MY EN

( ဆ)- ဒေါက်တာအောင်ကြီး(ကျိုက်လတ်မဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာအောင်ကြီး(ကျိုက်လတ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူး-ပေချောင်ကျေးရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          မိမိတင်ပြလိုသည်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူး-ပေချောင်ကျေးရွာချင်း ဆက်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရန် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူး-ပေချောင် ကျေးရွာချင်းဆက် လမ်းသည်အရှည်ပေ ၄ မိုင် ၄ ဖာလုံရှိ၍ ကျေးရွာအုပ်စု ၇ အုပ်စု၊ ကျေးရွာ ၃၇ ရွာ၊ အိမ်ခြေ ၂,၈၁၀ အိမ် နှင့် လူဦးရေ ၁၂,၄၉၇ ဦး နေထိုင်ကြပါကြောင်း၊ ထိုပတ်ဝန်းကျင်တွင် စပါးစိုက်ဧက ၇,၀၂၃ ဧက ရှိသည့်အတွက် ကုန်ထုတ် လမ်းအဖြစ်လည်း အဓိကအသုံးပြုသည့်လမ်းမဖြစ်ပါကြောင်း။

          ၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်မှ ပေချောင်ကျေးရွာတွင်ရှိသည့် အထက်တန်းကျောင်းကို စာစစ်ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးသည့်အတွက် ထိုကျောင်းကို ပတ်ဝန်းကျင်ကျေးရွာအုပ်စု  ၁၀ အုပ်စုမှ ကျောင်းသူ ကျောင်းသား ၆၀၀ ခန့် နေ့စဉ်ကျောင်းတက်လျက်ရှိပါကြောင်း၊ လက်ရှိတင်ပြသည့် အောက်ဆင်ကူး-ပေချောင်ကျေးရွာချင်းဆက်လမ်းသည် ကျောင်းတက်သည့် အဓိက လမ်းမလည်းဖြစ်ပါကြောင်း၊ ထိုအောက်ဆင်ကူး-ပေချောင်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် မြေသားလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး အောက်ဆင် ကူးမှ သာယာခွဲအထိ တိုက်ရိုက်သွားလာနိုင်သည့် တစ်ဆက်တည်း ကျေးရွာချင်းဆက်လမ်း ဖြစ်ပါကြောင်း၊  ၂၀၂၅ ခုနှစ်တွင် အောက်ဆင်ကူးမှ ၃ ဖာလုံကို အကျယ် ၁၆ ပေ၊ ထု ၄ လက်မ၊ အရှည် ၁,၉၈၀ ပေကို ကျောက်‌ရောမြေသားလမ်းအဖြစ် နိုင်ငံတော်ရန်ပုံငွေနှင့် ဖောက်လုပ်ပေး ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မိုးရွာသွန်းမှုများပြားသည့် အတွက် မြေသားလမ်း သည် နွေရာသီတွင် သွားလာ၍ရသော်လည်း မိုးရာသီတွင် ကျေးရွာအုပ်စုအတွင်းတွင်ရှိသည့် ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် နာမကျန်းပြီး ဆေးရုံကိုသွားရောက်ကုသရသူ များအတွက် သွားလာရေးအခက်အခဲ များစွာကြုံတွေ့ရပါကြောင်း၊ အဆိုပါကျေးရွာချင်း ဆက်လမ်း သည် မိုးရာသီတွင် သွားလာ၍မရဘဲ စက်လှေကလေးများနှင့် သွားလာရပါကြောင်း၊ သို့ဖြစ်၍ ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာမှုအဆင်ပြေချောမွေ့စေရန်အတွက် အောက် ဆင်ကူး-ပေချောင်ကျေးရွာ ချင်းဆက်မြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

အောက်ဆင်ကူး-ပေချောင် ကျေးရွာချင်းဆက်လမ်းသည် အမာခံလမ်း ၃ ဖာလုံ မြေသားလမ်း ၄ မိုင် ၀.၅ ဖာလုံ စုစုပေါင်းအရှည် ၄ မိုင် ၃.၅ ဖာလုံရှိသည့် Class-C အဆင့်ရှိသည့်လမ်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂.၁ ဖာလုံ အမာခံလမ်းခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီး၏ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက် ပြီး ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းမဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သောလမ်းများကို ဦးစား ပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၃ ဖာလုံကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လတ်တလော ဦးစားပေးအစီအစဉ်တွင် ပါဝင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။