တမူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအတွက် အထူးကုဆရာဝန်များ ခန့်ထားပို့ဆောင်ရန်၊ လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများအား ပို့ဆောင်ပေးရန် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
တမူးမြို့သည် ကလေးမြို့နှင့် ၈၃ မိုင်ကွာဝေးပြီး အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေသည့် နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပြီး တမူးမြို့မှာ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၂ အုပ်စု၊ ကျေးရွာပေါင်း ၆၁ ရွာတည်ရှိပါကြောင်း၊ မြို့နယ်မှာ အိမ်ခြေ ၂၁,၃၉၁ အိမ်၊ အိမ်ထောင်စု ၂၃,၈၆၃ စုနှင့် လူဦးရေစုစုပေါင်း ၁၁၂,၆၂၅ ဦးတို့ နေထိုင်ကြပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ယခင်က မြို့ပေါ်တွင် ခုတင် ၁၀၀ ဆံ့ ခရိုင်ဆေးရုံ ၁ ခု၊ မင်းသာကျေးရွာ၊ ဟုတ်ကိုင်ကျေးရွာ၊ မြို့သစ် မြို့နယ်ခွဲနှင့် ခန်းပတ်မြို့နယ်ခွဲတို့တွင် တိုက်နယ်ဆေးရုံများ၊ ကျေးရွာ အုပ်စုများမှာကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်း နယ်မြေမတည်မငြိမ်မှုဖြစ်စဉ်များတွင် တမူးမြို့နယ်ရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနခွဲများမှာ ဖွင့်လှစ်နိုင်ခြင်း မရှိတော့သဖြင့် မြို့ပေါ်နှင့် အနီးနားတွင် ရှိသည့် ကျေးရွာပြည်သူ များမှာ ပြည်သူ့ဆေးရုံကြီးကိုသာ အားကိုးအားထားပြုနေရပြီး ဆေးရုံကြီးမှာ ခုတင် ၁၀၀ ဆံ့ ခရိုင်အဆင့်ဆေးရုံကြီးဖြစ်သော်လည်း ဆေးရုံမှာ လက်ရှိခန့်ထားပေးနိုင်သည့် ဝန်ထမ်းအင်အားစာရင်း အရ ဆေးရုံအုပ်ကြီး တစ်ဦးတည်း ဖြင့် ကြိုးစားလည်ပတ် ရုန်းကန်လှုပ်ရှားနေရတာဖြစ်သဖြင့် အရိုးအကြော ခွဲစိတ်ဆေးရုံကြီး ကို လည်း ယခုအချိန်ထိ ပိတ်ထားနေရဆဲဖြစ်ပါကြောင်း၊ တမူးမြို့ဆေးရုံကြီးမှာဆိုလျှင် တင်ပြပါ အတိုင်း ဆေးရုံအုပ်ကြီးတစ်ဦးထဲသာရှိပြီး အထက်တန်းသူနာပြုတစ်ဦး သူနာပြုအဆင့် (၃) ၃ ဦး၊ အထွေထွေ လုပ်သား ၁၅ ဦးစုစုပေါင်း ဝန်ထမ်းအင်အား ၂၁ ဦးနှင့် ဆောင်ရွက်နေရတာဖြစ်ပြီး ဖွဲ့စည်းပုံ အရ ၂၀၁ ဦးရှိသော်လည်း ၁၈၀ ဦးထိ လစ်လပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရုံ တွင်ရှိသည့် ဆေးဝါး များမှာလည်း လမ်းပမ်းဆက်သွယ်ရေးအခက်အခဲအရ လုံလောက်မှုမရှိတော့ဘဲ ပြင်ပဆေးဆိုင်များတွင်ဝယ်နေရသဖြင့် ဆေးဖိုးများအဆမတန် ကုန်ကျခံနေရပြီး သွေးသွင်း ရမည့် လူနာများအနေဖြင့် ဆေးရုံမှာ သွေးအိတ်မရှိ အပြင်တွင်လည်း သွေးအိတ်ဝယ်လို့မရ အသက် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ ရသည်များလည်းကြုံတွေ့ခဲ့ရပါကြောင်း။
တမူးခရိုင်၊ တမူးမြို့ရှိခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်လျှက်ရှိသည့် အထူးကု ဆရာဝန် များ၊ လက်ထောက် ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများအား ခန့်ထားပေးနိုင်ပါရန်နှင့် ဆေးရုံ အဆင့်နှင့်ညီသော ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများအား ပို့ဆောင် ပေးနိုင်ရန် အစီအစဉ် ရှိ မရှိသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်းက
တမူးပြည်သူ့ဆေးရုံကြီးမှာ လက်ရှိ ဆေးရုံအုပ် ဒေါက်တာထန်ရှန်းခိုင် တာဝန် ထမ်းဆောင် လျက်ရှိပြီး ၎င်းဆရာဝန်အနေဖြင့် အတွေ့အကြုံရင့်ကျက်ပြီး ခွဲစိတ်ကုသမှု များကို ကောင်းစွာ ဆောင်ရွက်နိုင်သည့် လုပ်သက်ရင့် ဆရာဝန်တစ်ဦးဖြစ်ပါကြောင်း၊ တမူးပြည်သူ့ဆေးရုံမှာ အတွင်း လူနာ ၂၄ ဦးပျမ်းမျှအားဖြင့် ကျန်းမာရေးစောင့်ရှောက် ပေးလျက်ရှိတာဖြစ်ပြီး ကျန်းမာရေး ဝန်ကြီး ဌာနအနေဖြင့် တမူးပြည်သူ့ဆေးရုံကြီးကို အထူးကုဆရာဝန်များ ထားရှိနိုင်ရေးအတွက် စဉ်ဆက် မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တချို့ကို တာဝန်ချထားသော်လည်းပဲ လုံခြုံရေးအခြေအနေကြောင့် သွားရောက်ရန်အတွက် စိုးရိမ်စိတ် ဖြင့်ပျက်ကွက်မှုများလည်း ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း မဆုံးရှုံးချင် သည့် အတွက် တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်ပင်ပြီး အမြန်ဆုံးပို့ဆောင် နိုင်မှုကို စီစဉ်ဆောင်ရွက်နေကြောင်း။
အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရန်အတွက် ခွဲစိတ်အထူးကုဆရာဝန်၁ ဦးကို လာမည့် အောက်တိုဘာလအတွင်းတွင် မဖြစ်မနေခန့်ထားပေးနိုင်ရေးအတွက် ဆောင်ရွက်ပေး သွားမည် ဖြစ်ပါ ကြောင်း၊ထပ်မံပြီး နယ်မြေဒေသအခြေအနေနှင့် ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ အပေါ်တွင် မူတည်ပြီး လိုအပ်သည့် အထူးကုဆရာဝန်များကို ရွေးထုတ်ပြီး ထပ်မံလျာထား ပေးပို့သွားမည်ဖြစ်ပြီး တမူးပြည်သူ့ဆေးရုံသည် ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်သဖြင့် ကုသရေး ဦးစီးဌာန၊ ဖြန့်ဖြူးရေးဌာနခွဲမှ ဆေးနှင့်ဆေးပစ္စည်းတွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေး ဦးစီးဌာန မှတစ်ဆင့် ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တမူးမြို့ပြည်သူ့ဆေးရုံသို့ ထောက်ပံ့မည့်ဆေးဝါးများကို ချင်းတွင်း မြစ်ရေကြောင်းလမ်းမှကလေးဝဆိပ်ကမ်းသို့ ပို့ဆောင်ပြီးကလေးဝဆိပ်ကမ်းမှ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ယာယီထားရှိပြီး ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် တမူးမြို့ ပြည်သူ့ ဆေးရုံကို လိုအပ်သည့် အစီအစဉ်ဖြင့် သွားရောက်သယ်ယူပို့ဆောင်မှုတွေ ဆောင်ရွက်ပေး လျက်ရှိ တာဖြစ်ပါကြောင်း၊ ပထမဆုံး မုံရွာကိုရောက်အောင်ပို့ဆောင်ရပြီး မုံရွာကနေ ကလေးဝ သို့ ပို့ဆောင်၍ ကလေးမြို့တွင် ယာယီ ထိန်းသိမ်းထားရပါကြောင်း၊ တခြားဆေးများကို တိုက်ရိုက် ပေးပို့လျက်ရှိသော်လည်း ကာကွယ်ဆေးကဲ့သို့သော အအေးခန်း၌ ထားရှိသည့် ဆေးများကို ကလေး မြို့ တွင်သာ ထိန်းသိမ်းထားရှိနိုင်တာ ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် လိုအပ်သည့် အချိန်တွင် ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး) နှင့် ညှိနှိုင်းပြီး တပ်မတော်ရဟတ်ယာဉ်ဖြင့် အချိန်မီ ပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။