MY EN

(ဃ)- ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)

2026-10-01
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မြင့်နိုင် (နောင်ချို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စုသို့ ဓာတ်အားခွဲရုံ တစ် ရုံနှင့်  11 KV အစိုးရလျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

နောင်ချိုမြို့သည် မြို့ပေါ် ၆ ရပ်ကွက် အပါ ၄၁ အုပ်စု၊ ကျေးရွာပေါင်း၂၅၃ ရွာဖြင့် ဖွဲ့စည်း၍ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးနှင့် နောင်ချို-ရပ်စောက်-တောင်ကြီး လမ်းမကြီးများတွင် နောင်ချိုမြို့နယ်မှ ဖြတ်သန်းသွားပါကြောင်း၊ အဓိကလမ်းမကြီးများ ဖြတ်သန်းရာ လမ်းပိုင်းဖြစ်သည့်  မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီး နောင်ချိုမြို့နယ်တစ်လျှောက် ကျေးရွာ အများစုတွင် အစိုးရလျှပ်စစ်မီးများ ရရှိသော်လည်း နောင်ချို-ရပ်စောက်-တောင်ကြီးလမ်းပိုင်းရှိ ကျေးရွာ အုပ်စုအများစုတွင် အစိုးရလျှပ်စစ်မီးရောက်ရှိမှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ရွေးကောက်ပွဲကာလ တွင်သော်လည်းကောင်း၊ လွှတ်တော်သို့ ရောက်ရှိတက်ရောက်၍ ဒေသခံပြည်သူများနှင့် ပြန်လည် တွေ့ဆုံမှု၌သော်လည်းကောင်း လူထု၏ အဓိကလိုချင်တောင့်တဆုံးသောအရာများထဲတွင် ကျေးရွာများ လျှပ်စစ်မီးလင်းရန်ကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။

အစိုးရလျှပ်စစ်မီးသွယ်တန်းပေးနိုင်ရန်ကိစ္စကို ၂၀၁၅-၂၀၂၀ အစိုးရလက်ထက်တွင် ကျေးရွာ များလျှပ်စစ်မီး လင်းနိုင်ရန် ဓာတ်အားခွဲရုံမြေနေရာဝယ်ယူ၍ လျှပ်စစ်လုပ်ငန်း စီမံခဲ့သည့် အနေအထားတွင်ရှိပြီး ထိုဒေသတွင် မြန်မာနိုင်ငံ၏ ၁၄ ပါးမြောက်သော တိပိဋကဓရ တိပိဋကကော ဝိဒ ဘွဲ့တော်ရ ကမ္ဘောဇ ဓနုဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ ဆရာတော်ဘုရားကြီး၏ မွေးရပ်မြေနှင့် ပရိယတ္တိစာသင်ကျောင်းတော်များလည်းတည်ရှိပါကြောင်း၊ ကျေးရွာအုပ်စု ၆ အုပ်စု၊ ရွာပေါင်း ၃၆ ရွာ လူဦးရေပေါင်း ၂၁၃၄၀ ဦး အားကိုးအားထားပြုနေရသည် တိုက်နယ်ဆေးရုံ ၁ ရုံ၊ မီးသတ်ဌာန စခန်းများ၊ စည်ပင်သာယာရွာဈေးများ တည်ရှိပြီး တပ်နယ် ၄ ခု အခြေစိုက်သည် လူနေစည်ကား စုရုံးသည့်နေရာတစ်ခုလည်းဖြစ်ပါကြောင်း၊ အစိုးရအနေနှင့် လျှပ်စစ်မီးများ သွယ်တန်းပေးနိုင်မည်ဆို လျှင် ကျေးရွာများလည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် မိမိရပ်ရွာအတွင်း လျှပ်စစ်မီးရရှိအောင် စုပေါင်း လုပ်ဆောင်ကြမည်ဖြစ်သောကြောင့် ရပ်ရွာများလည်း အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ မိမိတို့ ပါတီ၏ လူထုရွေးကောက်ပွဲတွင် ကတိကဝတ်ပြုထားသည့် ကျေးရွာတိုင်းလျှပ်စစ်မီးရရှိရန် ဆောင်ရွက် ပေးမည်ဆိုသည့် ကတိစကားကိုလည်း ဖြည့်ဆည်းပေးရာရောက်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်ချိုမြို့ အစိုးရလျှပ်စစ်မီးရရှိသည့် ကံကြီးကျေရွာအုပ်စုနှင့် ၁၃ မိုင်အကွာရှိ တောင်ရှည်ကျေးရွာ အုပ်စုကို 11 KV အစိုးရလျှပ်စစ်ဓာတ်အားလိုင်းတစ်ခုနှင့် ဓာတ်အားခွဲရုံတစ်ရုံကို မည်သည့် ဘဏ္ဍာရေး နှစ်တွင် အနီးစပ်ဆုံးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က

နောင်ချိုမြို့နယ်ရှိ ကံကြီးကျေးရွာကို  ၃၃/၁၁ ကေဗွီ ရွှေညောင် ပင်မဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ နောင်ချိုမြို့နယ်အတွင်း မြို့တွင်းဖီဒါမှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးပေးထား၍ ၁၁ ကေဗွီ ဓာတ်အား လိုင်းတွင် ကံကြီးကျေးရွာအထိ ၂၁ မိုင်ခန့် ရှည်လျားပါကြောင်း၊ ကံကြီးကျေးရွာမှ တောင်ရှည် ကျေးရွာအထိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၃ မိုင်ခန့် ထပ်မံဆွဲသွားရမည်ဖြစ်သော်ကြောင့် စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းအနေနှင့် ၃၄ မိုင်ခန့်ရှိတွင်ဖြစ်သည့် အတွက်ကြောင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် နည်းပညာအရ သင့်လျော်မှုမရှိသည့်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၁ ရုံ ကိုထပ်မံတည်ဆောက်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နောင်ချို မြို့နယ်ရှိ  တောင်ဘက်ခြမ်းတွင် ရှိသည့် တောင်ရှည်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ လျှပ်စစ်မီးရရှိ ရန်အတွက် ၃၃ ကေဗွီ ရေလင့်ဓာတ်အား ခွဲရုံမှ တောင်ရှည်ကျေးရွာသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် တောင်ရှည်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းသည် ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြည်ထောင်စုရန်ပုံငွေတွင် လျာထားပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။