ်ချေးခြင်းဖြစ်ပါကြောင်း၊ သိန်း ၄၀ တန် အာမခံပေးပြီး ကျပ် ၂၅၀,၀၀၀ ချေးငွေရရှိသည့်သဘော ဖြစ်နေပါကြောင်း၊ ထို့ကြောင့် တောင်သူများ၏ ပုံစံ(၇)ကို အပေါင်ပစ္စည်းအဖြစ်သိမ်းထားသည့် မြေဧရိယာ၏ တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းလောက်အထိ ချေးပေးနိုင်လျှင် တောင်သူများ ရင်းနှီးမြှုပ်နှံ နိုင်သည့် ငွေကြေးရမည် ဖြစ်ပါကြောင်း၊ ယခု လယ်တစ်ဧက ၃ သိန်းသည် ထွန်ချိန်လည်း မရောက် မျိုးစေ့လည်းမလောက်ပါကြောင်း၊ ယာတစ်ဧက ၂၅၀,၀၀၀ သည် ရေနွေးကြမ်းလိုက်ပို့သည့်သူကိုပေးသည့် ဈေးလောက်သာ ရှိပါကြောင်း၊ တကယ်ရင်းနှီးမြှုပ်နှံနိုင်သည့် အတိုင်းအတာအထိ မရောက်သည့် အတွက် ရင်းနှီးမြှုပ်နှံ နိုင်သည့်အတိုင်းအတာအထိ ရောက်သည့် ချေးငွေကိုလိုချင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ပုံစံ(၇)များကို အပေါင်ပေးထားပြီး ၎င်းပုံစံ(၇)ပါ မြေဧရိယာတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းလောက်အထိ ချေးပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းပါကြောင်းဖြင့် ဆက်စပ်မေးမြန်းပါသည်။

အဖြေ
အဖြေ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က 

ယခုစိုက်ပျိုးစရိတ်ချေးငွေကို ၃ သိန်းတိုးထားပါကြောင်း၊ မလုံလောက်သည်များ ရှိပါကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားသလို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး ရန်အတွက် မိမိတို့ဘဏ္ဍာငွေများ ခံနိုင်ရည်ရှိရန်အပေါ်တွင်လည်း မူတည်နေပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။