MY EN

(က)-ဦးလှတင့် (လသာမဲဆန္ဒနယ်)

2026-10-01
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးလှတင့် (လသာ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မီတာခကောက်ခံမှုစနစ်အား ပြည်သူများအချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အများပြည်သူသုံးစွဲနေသည့် အိမ်သုံးမီတာခများအတွက် မီတာကောက်ခံမှုစနစ်အား သုံးစွဲသူ မိဘပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိသည့် မီတာခကောက်ခံမှုစနစ်သို့ ပြောင်းလဲ ဆောင်ရွက် ပေးနိုင်ပါရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိသည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီး ဆောင်ရွက်ပေးရန်ဆိုသည့် မေးခွန်းများ ဖြစ်ပါကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးများမှ မီတာဖတ် ဝန်ထမ်းများအနေဖြင့် ၎င်းတို့အသုံးပြုနေသည့် Hand-Held Unit (HHU)စက်ဖြင့် မည်သည့်ရက်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖတ်မှန်းမသိပဲ ပြည်သူများအနေဖြင့် ဓာတ်အားခ တောင်းခံ လွှာစာရွက်ရောက်ရှိမှ ပေးသွင်းနေရပါသဖြင့် မိမိသုံးစွဲနေသည့် ယူနစ်ကျသင့်ငွေကို မျက်မြင် သိရှိနိုင်ရန်နှင့် ချင့်ချိန်နိုင်ရန်အတွက် ထိုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ အဓိက မေးမြန်းလိုသည့် မေးခွန်းက ပြည်သူသုံးယူနစ်ကောက်ခံမှုများမှာ ပထမ ယူနစ် ၅၀ အတွက် ၅၀ ကျပ်၊ ဒုတိယယူနစ် ၅၀ အတွက် ၁၀၀ ကျပ်၊ တတိယယူနစ် ၁၀၀ အတွက် ၁၅၀ ကျပ်၊ ၎င်းထက်ပိုသည့် ယူနစ်များအတွက် ၃၀၀ ကျပ်နှုန်း ဖြစ်ပါကြောင်း။

တစ်နိုင်ငံလုံးထုတ်လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်း ၃.၅ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနက စက်ရုံများမှာ ပြန်လည်သုံးစွဲနေရပါကြောင်း၊ ၅ ရာခိုင် နှုန်းက ပျောက်ဆုံးယူနစ်များဖြစ်သည့် အတွက်ကြောင့် Power Load အနေဖြင့် ထုတ်လုပ်မှုယူနစ်၏ ၈ ရာခိုင်နှုန်း ခန့်ရှိကြောင်း လေ့လာမှတ်သားထားမိပါကြောင်း၊ ထိုပျောက်ဆုံးယူနစ်များအတွက် ထုတ်လုပ်မှုတန်ဖိုးများအား ဓာတ်အားသုံးစွဲသူပြည်သူများမှ မျှခံခြင်း သို့မဟုတ် မည်သည့် ငွေစာရင်းခေါင်းစဉ်အောက်မှ ကျခံနေရပါသလဲဆိုသည့် မေးခွန်းဖြစ်ပါကြောင်း။

တတိယမေးမြန်းမည့်မေးခွန်းက ဒုတိယမေးခွန်းများပြောသွားသည့် အများပြည်သူ သုံးယူနစ် နှုန်းထားခများအပြင် ၎င်းထက်သက်သာသောမီတာခများအတွက် သီးခြားမီတာနှုန်း ထားများရှိ၊မရှိ၊ ရှိခဲ့သည်ဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းတို့အတွက်သုံးစွဲသည့် တစ်သက်တာ ယူနစ်လျော့နည်း ကောက်ခံမှုတန်ဖိုးနှင့် ပြည်သူသုံးတန်ဖိုးတို့ ငွေကွာခြားမှု နှိုင်းယှဉ်ချက်၊ ထိုကဲ့သို့ လျော့နည်းကွာဟမှုရှိသည့် မီတာခများအတွက် ထုတ်လုပ်မှု သုံးစွဲစရိတ်များသည်  လျှပ်စစ်သုံးစွဲသူပြည်သူများမှ မျှ၍ကျခံနေရခြင်း ရှိ၊မရှိ ဆိုသည့်မေးခွန်း ဖြစ်ပါကြောင်း၊ စတုတ္ထမေးခွန်းက နိုင်ငံတော်အစိုးရ၏အားပေးမှု မူဝါဒဖြစ်၍ MSMEs လုပ်ငန်းများ မဟုတ်ဘဲ အများပြည်သူသုံးနေထိုင်သည့် လူနေရပ်ကွက်များမှာ စက်ရုံကြီးများ တည်ဆောက်လျက်ရှိပါကြောင်း၊ ထိုစက်ရုံကြီးများသည် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် အင်မတန်များပြားခြင်း၊ စက်ရုံအရွယ်အစားကြီးမားခြင်း၊ လုပ်ငန်းပမာဏအမျိုးအစားအလိုက် စက်မှုဇုန်များမှ တည်ဆောက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ မြေကွက်ဈေးသက်သာမှု၊ လျှပ်စစ် ဓာတ်အားရရှိမှုတို့ကို အခွင့်ကောင်းယူပြီး လူနေရပ်ကွက်များအတွင်း တည်ဆောက်ထားသည့် ထိုစက်ရုံကြီးများအား စက်မှုဇုန်များကဲ့သို့ တစ်ယူနစ်ကို ၉ ရာခိုင်နှုန်း ကောက်ခံခြင်း၊ စက်ရုံကြီးများ၊ စက်မှုဇုန်များမှာ ပြည်သူများအနားမှာရှိသည့် အတွက်ကြောင့် ပြည်သူများ၏ မီးဘေးမလုံခြုံမှု၊ အသံဆူညံမှု၊ ရေဆိုးရေလာညစ်ပတ်မှုကြောင့် ပြည်သူများမှာ ရေရှည်မှာ ပြဿနာ များကြုံတွေ့ နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းအခက်အခဲများအား မည်သို့ဖြေရှင်းပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည့် မီတာခကောက်ခံမှု စနစ် (Real-time Metering System) ဆိုတာသည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်စပ်လျဉ်းပြီး အချက်အလက်များကို မိနစ်ပိုင်း၊ နာရီပိုင်းအလိုက် အချိန်နှင့်တစ်ပြေးညီ အလိုအလျောက်တိုင်းတာ ထားပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ (Consumer) နှင့် ထိန်းချုပ်ကွပ်ကဲသူ (Utility) တို့က သိရှိနိုင်ရန်နှင့် Online Banking များမှတစ်ဆင့် ဓာတ်အားခပေးချေနိုင်သည်အထိ စီစဉ်ချိတ်ဆက်ထားသည့် စနစ်တစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ Real-time Metering System မှာ တပ်ဆင်ရသည့် မီတာများသည် ရိုးရိုး Analouge နှင့် Digital မီတာများကဲ့သို့ လ၏အဆုံးတွင် တစ်ကြိမ် မီတာ တပ်ဆင်သည့်နေရာတွင် သွားရောက် ဖတ်ရှုရန်မလိုပဲနှင့် သိရှိလိုသည့်အချိန်မှာ Utility ၏ Control Center နှင့် Consumer တို့၏ ချိတ်ဆက်ထားသော Monitoring Display တွင်လည်းကောင်း၊ Web Portal တွင်လည်းကောင်း ချက်ချင်းကြည့်ရှုသိရှိနိုင်သည့်စနစ်ဖြစ်ပါတကြောင်း၊ ဒီစနစ်တွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ အနေဖြင့် အောက်ပါအတိုင်းဖြစ်ပါသည် - 

(က)   Hardware Infrastructure အနေနှင့် ရိုးရိုးမီတာများကဲ့သို့ အချက်အလက်မှတ်သားရုံ သက်သက် Passive မဟုတ်ပြနှင့် ကိုယ်တိုင်တွက်ချက်နိုင်စွမ်း (Logic) ရှိသည့် Smart Meter များ၊ အချက်အလက်များ စုစည်းသည့် Data Concentrators / Gateways များနဲ့ Control Center တို့ပါဝင်ပါကြောင်း၊ 

(ခ)    ဆက်သွယ်ရေးကွန်ရက် (Communication Network) မှာ 4G/5G ၊ Fiber Optic စသဖြင့် မီတာများမှ အချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ ပေးပို့ခြင်း (Real-time Data Transmission) အတွက်ဖြစ်ပါကြောင်း။

(ဂ)     ဆော့ဖ်ဝဲလ်နှင့်စနစ်ပိုင်းဆိုင်ရာ Infrastructure အနေဖြင့် မီတာမှပေးပို့သည့် ကိန်းဂဏန်းများ စိစစ်တွက်ချက်ခြင်းနှင့် သိမ်းဆည်းခြင်း၊ မီတာမှာ မှားယွင်းမှု၊ ချို့ယွင်းမှုရှိနေခြင်းနှင့် ခွင့်ပြုချက်မရှိပဲ မီတာအားဖွင့်၍ ပြုပြင်နေမှုများကို သိရှိနိုင်သည့် Alarm System များလည်း ထည့်သွင်းထားပါကြောင်း။

ဓာတ်အားခငွေတောင်းခံလွှာ (Meter Bill) ထုတ်ပေးခြင်း၊ ဓာတ်အားခ ကြွေးကျန်ရှိသည့် မီတာများကို ဓာတ်အားဖြတ်တောက်ခြင်းနှင့် ပြန်လည် ဆက်သွယ်မှု ပြုလုပ်ခြင်းတို့ကို Control Center မှ အလိုအလျောက်ပြုလုပ်နိုင်ရန် ကွန်ပျူတာ ပရိုဂရမ်၊ ဆော့ဖ်ဝဲလ်များကို စနစ်တစ်ခု တည်ဆောက်ထားပါကြောင်း။

(ဃ)   လုံခြုံမှုနှင့်ပြုပြင်ထိန်းသိမ်းမှုအနေဖြင့် တည်ဆောက်ထားသောစနစ်အား မည်သူ မျှ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးမှုမရှိနိုင်ရန်အတွက် ကာကွယ်မှုနှင့်အမြဲတမ်း အသက်ဝင်နေစေရန်အတွက် စောင့်ကြည့်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ထား ပါကြောင်း။

(င)     ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအနေဖြင့် ဓာတ်အားခငွေတောင်းခံလွှာထုတ်၍ ပေးပို့ ခြင်း စနစ် (Billing System)နှင့် ငွေပေးချေမှုအတွက် Application ProgrammingInterface (API) စနစ်ပြုလုပ်၍ ဘဏ်များ၊ ငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းများ၊ Mobile Banking ဝန်ဆောင်မှုနှင့်ချိတ်ဆက်ပြီး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က Electromagnetic System ကို အသုံးပြုပြီး အခြေခံသည့် Analogue Type လျှပ်စစ်မီတာများကို အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ Digital Meter များ ပြောင်းလဲတပ်ဆင်ခဲ့ပြီး Digital Display ဖြင့် တိကျစွာ ဖတ်ရှုနိုင်လာတာဖြစ်ပါကြောင်း၊ ယခုအခါ Advanced Metering Infrastructure (AMI) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး AMI မီတာစနစ်တွင် မီတာနှင့် DCU (Data Concentrator Unit) ချိတ်ဆက်ခြင်း၊ DCU နှင့် Server များချိတ်ဆက်ခြင်း၊ DCU အသုံးမပြုပဲ SIM Card ကို  မီတာထဲမှာ ထည့်သွင်းတပ်ဆင်ပြီး Server နှင့် ချိတ်ဆက်ခြင်းဖြင့် Data များကို Control Center များရှိ Server များမှာ သိမ်းဆည်းခြင်း၊ Meter Data Management System (MDMS) ကဲ့သို့ Software များ ထည့်သွင်းရေးသား လုပ်ဆောင်ခြင်းတို့ ဖြစ်ပါကြောင်း၊ Main Server ကို နေပြည်တော်တွင် တပ်ဆင်ထားပြီး လက်ရှိအချိန်မှာ AMI Main Server မှာ AMI မီတာ ၇၆၃,၄၄၅ လုံး နှင့် DCU စက်ပစ္စည်း ၂၅,၆၃၄ လုံးတို့ကို မြို့နယ် ၃၀ ခုမှာ ချိတ်ဆက်ထားနိုင်ခဲ့ပါကြောင်း၊ စီမံချက်အရ ဆက်လက်တပ်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသူများတွင် တပ်ဆင်ထားသည့် မီတာအရေအတွက် စုစုပေါင်း ၆,၉၂၇,၀၉၁ လုံး ရှိသည့်အနက်၊ AMI မီတာလဲလှယ်တပ်ဆင်ပြီးဖြစ်သည့် မီတာ ၁,၃၇၃,၀၇၅ လုံး ရှိပြီဖြစ်ပြီး လဲလှယ်ရန် ၅,၅၅၄,၀၁၆ လုံး ကျန်ရှိတာဖြစ်ပါကြောင်း၊ ထို့အပြင် လျှပ်စစ် ဓာတ်အားသုံးစွဲရန် အသစ်လျှောက်ထားသည့် မီတာများအတွက်လည်း ထပ်မံလိုအပ် လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ AMI မီတာများ တိုးချဲ့တပ်ဆင်မှု၊ Main Server များ တိုးချဲ့တပ်ဆင်မှု၊ Billing System နှင့် ဘဏ်ချိတ်ဆက်နိုင်မှု၊ Software & System Infrastructure များကို တိုးချဲ့မှုတို့ကို နှစ်စဉ်လျာထားချက်ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လတ်တလော အနေဖြင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လအလိုက် လျှပ်စစ်ဓာတ်အား ငွေတောင်းခံလွှာ (Meter Bill) အရ ဓာတ်အားခပေးဆောင်ရမည့် ငွေပမာဏကို webportal (www.mescmm.com) တွင် မီတာအမှတ်၊ ကွန်ပျူတာ ဘားကုဒ်ရိုက်ပြီး ကြည့်ရှုနိုင်ရန်အတွက်ကို ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်နှင့် တခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှာလည်းပဲ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် ဘဏ်များ/ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ Mobile Application/Pay များမှတစ်ဆင့် မိမိ Mobile ဖုန်းများတွင် ကြည့်ရှုပေးဆောင်နိုင်စေရေး ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အထက်အပိုဒ်မှာ ဖော်ပြထားသည့် အခြေခံ အဆောက် အအုံများကို အပြည့်အဝတည်ဆောက် အကောင်အထည်ဖော်ပြီးမှသာလျှင် အချိန်နှင့် တစ်ပြေးညီသိရှိနိုင်သည့် မီတာခကောက်ခံမှုစနစ်ကို ရောက်ရှိမှာဖြစ်ပါကြောင်း၊ ယင်းအတွက် ဆောင်ရွက်ရန်အတွက် အချိန်ကာလနှင့် ငွေရေးကြေးရေးဘဏ္ဍာငွေလိုအပ်ပါကြောင်း။

ပျောက်ဆုံး ဓာတ်အားထုတ်လုပ်မှုတန်ဖိုးများ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများက မျှခံနေခြင်း သို့မဟုတ် မည်သည့်ငွေစာရင်းခေါင်းစဉ်အောက်က ကျခံနေရပါသနည်း ဆိုသည့်  မေးခွန်းနှင့် စပ်လျဉ်းပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည်လည်း ထုတ်ကုန်တစ်ခုဖြစ်ပါ ကြောင်း၊အခြားထုတ်ကုန် ပစ္စည်းများကဲ့သို့ ထုတ်ကုန်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ပစ္စည်း၏ မူရင်း တန်ဖိုးအပြင် အဆင့်ဆင့် သယ်ယူပို့ဆောင်စရိတ်၊ တင်ချစရိတ်၊ ဝန်ဆောင်မှုစရိတ်များ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်များအပေါ်မှာ ရောင်းဈေးကို တွက်ချက်သတ်မှတ်သကဲ့သို့ ဆောင်ရွက် ရပါကြောင်း၊ ကျိုးကြောင်းဖော်ပြချက်တွင်ပါရှိသည့် သာမန်အများပြည်သူသုံး မီတာခနှုန်း ထားများအပြင် ၎င်းထက် သက်သာရန် ခွင့်ပြုထားသောနှုန်းထားများ ရှိ၊မရှိနှင့် ရှိခဲ့ပါက လျော့နည်း ကောက်ခံမှုရှိ မီတာခများအတွက် ထုတ်လုပ်မှုစရိတ်လိုငွေအား အများပြည်သူသုံး မီတာခများမှ မျှ၍ကျခံနေခြင်း ရှိ၊မရှိနှင့်စပ်လျဉ်းပြီး လက်ရှိသတ်မှတ်ကောက်ခံထားသော အိမ်သုံးအမျိုးအစား၊ အများပြည်သူ အားလုံး၏ နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း (အိမ်သုံး)၊ စီးပွားရေး လုပ်ငန်းမပါသော ဘာသာ/သာသနာအဆောက်အအုံများထက် သက်သာသည့် နှုန်းထားမရှိပါ ကြောင်း။

 ကျိုးကြောင်းဖော်ပြချက်တွင်ပါရှိသည့် MSMEs လုပ်ငန်းများအတွက် မဟုတ်ပဲ အများပြည်သူနေထိုင်သည့် ရပ်ကွက်များအတွင်းမှာ တည်ဆောက် လည်ပတ်လျက်ရှိသည့် စက်ရုံကြီးအချို့တွင် အများပြည်သူသုံး ဓာတ်အားကိုယူပြီး သုံးစွဲနေကြောင်းနှင့် စက်မှုဇုန်များမှာ တည်ဆောက်ရမည့် စက်ရုံများ ဖြစ်သော်လည်းပဲ ရပ်ကွက်များထဲမှာ လာရောက်တည်ဆောက်ကာ လည်ပတ်နေသည့် စက်ရုံကြီးများအတွက် မည်သို့ဆောင်ရွက်ပေးနိုင်မည်ဟု သိရှိလိုခြင်းနှင့်စပ်လျဉ်းပြီး MSMEs လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံကြီးများနှင့် စက်မှုဇုန်အတွင်းမှာ စက်ရုံများမှ ဓာတ်အား သုံးစွဲရန် ပါဝါမီတာများနှင့် ကိုယ်ပိုင်ထရန်စဖော်မာများ လျှောက်ထားလာခြင်းအပေါ်မှာ စိစစ်ရာမှာ လျှောက်ထားသည့်လုပ်ငန်းနှင့်သက်ဆိုင်သည့် ဌာနမှထုတ်လုပ်ပေးထားသော လုပ်ငန်းလိုင်စင်များ၊ စည်ပင်လိုင်စင်များ၊ စက်မှုလုပ်ငန်းလိုင်စင်များ၊ လျှောက်ထားသူ၏အမည်ပေါက် မြေပိုင်ဆိုင်မှုနှင့် စက်မှုဇုန်အတွင်းဖြစ်ပါက စက်မှုဇုန်ကော်မတီ၏ ထောက်ခံချက်များပါရှိပြီး ဌာနမှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုကို နည်းပညာအရစိစစ်ပြီး လျှောက်ထားလာသည့် ပါဝါမီတာများနှင့် ကိုယ်ပိုင် ထရန်စဖော်မာများအား ဓာတ်အားသုံးစွဲပေးရန်အတွက်ကို ခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။ 

ဦးလှတင့် (လသာမဲဆန္ဒနယ်) မှ ဆက်စပ် မေးခွန်းအား မေးမြန်းပါသည်။

          ဆက်စပ်မေးခွန်း ၂ ခု မေးခွင့်ပြုပါ၊ ပထမတစ်ခုက ပြည်သူများအနေနှင့် လျှပ်စစ်မီး သုံးစွဲသည်မှာ နေ့စဉ်၊ လစဉ် ပုံမှန်သုံးစွဲနေသော်လည်း ဘတ်ဂျက်ပိတ်ခါနီးလများမှာ မည်သည့် အတွက်ကြောင့် ပိုမိုတောင်းခံနေရဆိုသည့် မေးခွန်းဖြစ်ပါကြောင်း နှင့် နောက်တစ်ခုမှ လျှပ်စစ် ဓာတ်အား ခိုးယူသုံးစွဲနေသည့် စက်ရုံ၊ အလုပ်ရုံအကြီးစားများမှာ  ငွေကျပ် ဘီလီယံနှင့် ချီပြီး ခိုးယူသုံးစွဲနေကြပါကြောင်း၊ ၎င်းကိစ္စကို မည်သည့်အတွက်ကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနဝန်ထမ်းများအနေဖြင့် အချိန်မီနှင့်တစ်ပြေးညီ သိရှိခြင်းမရှိပဲ ကြာမှလျော်ကြေး လျော်ခိုင်းခြင်း၊ အရေးယူခြင်းများဖြစ်နေပါကြောင်း၊ ထိုသို့မဖြစ်ရန် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်နှင့် မည်သည့်ဥပဒေများနှင့် အရေးပါသည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုများကို AMI မီတာများ တပ်ဆင်ထားသည့် Control Center မှ ကြည့်ရှုပြီး ဓာတ်အားသုံးစွဲမှုအပေါ်တွင် စိစစ်ပြီး ဓာတ်အားသုံးစွဲမှုပုံမှန်ရှိ၊မရှိ၊ မီတာတွင် ပုံးကိုဖွင့်တာ၊ အခြား External ပစ္စည်းများ ထည့်ခြင်း အားလုံးကို မိမိတို့မှ ကွင်းဆင်းစစ်ဆေးပြီး တရားမဝင်သုံးစွဲခြင်း ဖြစ်သည်ဆိုပါက နစ်နာကြေး၊ ဒဏ်ကြေးရိုက်ပြီး သတ်မှတ်ပုံစံနှင့် ကြည့်ပြီး ဓာတ်အားခတောင်းခံခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မီးသုံးသူများအပေါ်တွင် အဓိက စက်မှုလုပ်ငန်းများ၊ မီးသုံးသူများထဲမှာ တရားမဝင်သုံးစွဲမှုများက မီတာတွေအရဆိုလျှင် Alarm System တွေပါပါကြောင်း၊ ထို Alarm System အရကို အားလုံးကို မှတ်တမ်းတင်ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် စေလွှတ်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။