တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းရောက်ရှိအောင် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တမူးမြို့သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်မြို့ဖြစ်ပါကြောင်း၊ တမူးမြို့ပေါ်တွင် လျှပ်စစ်ဓာတ်အားကို အိန္ဒိယနိုင်ငံ အင်ဖာမြို့မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး MSPDCL ကုမ္ပဏီလီမီတက်နှင့် နှစ်နိုင်ငံသဘောတူ စာချုပ်ချုပ်ဆိုပြီး ဝယ်ယူအသုံးပြုခဲ့ရာ ၅.၅.၂၀၂၆ ရက်နေ့တွင် ၁၀ နှစ်ပြည့်ပြီဖြစ်ပါကြောင်း။
အိန္ဒိယနိုင်ငံမှ ဝယ်ယူအသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားကိုသာ မှီခိုသုံးစွဲနေရပြီး လျှပ်စစ်မီတာခများ မြင့်မားစွာ ပေးဆောင်နေရသည့်အပြင် မိုးတွင်းအချိန်ကာလတွင် မိုးများစွာရွာ သွန်းမှုကြောင့် တစ်ဖက်အိန္ဒိယနိုင်ငံအတွင်း တောင်ပြိုမှုများ၊ ရေကြီးမှုများဖြစ်ပေါ်၍ လျှပ်စစ် ဓာတ်အားတိုင်များ ပြိုလဲခြင်း၊ ဓာတ်အားလိုင်းများပြတ်တောက်ခြင်း၊ မီးအားမြှင့်စက်၊ Transformer များ ပျက်စီးခြင်း မကြာခဏဖြစ်ပေါ်တတ်ပြီး ဓာတ်အားပြတ်တောက်မှုများ ခံစားလျက်ရှိပါကြောင်း၊ တမူးခရိုင်၊ တမူးမြို့သို့ မဟာဓာတ်အားလိုင်း သွယ်တန်းရောက်ရှိနိုင်ရေးအား ပထမအကြိမ် လွှတ်တော်သက်တမ်း ၂၀၁၀-၂၀၁၅ ခုနှစ်ကာလက ကလေးမြို့သို့ မဟာဓာတ်အားလိုင်း ရောက်ရှိ လာပါက ကလေးမြို့မှတစ်ဆင့် ကလေးဝမြို့၊ မော်လိုက်မြို့များသို့ သွယ်တန်းပြီး ထိုမှတစ်ဆင့် တမူးခရိုင်၊ တမူးမြို့သို့ ဆက်လက်သွယ်တန်းပေးပါရန် ယခင်တမူးမြို့၏ ပထမအကြိမ် လွှတ်တော် ကိုယ်စားလှယ်များမှလည်း တင်ပြတောင်းဆိုခဲ့ဖူးပါကြောင်း။
တမူးမြို့အား တစ်ဖက်အိန္ဒိယနိုင်ငံ မိုးရေးမြို့နှင့် နီးကပ်စွာ တည်ရှိသော မြို့တစ်မြို့ ဖြစ်သည့်အားလျော်စွာ မိုးရေးမြို့တွင် နယ်စပ်ကျေးရွာများအထိ လျှပ်စစ်မီးများအား နေ့နေ့ညည ထိန်ထိန်လင်းနေသည့်အပြင် တောင်ကုန်း၊ တောင်တန်း၊ အစိုးရရုံးများ၊ အိမ်များ၊ လမ်းများတွင် လည်း လျှပ်စစ်မီးများ လင်းထိန်နေပါကြောင်း၊ မိမိတို့မြို့တွင် လျှပ်စစ်မီးမရရှိပါက နေ့ခင်းအချိန်၌ မသိသာသော်လည်း ညပိုင်းအချိန်တွင် အမှောင်အတိကျပြီး ဒုစရိုက်သမားများ၊ သောင်းကျန်းသူ အဖျက်သမားများ၏ ဘေးရန်အန္တရာယ်ကိုပါ စိုးရိမ်ကြရသည့်အပြင် မဲမှောင်နေသည့်အတွက် မိမိတို့နိုင်ငံအတွက်လည်း အရှက်ရစရာဖြစ်ရပါကြောင်း၊ မိမိတို့မြို့အထိ မဟာဓာတ်အားလိုင်း ရောက်ရှိလာပါက အစိုးရရုံးများ၊ လူနေအိမ်များ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ လမ်းများအား နေ့နေ့ညည စည်းကမ်းရှိရှိ အသုံးချနိုင်မည်ဆိုပါက မြို့သည် အမြဲသာယာလှပနေမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်မြို့ချင်း နှိုင်းယှဉ်ပါကလည်း မိမိတို့မြို့သည် သာယာလှပမှုကြောင့် နိုင်ငံ့ဂုဏ်တက်စေမည်ဖြစ်ပါကြောင်း။
မြို့တိုင်းမြို့တိုင်းအတွက် လျှပ်စစ်မီးရရှိရေးသည် လူမှုဘဝတိုးတက်မှု၏ အရေးပါသည့် အချက် တစ်ချက်ဖြစ်သလို တမူးခရိုင်၊ တမူးမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သည့်အတွက် တမူးမြို့သို့ မဟာဓာတ်အား လိုင်းရောက်ရှိလာပြီး လျှပ်စစ်ဓာတ်အားရရှိရေးသည်လည်း နိုင်ငံနှင့်ယှဉ်ပြီး အရေးပါ သော အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကလေးမြို့မှ မဟာဓာတ်အားလိုင်းသည် ကလေး မြို့နယ်၊ စခန်းကြီးကျေးရွာအထိ ရောက်ရှိနေပြီး လျှပ်စစ်ဓာတ်အားများ သုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာသို့ရောက်ရှိနေသော မဟာဓာတ်အားလိုင်းအား ဆက်လက် ချိတ်ဆွဲ၍ တမူးခရိုင်၊ ခမ်းပါတ်မြို့မှ တမူးမြို့အထိ မဟာဓာတ်အားလိုင်းအားရရှိလာအောင် သွယ်တန်းဆောင်ရွက်ပေးနိုင်ပါက ကလေး-တမူး အာရှလမ်းမကြီးဘေးရှိ လမ်းဘေးဝဲယာတွင် နေထိုင်ကြသော ကျေးရွာများရှိ မိဘပြည်သူများအားလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ကြပြီး လူနေမှု ဘဝများ တိုးတက်မြင့်မားလာကြမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေးမြို့နယ်၊ စခန်းကြီး ကျေးရွာအထိ ရောက်ရှိနေပြီဖြစ်သော မဟာဓာတ်အားလိုင်းအား ခမ်းပါတ်မြို့မှတစ်ဆင့် တမူးမြို့သို့ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း တမူးမြို့နယ်ရှိ မိဘပြည်သူများ၏ကိုယ်စား မေးမြန်း ခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းစနစ်ဖြင့် ချိတ်ဆက်နိုင်ရန်အတွက် ၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံမှ ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အားလိုင်း မိုင် ၉၀ တည်ဆောက်ပြီး ၂၃၀ ကေဗွီ တမူးပင်မဓာတ်အားခွဲရုံသို့ ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းသည် ခမ်းပါတ်မြို့အနီးမှ ဖြတ်သန်းသွားမည်ဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားပေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(မြောက်ပိုင်း)သို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)မှာ ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အားလိုင်း မိုင် ၉၀ နှင့် ဓာတ်အား ခွဲရုံစီမံကိန်း၊ တမူးမြို့မှ ၄ မိုင်ခန့်ကွာဝေးသည့် တမူး-ကလေး ကားလမ်းမကြီး အရှေ့ဘက်ဘေး၊ တမူးမြို့၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် OSS ကွင်းပြင်အတွင်းမှာ ဧက ၁၀၀ အကျယ်အဝန်းရှိ မြေတွင် ၂၃၀/၆၆ ကေဗွီ ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရန် လျာထားခဲ့ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၃၀ ကေဗွီ ကလေး-တမူး ဓာတ်အားလိုင်း မိုင် ၉၀ နှင့် ပင်မဓာတ်အားခွဲရုံ မြေယာလျော်ကြေးပေးအပ်နိုင်ရေး၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူစိစစ်ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားသဘော တူညီချက် ဖြင့် ၂၃၀/၆၆ ကေဗွီ တမူးပင်မဓာတ်အားခွဲရုံမှ တမူးမြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၄ မိုင်နှင့် တမူးမြို့၊ ဗောဓိကုန်းရပ်၊ မြို့မရပ်ကွက်နှင့် အကွက်အမှတ် ၆၃ မှာ ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထပ်ဆင့်ဓာတ်အားခွဲရုံတည်ဆောက်ပြီး တမူးမြို့ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်လျာထားခဲ့ပါကြောင်း၊ သို့သော် နယ်မြေဒေသအခြေအနေအရ လျာထားစီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်မှု မရှိသေးပါကြောင်းနှင့် နယ်မြေဒေသအခြေအနေ ကောင်းမွန်လာသည့်အခါ ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း။
ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းဖြစ်သည့် ၄၀၀ ကေဗွီ အင်ဖာ-တမူး ဓာတ်အားလိုင်း ၅၉ မိုင်နှင့် ၄၀၀/၂၃၀ ကေဗွီ၊ ၅၀၀ အမ်ဗွီအေ (Back to Back) တမူးဓာတ်အားခွဲရုံစီမံကိန်းအား မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။