ဇီးကုန်းမြို့နယ်၊ အုတ်ဖို-သစ်နဖားပင်-ရေအိုးစင်ကုန်း-သစ်နဖားကျေးရွာချင်းဆက် ကျောက်ချော လမ်းအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့ တင်ပြမေးမြန်းလိုသည်မှာ ဇီးကုန်း-သစ်နဖား-လေးမျက်နှာ ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော အုတ်ဖို - သစ်နဖားပင် - ရေအိုးစင်ကုန်း - သစ်နဖား ကျေးရွာချင်းဆက် ကျောက်ချော လမ်းအရှည် ၁၂,၈၀၀ ပေ၊ အကျယ် ၃၀ ပေ ပျက်စီးနေပါသဖြင့် ပြန်လည် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်အခါတွင် ဆောင်ရွက်ပေးမည် အား ဒေသခံ ပြည်သူ များ၏ကိုယ်စား မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး
ယခုတင်ပြသည့်ပုံမှာ ဇီးကုန်းမြို့နယ်၊ သစ်နဖား- ရေအိုးစင်ကုန်း-သစ်နဖားပင် - သစ်ဖြူ ကွင်းလမ်းတည်နေရာပြမြေပုံဖြစ်ပြီး ဝ မိုင် မှ ၅ ဖာလုံ မှာ ကျောက်လမ်းပိုင်း ဖြစ်ပါ ကြောင်း၊ ၅ ဖာလုံမှ ၁ မိုင်၊ ၁ ဖာလုံကြား အမာခံ လမ်းပိုင်း၏ လက်ရှိမြေပြင်မှတ်တမ်းဓာတ်ပုံဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် သစ်နဖား-ရေအိုးစင်ကုန်း-သစ်နဖားပင်-သစ်ဖြူကွင်း လမ်းသည် တိုင်းဒေသကြီးမှစီမံခန့်ခွဲသောလမ်းဖြစ်ပြီး ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲသော လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ၂ မိုင်၊ ၅ ဖာလုံရှိပြီး ကျောက်ချောလမ်း ၅ ဖာလုံနှင့် အမာခံလမ်း ၂ မိုင် ရှိပါကြောင်း၊ လက်ရှိမြေပြင်အခြေအနေတွင် အမာခံလမ်း ၂ မိုင်မှာတချို့နေရာများတွင် ပျက်စီး လျက်ရှိပါကြောင်း၊ ကျောက်ချောလမ်း၏ အဆုံး ၅ ဖာလုံမှစပြီး မြေသားတာဘောင် ချဲ့ခြင်း နှင့် ကျောက်ချော လုပ်ငန်း ၄ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေမှ လျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ခဲ့ပါသည်။