MY EN

(ဇ)-ဦးရန်ကျော်(မက်မန်းမဲဆန္ဒနယ်)

2026-10-01
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးရန်ကျော် (မက်မန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မက်မန်းမြို့နယ်၌ ဘဏ္ဍာရေးနှစ် ၁ နှစ်လျှင် ကွန်ကရစ်လမ်း ၃ မိုင်မှ ၅ မိုင်ခန့် ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

          မိုင်းပျဉ်း-မက်မန်းလမ်းသည် မြင့်မားမတ်စောက်သည့် တောတောင်များကို ဖြတ်ပြီး ဖောက်လုပ်ထားသဖြင့် တောင်တက်တောင်ဆင်းကြမ်းသည့်လမ်း ဖြစ်ပါကြောင်း၊ မက်မန်းခရိုင် အပိုင်ဖြစ်သည့် လမ်း ၄၇ မိုင်တွင် ကွန်ကရစ်လမ်း ၂၅.၅ မိုင်၊ ကတ္တရာလမ်း ၀.၃ မိုင်သာရှိပြီး ကျန် ၂၂ မိုင်ခန့်မှာ ကျောက်လမ်းနှင့်မြေသားလမ်းဖြစ်သောကြောင့် မိုးတွင်းကာလ၌ ယာဉ်များသွားလာ ရန်ခက်ခဲလျက်ရှိပါကြောင်း၊ တောင်များမတ်စောက်ပြီး မြေသားလမ်း၊ ကျောက်လမ်းများကြောင့် ၆၇ မိုင် သာကွာဝေးသည့် မိုင်းပျဉ်းနှင့်မက်မန်းသို့ မော်တော်ယာဉ်ဖြင့် အချိန် ၃ နာရီခွဲခန့် သွားလာနေ ရခြင်းကြောင့် ကုန်စည်စီးဆင်းမှုများနှင့် ဒေသခံပြည်သူများ ပညာရေး၊ ကျန်းမာရေးအတွက် သွားလာ ရာတွင် ငွေကုန်ကြေးကျများသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။ 

          မိုင်းပျဉ်း-မက်မန်းလမ်းမှာ ကျောက်လမ်းနှင့်မြေသားလမ်း ၂၂ မိုင်ခန့်သာကျန်ရှိနေသော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၁ ဖာလုံခန့်၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကွန်ကရစ်လမ်း ၂ ဖာလုံခန့်သာ တည်ဆောက်ရန် ခွင့်ပြုခဲ့ပါကြောင်း၊ မက်မန်းမြို့သည် ယခုအခါ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ရုံးစိုက်ရာမြို့ဖြစ်သည့်အပြင် မိုင်းပျဉ်း-မက်မန်းလမ်းသည် မက်မန်းမြို့အတွက် စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် တစ်ခုတည်းသော အားထားမှီခိုရာ တောင်ပေါ်လမ်းလည်းဖြစ်ပါကြောင်း၊ မိုင်းပျဉ်း-မက်မန်းလမ်းသည် ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် ကွန်ကရစ် လမ်း ၂ ဖာလုံခန့်သာ ခွင့်ပြုချထားပေးမည်ဆိုပါက ကျောက်လမ်း၊ မြေသားလမ်းအဖြစ် ကျန်ရှိနေ သည့် ၂၂ မိုင်အား ကွန်ကရစ်လမ်းအဖြစ်မြင်တွေ့ရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရမည် ဖြစ်ပါကြောင်း။

          သို့ဖြစ်ပါ၍ မက်မန်းမြို့ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လာရောက် တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် လွယ်ကူစွာ သွား လာနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် ကွန်ကရစ်လမ်း ၃ မိုင်မှ ၅ မိုင်အထိ ခွင့်ပြု ချထား ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိ နှင့် အစီအစဉ် ရှိပါက အနီးဆုံး မည်သည့်ဘဏ္ဍာရေးနှစ်တွင် ချထား ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်မှ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အထိ ၆၇ မိုင်၊ ၆ ဖာလုံအရှည်ရှိသော မိုင်းပျဉ်း-မက်မန်းလမ်း၏လမ်းပိုင်းတွင်ပါဝင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်း၏ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အပိုင်းသည် ၄၆ မိုင်၊ ၇ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၂၅ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၃ ဖာလုံ၊ ကျောက်ခင်းလမ်း ၆ မိုင် ၆ ဖာလုံနှင့် အမာခံလမ်း ၁၄ မိုင် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် လမ်းမိုင်ပေါင်း ၁,၆၀၇ မိုင်နှင့် ၆ ဖာလုံရှိပြီး လက်ရှိလမ်း အခြေအနေမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းမဖြစ်သေးသည့် ကျောက်လမ်း ၁၄၁ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၁၈၇ မိုင် ၇ ဖာလုံ၊ မြေသား လမ်း ၂၆၅ မိုင် ၇ ဖာလုံနှင့် ဆိုင်ကယ်လမ်း ၁၄၂ မိုင် ဖြစ်ပါကြောင်း။ 

မိုင်းပျဉ်း-မက်မန်းလမ်း၏ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၂ ဖာလုံ၊ ကျောက်ခင်းလမ်းနှင့် အမာခံ လမ်းပိုင်းများတွင် ခွဲကျောက်များဖြင့် မျက်နှာပြင်ညှိခြင်း ၂ မိုင်နှင့် ၄ ဖာလုံ ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းအား လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်အလိုက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး ပြန်လည် ဖြေကြားခဲ့ပါသည်။