MY EN

(ခ)- ဦးတင့်လွင်(လောင်းလုံးမဲဆန္ဒနယ်)

2026-10-01
တတိယ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးတင့်လွင် (လောင်းလုံး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လောင်းလုံးမြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ဆက်စပ်ကျေးရွာများအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးရန် အစီအစဉ် ရှိ မရှိ  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ကံပေါက်ဒေသမှ သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ် တစ်မြို့နယ်ဖြစ်သည့် လောင်းလုံးမြို့ တွင် ၃၀-၉-၂၀၂၅ ရက်မှ နှစ်ဖက်ပိတ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး     ၃၃ ကေဗွီ ထားဝယ်၊ လောင်းလုံး၊ Line Fault ဖြင့် ၃၃ ကေဗွီ၊ ၅ အမ်ဗွီအေ လောင်းလုံးဓာတ်အား ခွဲရုံနှင့် ၃၃ ကေဗွီ/ ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဇလွတ်ဓာတ်အားခွဲရုံတို့ ဓာတ်အားပြတ်တောက်ခဲ့ပါကြောင်း၊ လောင်းလုံးမြို့သည် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးဆိုက်ရာ ထားဝယ်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင် ရှိပါကြောင်း၊ ထိုတိုက်ပွဲကြောင့် လောင်းလုံးမြို့နယ် လျှပ်စစ်မှူးရုံးနှင့် ၃၃ ကေဗွီ/ ၁၁ ကေဗွီ   ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ Switch Yard ရှေ့ဝအတွင်း ၃၃ ကေဗွီ/ ၁၁ ကေဗွီ ၅ အမ်ဗွီအေ ထရန်စဖော်မာ၏ Radiator  ၃၃ ကေဗွီ Potential Transformer နှင့် ၁၁ ကေဗွီ Feeder cable တို့သည် ကျည်ထိမှန်၍ ပျက်စီးခဲ့ရပါကြောင်း၊ ၃၃ ကေဗွီ/ ၁၁ ကေဗွီ ၅ အမ်ဗွီအေမှ ဓာတ်အားဖြန့် ဖြူးလျက်ရှိသော ၁၁ ကေဗွီ Feeder cable နှစ်ခု၊ ၃၃ ကေဗွီ လောင်းလုံး-ဇလွတ်ဓာတ်အားလိုင်းမှ ဓာတ်အားများပေးသည့် လောင်းလုံးမြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာ ၅၈ ရွာတို့မှ လျှပ်စစ်ဓာတ် အားသုံးစွဲသူ စုစုပေါင်း ၁၅,၂၁၂ ဦး ဓာတ်အား ပြတ်တောက်လျက်ရှိပါကြောင်း၊ ထိုသို့ ဓာတ်အားပြတ် တောက်မှုကြောင့် ဒေသခံများတွင် မီးစက်၊ ဆိုလာ၊ ဖယောင်းတိုင်၊ ရေနံဆီမီးခွက်တို့ကို အသုံးပြု၍ အလင်းရောင်ရရှိရန် ဖန်တီးနေထိုင်နေကြရပါကြောင်း။

ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ ရပ်ကွက် ၄ ရပ်ကွက် နှင့်ဆက်စပ်ကျေးရွာ ၅၈ ရွာသည် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က

တနင်္သာရီတိုင်းဒေသကြီးသည် မဟာဓာတ်အားလိုင်းစနစ် (National Grid) မှ ချိတ်ဆက်ဓာတ် အား ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ် ကြီးကြပ်မှု ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထားဝယ်ခရိုင်အတွင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့များ၏  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင် ရန်အတွက် ကံပေါက်ဒေသတွင် ၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပါ ကြောင်း၊ ဓာတ်အားပေးစက်များ မောင်းနှင်နိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၁ ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းခန့် ခွဲဝေဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက်   ၃၃ ကေဗွီ ထားဝယ်-လောင်းလုံး-ဇလွတ် ဓာတ်အားလိုင်း၊ ၃၃/၁၁ ကေဗွီ၊ ၅အမ်ဗွီအေ လောင်းလုံး ဓာတ်အားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ၊ ၅အမ်ဗွီအေ ဇလွတ်ဓာတ်အား ခွဲရုံတို့သည်တည်ဆောက်၍ ကံပေါက် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြင့် ဓာတ်အားပေးထားခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် လောင်းလုံးမြို့ပေါ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ အတွင်းကို အကြမ်းဖက်အဖွဲ့မှဝင်ရောက်၍ ပစ်ခတ်ဖျက်ဆီးမှုများကြောင့် Main Transformer နှင့် ဆက်စပ်ပစ္စည်းများပျက်စီး၍ ဓာတ်အားပြတ်တောက်ခဲ့ရပါကြောင်း၊ လက်ရှိနယ်မြေအခြေအနေအရ ပျက်စီးသွားသည့် ထရန်စဖော်မာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများအား ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပါကြောင်း၊ ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို တနင်္သာရီ တိုင်းဒေသကြီး၏အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်ဘတ်ဂျက်တွင် ထည့်သွင်းလျာထား တောင်းခံသွားမည် ဖြစ်ပါကြောင်း၊ နယ်မြေအခြေအနေနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြန်လည်စစ်ဆေး ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှသာလျှင် ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။