နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀.၉.၂၀၂၆) မေးမြန်းခဲ့သောမေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ
MY EN

(ဆ)- ဒေါ်အိဖြူလွင်(ဂန့်ဂေါမဲဆန္ဒနယ်)

2026-09-30
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်အိဖြူလွင် (ဂန့်ဂေါ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဂန့်ဂေါမြို့၊ ဆေးရုံများ၌ အရေးပေါ်လိုအပ်နေသည့် ဆေးရုံအုပ်နှင့် ဆရာဝန်များ အမြန်ဆုံးစေလွှတ် ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းတွင် ဂန့်ဂေါခရိုင် ပြည်သူ့ဆေးရုံကြီး တစ်ခုနှင့်ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကန်၊ မင်းရွာ၊ ကျောတိုက်နယ်ဆေးရုံ ၅ ခု စုစုပေါင်း ဆေးရုံ ၆ ခုရှိပြီး ကန်တိုက်နယ် ဆေးရုံနှင့် မင်းရွာတိုက်နယ်ဆေးရုံ ၂ ခုမှာ နယ်မြေစိုးမိုးမှုမရှိသေးသော်လည်း ကျန်ဆေးရုံများ ဖြစ်ကြသည့် ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံကြီးနှင့်  ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကျောတိုက်နယ်ဆေးရုံတို့မှာ နယ်မြေစိုးမိုးမှုရှိသည့် နေရာများဖြစ်၍ ဆေးရုံကျန်းမာရေး ဝန်ထမ်းများ လာရောက်တာဝန် ထမ်းဆောင်ရပါကြောင်း၊ ဂန့်ဂေါ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများနှင့် အခြား အဆင့်များ စုစုပေါင်း ၂၅၈ ဦး ခွင့်ပြုစာရင်းရှိသော်လည်း လက်ထောက်ဆရာဝန် ၁ ဦး၊ သူနာပြုနှင့် အခြားအဆင့် ၂၃ ဦး စုစုပေါင်း ၂၄ ဦးသာ တာဝန်ထမ်းဆောင်၍ ၂၃၄ ဦးမှာ လစ်လပ်လျက် ရှိနေပါကြောင်း၊ ဟံသာဝတီတိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ခွင့်ပြု အင်အား ၁၉ ဦးရှိသော်လည်း အခြားအဆင့် ၂ ဦးသာ တာဝန်ထမ်းဆောင်၍ ၁၇ ဦး လစ်လပ်နေပြီး မြောက်ခင်ရန်းတိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ခွင့်ပြုအင်အား ၁၇ ဦး ရှိသော်လည်း တာဝန်ထမ်းဆောင်တစ်ဦးမျှမရှိ၍ ၁၉ ဦးလုံး လစ်လပ်နေပါကြောင်း၊  ကျောတိုက်နယ် ဆေးရုံတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ခွင့်ပြုအင်အား ၁၉ ဦးရှိသော်လည်း သူနာပြု ၁ ဦးနှင့် အခြားအဆင့် ၃ ဦး စုစုပေါင်း ၄ ဦးသာ တာဝန်ထမ်းဆောင်သဖြင့် ၁၅ ဦး လစ်လပ်ပါကြောင်း။

ဂန့်ဂေါမြို့နယ်တစ်ခုလုံးတွင် မှီတင်း နေထိုင်ကြသော ပြည်သူများအားလုံးသည် ဂန့်ဂေါခရိုင် ပြည်သူ့ဆေးရုံကြီးကိုသာ အားကိုးနေကြရ တာဖြစ်ပြီး ဆေးရုံတွင် ဆေးရုံအုပ်ကြီးအပါအဝင် အထူးကုဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားအဆင့်များ လစ်လပ် နေသည်ကတစ်ကြောင်း၊ ဆေးရုံသုံး ကိရိယာများ၊ ဆေးဝါးများ မစုံလင်တော့သည်က တစ်ကြောင်းတို့ကြောင့် အချိန်မီဆေးကုသရန် အရေးပေါ်လိုအပ်သော အများပြည်သူတချို့မှာ အသက်ဆုံးရှုံးမှုများ ရှိနေပါကြောင်း၊ ဂန့်ဂေါခရိုင်မြို့တွင် မှီတင်းနေထိုင်ကြသည့်ပြည်သူများမှာ အချိန်မီဆေးကုသရန် အရေးတကြီး လိုအပ်သောလူနာများ၊ အချိန်မီဆေးကုသခွင့်မရရှိ၍ အသက်ဆုံးရှုံးမှုများစွာရှိနေခြင်း၊ နေ့စဉ် လာရောက်ပြသလျက်ရှိသော ပြင်ပလူနာနှင့် အတွင်းလူနာ တို့မှာ ကုသပေးရန် လက်ရှိ လက်ထောက် ဆရာဝန် ၁ ဦးတည်းအင်အားဖြင့် ကုသရန် မလုံလောက် ခြင်း၊ အရေးပေါ်ခွဲစိတ်ကုသမှုများနှင့် လူနာ အသက်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အချိန်မီ ကုသမှုပေးရန် အလွန်ခက်ခဲခြင်း၊ ရှိရင်းစွဲ လက်ထောက်ဆရာဝန် ၁ ဦးမှာလည်း အချိန်ပြည့် တာဝန်ထမ်းဆောင်နေရသဖြင့် လုပ်ငန်းခွင်အတွင်း အလွန်အမင်းပင်ပန်းနွမ်းနယ်မှု ကြုံတွေ့နေရ ခြင်းစသည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

ကျန်းမာရေးသည် လူသားတစ်ဦး ချင်းစီအတွက်သာမက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အစားထိုး၍မရသည့် အရေးကြီးဆုံးအရာဖြစ်ပါကြောင်း၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည့် အတိုင်း ဘဝတွင် မည်သည့် အရာများ ပိုင်ဆိုင်ထားသည်ဖြစ်စေ ကျန်းမာရေးမကောင်းပါက ထိုအရာ များကို အပြည့်အဝခံစား နိုင်မှာ မဟုတ်ဘဲ ကျန်းမာရေးသည် ဘဝ၏အခြေခံအုတ်မြစ်ဖြစ်၍ ရွှေ၊ ငွေထက်အဖိုးတန်တဲ့အရာဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုသည် အင်မတန်မှအရေးပါ သည့် အရာဖြစ်၍ ဆရာဝန်အမြန်ဆုံးရရှိပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းပေးနိုင် မှသာလျှင် ဒေသခံပြည်သူများမှာ ကျန်းမာသည့်လုပ်သားအင်အားစုဖြစ်ကာ စီးပွားရေး၊ ပညာရေး ကဏ္ဍပေါင်းစုံတို့တွင် ပိုမိုမြန်ဆန်စွာဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါကြောင်း။ 

ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်ပါလျက် ဆရာဝန်မလုံလောက်သည့်ပြဿနာ၊ ဆရာဝန်မရှိသည့် ပြဿနာသည် ဒေသခံပြည်သူများ၏ အသက် အန္တရာယ်ကို တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်၍ အလွန် အရေးကြီးပြီး အမြန်ဆုံးဖြေရှင်းရမည့်ကိစ္စ ဟုမြင်မိပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေးအတွက် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် အထက်ဖော်ပြပါဆေးရုံများမှ လစ်လပ် နေသည့် ကျန်းမာရေးဝန်ထမ်းများ အားလုံးအား စေလွှတ်နိုင်ခြင်းမရှိသေးပါကလည်း ဂန့်ဂေါခရိုင် ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် လိုအပ်နေသည့် ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များနှင့် ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကျော တိုက်နယ်ဆေးရုံများမှာ တာဝန်ခံဆရာဝန်များ အမြန်ဆုံးစေလွှတ် ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်းက

          မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် ဒေါက်တာဝင်းထိုက်နှင့် ကျန်းမာရေးဝန်ထမ်း ၁၈ ဦး လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ယခင်က ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများက နယ်မြေလုံခြုံရေးအခြေအနေအရ မကွေးတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနတွင်  တချို့ကို တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိနေတာ ဖြစ်ပြီး လက်ရှိ ဂန့်ဂေါဆေးရုံတွင်  တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းအများစုက ဒေသခံများ ဖြစ်သည့် အတွက်ကြောင့် သူတို့ဆက်လက်တာဝန်ထမ်းဆောင် နေခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် တွဲထားသည့် ဂန့်ဂေါပြည်သူ့ဆေးရုံက ဝန်ထမ်းများ ကိုလည်း အမြန်ဆုံးပြန်လည်စေလွှတ်နိုင်ရေးအတွက် ဒေသအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာန၏ တိုင်းဒေသကြီး ဦးစီးမှူးမှတစ်ဆင့် အမြဲစဉ်ဆက်မပြတ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ ဆေးရုံကြီး၊ မကွေးမြို့မှ လက်ထောက်ဆရာဝန်များကို တွဲဖက်တာဝန်ချထားရေးကို လာမည့် လအတွင်း၌ ဆောင်ရွက်နိုင်အောင်ကြိုးပမ်းနေပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါ်အိဖြူလွင်(ဂန့်ဂေါမဲဆန္ဒနယ်)မှ ဆက်စပ်မေးမြန်းခဲ့ပါသည်-

ဂန့်ဂေါမြို့ပေါ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်း ၁,၅၃၁ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တိုက်ပွဲရှောင်မိသားစုများ၊ ကျောင်းသား ကျောင်းသူများမှာ နယ်မြေဒေသအခြေအနေအရ မြို့ပြင်သို့ ထွက်ခွာ၍မရရှိသဖြင့် ၎င်းတို့အတွက်  ကျန်းမာရေး စောင့်ရှောက်မှု အထူးလိုအပ်လျက်ရှိပါကြောင်း၊ အသက်တစ်ချောင်း အပိုမပါသည့် ဝန်ထမ်းပြည်သူများမှာ အရေးတကြီးဆေးကုသရန် လိုအပ်လာပါက အသက်ဆုံးရှုံး ခံရမည့်အနေအထားသို့  ရောက်ရှိနေပါကြောင်း၊ မြို့ပြင်သို့ ထွက်ခွာ၍ရသည့် အရပ်သားပြည်သူများ အနေဖြင့်လည်း အရေးပေါ်ဆေးကုသရန် လိုအပ်လာပါက ဆေးရုံတွင် အရေးပေါ်ဆေးကုသရန် ဆရာဝန်များ မရှိသဖြင့် အသက်သည်သာ အဓိကဟုဆိုကာ ၎င်းတို့နေထိုင်ပိုင်ဆိုင်သည့် အိမ်၊ ခြံ၊ ဝိုင်းမြေများကို ပေါင်နှံရောင်းချကာ မိုင်ပေါင်းများစွာဝေးလံလှသည့် မန္တလေးမြို့သို့ ခရီးလမ်းကြမ်း များမှ သွားရောက်ကုသ နေရသဖြင့် များစွာသော အခက်အခဲဒုက္ခများကို ခါးစည်းခံနေကြရပြီး ဘဝ ပျက်ရသည့်အနေအထားသို့ ရောက်ရှိနေကြရပါကြောင်း၊ ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် လစ်လပ်လိုအပ်နေသည့် ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များကိုလည်း အမြန်ဆုံး စေလွှတ်ပေးနိုင်ပါရန် ထပ်မံတောင်းဆိုတင်ပြအပ်ပါကြောင်း၊ တိုက်နယ်ဆေးရုံများဖြစ်သည့် ဟံသာဝတီရွာ၊ မြောက်ခင်ရန်းရွာနှင့် ကျောမြို့တွင်လည်း တပ်မတော်သားများနှင့် ပြည်သူ့စစ်များ စိုးမိုးထားသည့်နယ်မြေဖြစ်၍ ပြန်လည်စဉ်းစားသုံးသပ်ပြီး များမကြာမီကာလများအတွင်းတွင် လစ်လပ်လိုအပ်နေသည့် တာဝန်ခံဆရာဝန်များ စေလွှတ်ပေးစေလိုပါကြောင်း ဆက်စပ်မေးမြန်းခဲ့ ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က

          ဝန်ထမ်းတွေ အဲဒီကိုသွားသည့် လမ်းခရီးလုံခြုံမှုအခြေအနေ ဖြစ်ပြီး ဒေသအစိုးရဆီမှာ တင်ပြထားရှိပြီး ဥပမာအားဖြင့် တပ်မတော်ယာဉ်တန်း များသွားရန် ရှိသည့် အခါမျိုး၌ ဒေသအစိုးရအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များ ယာဉ်တန်းနှင့်သွားရောက် သည့်အခါမျိုးမှာ လိုက်ပါနိုင်ရေးအတွက် စီစဉ်ထားရှိပြီး အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။