MY EN

(ဈ)-ဦးစန်းမောင်(ဘိုကလေးမဲဆန္ဒနယ်)

2026-10-01
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးစန်းမောင် (ဘိုကလေး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဘိုကလေး-ကြိမ်ချောင်းကြီးလမ်းပိုင်းနှင့် ကြိမ်ချောင်းကြီး-ကဒုံကနိလမ်းပိုင်းတို့အား ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဘိုကလေးမြို့သည် ဧရိယာဧကပေါင်း ၅၀၀,၀၀၀ ကျော်ရှိပြီး ၃၆၀,၀၀၀ စပါးစိုက်ပျိုးပါ ကြောင်း၊ လူဦးရေ ၃၀၀,၀၀၀ ကျော်မှာ ၂၀၀,၀၀၀ ကျော်လောက်က ပင်လယ်ပြင်နှင့် ကပ်နေသည့် အတွက် Vulnerable Area လို့ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းအရ သတ်မှတ်လို့ရပါကြောင်း၊ ၈ မိုင် ၅ ဖာလုံမှ ၁၁ မိုင် ၁ ဖာလုံအတွင်း ပျက်စီးနေခြင်း၊ ၁၅ မိုင်မှ ၁၉ မိုင်အတွင်း ပျက်စီးနေခြင်း၊ ၂၂ မိုင်မှ ၃၅ မိုင် ၆ ဖာလုံ အတွင်း ပျက်စီးနေပါကြောင်း၊ ၃၅ မိုင် ၆ ဖာလုံတွင် လမ်းကြီးပေါက်ထွက်သွားသော်ကြောင့် ဆိုင်ကယ်များ သွားလာမှုအတွက် သစ်တုံးများခင်းပြီး ယာယီလုပ်ထားရသည့်အနေအထားပါဖြစ်ပါကြောင်း၊ လမ်းတော်တော်များများသည် အပိုင်းလိုက်၊ အပိုင်းလိုက် လုပ်စရာ၊ အများကြီး ကျန်နေသေးပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး အထူးကိစ္စရပ် လို့ မိမိဆိုရခြင်းအကြောင်း အကြောင်း ၄ ချက်ရှိပါကြောင်း၊ ပထမအချက်မှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ကုန်စည်ကူးသန်းသွားလာရေး၊ နောက်တစ်ချက်မှ မိမိတို့ ဒေသသည် လုံခြုံရေးနှင့် ပင်လယ်ပြင်စိုးမိုးရေးအတွက် မဟာဗျူဟာကျသည့်လမ်းဖြစ်ပါကြောင်း၊ လမ်းစဉ်ပါတီခေတ်က ပြည်ပြေးများဝင်လာသည့်အခါ ဘိုကလေးမြို့နယ်၊ ထော်ပိုင် စစ်ဆင်ရေးနှင့် နှိမ်နင်းရခြင်းဆိုသည့်ကိစ္စရပ်များရှိပါကြောင်း၊ န.ဝ.တ၊ န.ယ.ကခေတ်တွင် မြစ်ဝကျွန်းပေါ်ကို KNU များ ခြေကုတ်ယူခဲ့သည့် ဒေသဖြစ်ခြင်း၊ ဘင်္ဂါလီများသည် ဘိုကလေးနယ်မှ ခိုးဝင်သည့်အတွက် ၎င်းလမ်းကြောင်းသည် မဟာဗျူဟာအရ အရေးကြီးသည့် လမ်းဖြစ်ပါကြောင်း၊ နောက်ဆုံးအချက် မှ ဒီရေတောများရှိပြီး ASEAN Heritage ဖြစ်သည့် မိန်းမလှကျွန်းတည်ရှိ၍ ပြည်တွင်း သုတေသန ပညာရှင်၊ ပြည်ပသုတေသနပညာရှင်များ လာရောက်ပြီး လေ့လာသည့်ဒေသလည်း ဖြစ်ပါကြောင်း ၎င်း နိုင်ငံခြားဧည့်သည်တော်များ ကြိုကြားလာပြီး ပိုးစုန်းကြူးကြည့်သည့် လုပ်ငန်းစဉ် နှင့် အပန်းဖြေ သည့် လုပ်ငန်းလည်း ရှိပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် Eco-tourism အဖြစ်ဆောင်ရွက်နိုင် မည့် လမ်းလည်းဖြစ်ပါကြောင်း၊ (၄)အချက်တွင် အင်မတန်အရေးကြီးသည်မှာ ၎င်းဒေသသည် နာဂစ် ဒေသဖြစ်သည့်အတွက် Vulnerable Area ဖြစ်ခြင်းနှင့်အညီ နောက်တစ်ချိန် ထပ်ဖြစ်ခဲ့ပါက ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ မကုန်ဆုံးစေရန်အတွက် ကြိုတင်စီမံချက်တစ်ရပ် အဖြစ်  ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပါကြောင်း။

ထို့ကြောင့် Disaster Risk Reduction လုပ်ငန်းစဉ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်စီမံခန့်ခွဲခြင်းဆိုသည့် Disaster Management နှင့် Capacity Building ကို ကြိုတင်ဆောင်ရွက်ထားရမည့်ကိစ္စရပ်ဖြစ်ပါကြောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်မျိုး ဖြစ်ပြီး အကြောင်း ၄ ချက်နှင့်စုံညီသည့် လမ်းဖြစ်သည့်အတွက် ရေတိုစီမံချက်ချပြီး ဆောင်ရွက် ဖြည့်ဆည်း ပေးနိုင်မှု ရှိ /မရှိ ကို သိလိုပါကြောင်းမေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်းသည် ၂၀၀၈ ခုနှစ် နာဂစ်ကာလအပြီး ဖောက်လုပ်ခဲ့ သော နာဂစ်လမ်းကွန်ရက် ၁၁ လမ်းအနက်မှ အမှတ် ၅ လမ်း ဖြစ်ပြီး လမ်းအရှည် ၄၂ မိုင်ရှိသည့် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်း၏ လက်ရှိလမ်းအခြေအနေမှာ ၂၄ ပေ အကျယ် ကတ္တရာလမ်း ၂ ဖာလုံ၊ ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၅ မိုင်၊ ၁၆ ပေအကျယ် အမာခံလမ်း ၂၆ မိုင် ၆ ဖာလုံဖြစ်ပြီး ကောင်းမွန်သော လမ်းပိုင်း ၆ ဖာလုံနှင့် အသင့်အတင့် ကောင်းမွန်သော လမ်းပိုင်းက ၆ မိုင် ၄ ဖာလုံ ရှိပါကြောင်း၊ ပျက်စီးမှု များပြားသောအပိုင်းမှ ၃၄ မိုင် ၆ ဖာလုံရှိပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးတွင် လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင် ၄ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေများက ကတ္တရာလမ်းမဖြစ်သေးသည့်လမ်းမှ ကျောက်ခင်းလမ်း ၄ဝ၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံ ဖြစ်ပါကြောင်း ။

အဆိုပါလမ်းပိုင်းကို ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၄ ဖာလုံနှင့် ပျက်စီးနေသော အမာခံလမ်းအား ပြုပြင်ခြင်း ၁ မိုင် ၁ ဖာလုံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ကတ္တရာလမ်းပေါက်နှင့် ကျောက်လမ်းပေါက်များကိုလည်း ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက် ပေးသွားမည်  ဖြစ်ပါကြောင်း၊ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်းမှ ကတ္တရာလမ်းခင်းခြင်း ၂ မိုင် လျာထားသွားမည် ဖြစ်ပါကြောင်း၊ နှစ်လတ်မူဘောင် ၃ နှစ်စီမံကိန်းတွင် အမာခံလမ်းမှ ကတ္တရာလမ်းခင်းခြင်း ၆ မိုင် ၂ ဖာလုံ ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။