ကျိုက်ထီးရိုးစေတီတော် တည်ရှိရာဒေသသို့ နိုင်ငံခြားခရီးသည်များ လာရောက်ခွင့်ရှိသည့် အခြေ အနေအား ဖြေလျှော့ပေးရန် သို့မဟုတ် ၎င်းတို့ အလွယ်တကူဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရပ်တန့်ခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်ဖွင့်ပြီး အိမ်နီးချင်းနိုင်ငံများ၏ ခရီးသွားဧည့်သည်များ စတင်ကာ ပြန်လည်ထူထောင်ခဲ့ရသည်များကို အားလုံးအသိဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရီးသွားလုပ်ငန်းဆို သည်မှာ Non-Smoking Industry (မီးခိုးမထွက်သောလုပ်ငန်းစက်ရုံကြီး) ဖြစ်ပြီး နိုင်ငံတော် အတွက် နိုင်ငံခြားငွေ အများဆုံးရရှိသည့် လုပ်ငန်းထဲမှတစ်ခုဖြစ်ပါကြောင်း။
ယခုအခါ နိုင်ငံတော်အစိုးရမှ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ရေးဆွဲပြီး ကမ္ဘာလှည့်ခရီးသည်များ လွယ်ကူစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် နည်းမျိုးစုံနှင့် ဆောင်ရွက်လျက်ရှိသော်လည်း မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဒေသကို ကန့်သတ်နေမြေအဖြစ် သတ်မှတ်ထားခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည်များ၊ ဧည့်သည်များ ကျိုက်ထီးရိုးဒေသသို့ လွတ်လပ်စွာ ဝင်ရောက်သွားလာခွင့်မရှိသေးပါကြောင်း၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၁၄ ရက်ကြိုတင်၍ ခွင့်ပြုချက် (Permission) တင်ပြီး ခွင့်ပြု ချက်ရပြီးမှ ဝင်ရောက်ခွင့်ရရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကြိုတင်ခွင့်ပြုချက် (Permission) တင်ရသည့် ကိစ္စများကို မြန်မာနိုင်ငံရှိ Travel and Tour ကုမ္ပဏီများမှ ချိတ်ဆက်၍လာသော နိုင်ငံခြားသား ဧည့်သည်များအတွက်သော်လည်းကောင်း၊ Tour ကုမ္ပဏီများမှ တာဝန်ယူ၍ ဆောင်ရွက်ပေးရသော Tour ကုမ္ပဏီများနှင့်ချိတ်ဆက်မထားသည့် ဧည့်သည်များအတွက် ၎င်းတို့ တည်းခိုမည့် ဟိုတယ်များမှ တာဝန်ယူ၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တစ်ဆင့် ပြည်နယ်အစိုးရသို့ တင်ထားပြီး ခွင့်ပြုချက်ရယူနေရကြောင်း၊ ယခုကဲ့သို့ ကမ္ဘာတွင် အထင်ရှား ဆုံးနေရာတစ်ခုဖြစ်သည့် ကျိုက်ထီးရိုး ဒေသသို့ လာရောက်သော နိုင်ငံခြားသားဧည့်သည်များ Permission တောင်းခံပြီးမှ လာရောက်ရခြင်း ကြောင့်လည်းကောင်း၊ ကျိုက်ထီးရိုးသို့ လာရောက်သည့် ခရီးစဉ်တွင် စစ်ဆေးဂိတ်အဆင့်ဆင့်၌ စစ်ဆေးခံရပြီးမှသာ လာရောက် ခွင့်ရရှိ ကြသည်ကတစ်ကြောင်း စသည်တို့ကြောင့် တချို့သော နိုင်ငံခြား သားဧည့်သည်များသည် စိတ်ပျက်သွားကြ၍ ကျိုက်ထီးရိုးခရီးစဉ်ကို ဖျက်ပြီး မြန်မာနိုင်ငံရှိ အခြားသော နေရာများသို့သာ သွားရောက်လည်ပတ်ကြသည်ကို သိရှိကြ၍ များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ သို့ဖြစ်ပါ၍ ကျိုက်ထီးရိုးဒေသသို့ နိုင်ငံခြားခရီးသည်များ ပိုမိုဝင်ရောက်သွားလာနိုင်ရေးအတွက် ခရီးသွား လုပ်ငန်း မြှင့်တင်ရေးအတွက် ယခုကဲ့သို့ ၁၄ ရက် Permission တင်ပြီးမှ လာရောက်ရသည့် အခြေအနေများကို ဖြေလျှော့ပေးနိုင်ရန် ဖြစ်နိုင်ပါသလား၊ သို့မဟုတ် နိုင်ငံခြားသားခရီးသည်များ ယခုထက်ပို၍ အလွယ်တကူသွားလာနိုင်ရန်အတွက် မည်ကဲ့သို့အစီအစဉ်များ ဆောင်ရွက်ကူညီပေး နိုင်မည့်အခြေအနေများကို သိလိုပါကြောင်း ဒေသခံပြည်သူများ၏ကိုယ်စား မေးမြန်းခဲ့ပါသည်။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က
မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းပေါင်းစပ်၍ ရှင်းလင်းတင်ပြဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ကျိုက်ထီးရိုး စေတီတော်သည် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်ရှိပြီး အမြင့်ပေ ၃,၆၁၅ ပေ၊ ပေါင်းလောင်းတောင်ထိပ်တွင် တည်ရှိပြီး ကျိုက်ထိုမြို့မှ ၁၈ မိုင်ခန့်ကွာဝေးပါကြောင်း၊ ကျိုက်ထီးရိုးရင်ပြင်တော်သည် ၈.၉၅ ဧကကျယ်ဝန်းပြီး ခြေလျင်တောင်တက်လမ်းပိုင်းသည် ၇ မိုင်၊ ၄ ဖာလုံခန့်ရှိပြီး တောင်တက်ကားလမ်းသည် ၈ မိုင်ခန့်ကွာဝေးလျက်ရှိရာ နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ကင်မွန်းချောင်ကျေးရွာသို့ရောက်ရှိပါက တောင်တက်မော်တော်ယာဉ်များဖြင့် တက်ရောက်လျက်ရှိသော ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ ခရီးလှည့်လည်ရေးကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သည့် (Package Tour)ခရီးစဉ်များအား ခွင့်ပြုမိန့်ရရှိနိုင်ရန် အတွက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာနများသို့ တင်ပြပြီး လုံခြုံရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ခရီးစဉ်ခွင့်ပြုမိန့်အား ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာရုံးခွဲများနှင့် သက်ဆိုင်ရာခရီး လှည့်လည်ရေးကုမ္ပဏီများသို့ ပေးပို့ဆောင်ရွက်လျက် ရှိပါကြောင်း၊ လိုင်စင်ရ ခရီးလှည့်လည်ရေးကုမ္ပဏီများအား ခရီးစဉ်ခွင့်ပြုချက် အချိန်မီရရှိနိုင်စေ ရေးအတွက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ခရီးစဉ်မတိုင်မီ ရုံးပိတ်ရက်မပါ ၁၀ ရက်ကြိုတင် တင်ပြရန် အကြောင်းကြားဆောင်ရွက်ခဲ့မှုအပေါ် ခရီးလှည့်လည်ရေးကုမ္ပဏီများမှ အခက်အခဲရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှတစ်ဆင့် တင်ပြခဲ့မှုအပေါ် ကြိုတင် ခွင့်ပြုမိန့် တင်ပြရမည့်ကာလအား ၇ ရက်အဖြစ် ၂၉-၈-၂၀၂၂ ရက်တွင် ပြောင်းလဲအသိပေး ဖြေလျှော့ဆောင်ရွက်ပေးခဲ့ပါကြောင်း။
သို့သော် ခရီးစဉ် ကြိုတင် တင်ပြရမည့်ကာလအား ၇ ရက်အဖြစ် သတ်မှတ်ဆောင်ရွက် နေမှုအပေါ်တွင် ခရီးစဉ်လုံခြုံရေးကိစ္စများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် အခက်အခဲရှိသည့်အတွက် ခရီးစဉ်မတိုင်မီ ၁၀ ရက် ကြိုတင်ပေးပို့ရန် သက်ဆိုင်ရာဌာနများ၏ ညှိနှိုင်းလာမှုအရ ခရီးလှည့်လည်ရေး ကုမ္ပဏီများ၏အစီအစဉ်ဖြင့် ဝင်ရောက်သည့်ခရီးစဉ်(Package Tour)များအတွက် ခရီးစဉ်ကြိုတင် ခွင့်ပြုမိန့်ရရှိစေရေး ရုံးပိတ်ရက်မပါ ၁၀ ရက် ကြိုတင် တင်ပြရန် ၂၂-၁၁-၂၀၂၄ ရက်မှစ၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ ပြန်လည်အသိပေး အကြောင်းကြားဆောင်ရွက်ခဲ့ပါကြောင်း။
ကျိုက်ထီးရိုးရင်ပြင်တော်စေတီတော် လုံခြုံရေးနှင့် နိုင်ငံခြားသားခရီးသွားများလုံခြုံရေးအတွက် ကျိုက်ထီးရိုးရင်ပြင်တော်၊ ရသေ့တောင်နှင့် ကင်ပွန်းချောင်တောင်တက်ကားဂိတ်တို့တွင် တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ၅,၇၈၆ ဦးနှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်အထိ ၄,၄၉၃ ဦးရှိရာ ၂၀၂၅ ခုနှစ်အတွင်း ခရီးစဉ်လုံခြုံရေး ၄၆၈ ကြိမ်၊ မော်တော်ယာဉ်ခရီးစဉ် ၁၅ ကြိမ်နှင့် အထွေထွေကူညီမှု ၁၂၇ ကြိမ်တို့ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်အထိ ခရီးစဉ်လုံခြုံရေးလိုက်ပါ ဆောင်ရွက်မှု ၄၃၃ ကြိမ်၊ မော်တော်ယာဉ် ခရီးစဉ် ၂၃ ကြိမ်နှင့် အထွေထွေကူညီမှု ၇၂ ကြိမ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျိုက်ထီးရိုးခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်သော ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရေးအတွက် ကျိုက်ထိုခရိုင်တွင် ဟိုတယ် ၂၄ လုံးနှင့် အခန်းပေါင်း ၁,၁၀၈ ခန်းကို လိုင်စင်ခွင့်ပြုပေးခဲ့ပြီး မွန်ပြည်နယ်အတွင်း စုစုပေါင်း ဟိုတယ်၊ တည်းခိုရိပ်သာ ၉၃ လုံးနှင့် အခန်းပေါင်း ၃၂၈၆ ခန်းကို လိုင်စင်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ပြည်တွင်း ပြည်ဝင်ခရီးသွား လုပ်ငန်းလိုင်စင် ၁၆ ခု၊ ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် ၁၁ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၇ ခုနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၅၁ ခုတို့ကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကျိုက်ထီးရိုးဒေသသို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းခရီးသည် ၁,၂၄၄,၃၉၂ ဦး၊ ပြည်ပခရီးသည် ၅,၇၈၆ ဦး စုစုပေါင်း ၁,၂၅၀,၁၂၉ ဦးရှိခဲ့ပြီး ၂၈.၉.၂၀၂၆ ရက်အထိ ပြည်တွင်းခရီးသည် ၈၄၁,၂၆၂ ဦး၊ ပြည်ပခရီးသည် ၄,၄၉၆ စုစုပေါင်း ၈၄၅,၇၅၈ ဦး ဝင်ရောက်ခဲ့ပါကြောင်း၊ ကျိုက်ထီးရိုးခရီးစဉ်ဒေသ ခရီးစဉ် မြှင့်တင်ရေးအတွက် ခရီးသွားလာမှုသတင်းအချက်အလက်များကို ရုပ်သံဗီဒီယိုများရိုက်ကူးပြီး နိုင်ငံပိုင်မီဒီယာများနှင့် ဆိုရှယ်မီဒီယာ၊ ပလက်ဖောင်းများတွင် ထုတ်လွှင့်ပြသဆောင်ရွက်ခြင်း၊ စာအုပ် စာစောင်များရေးသားထုတ်ဝေခြင်း၊ ပြည်တွင်းပြည်ပခရီးသွားပြပွဲများတွင် ကျိုက်ထီးရိုးခရီးစဉ် ဒေသအပါအဝင် မွန်ပြည်နယ်ခရီးစဉ်ဒေသများကို ပါဝင်ပြသခြင်း၊ ဝန်ကြီးဌာန၏ Website တွင် လွှင့်တင်ထားရှိခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်လေဆိပ်များနှင့် နယ်ရုံး ခွဲများ၏ Information Counters များတွင် Digital Signage များကို ဖြန့်ချိဆောင်ရွက်ထားရှိပြီး ခရီးစဉ်ဆိုင်ရာသတင်းအချက်အလက်များကို အလွယ် တကူကြည့်ရှုနိုင်ရန်အတွက် QR Code Systems များဖြင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ခရီးသွားဧည့်သည်များကို တိုက်ရိုက်အကျိုးပြုနိုင်မည့် မြန်မာ့ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက်၊ ဖြေကြားမှုစနစ်၊ Myanmar Tourism Call Center နှင့် ကျိုက်ထီးရိုးခရီးစဉ် လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ သွားလာနေထိုင်မှုအခြေအနေ များကို အချိန်နှင့်တစ်ပြေးညီသိရှိပြီး ခရီးစဉ်တစ်လျှောက် လိုအပ်သည့်အကူအညီများ ဆောင်ရွက် ပေးနိုင်ရန်အတွက် ခရီးသွားလာမှုဆိုင်ရာအချက်အလက်စနစ် Tourist Movement Information System (TMIS)စနစ်တို့ကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိပါကြောင်း၊ ကျိုက်ထီးရိုးစေတီ တော်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ယခုထက်ပို၍ အလွယ်တကူ လွတ်လပ်စွာ ဝင်ရောက် နိုင်ရန်အတွက် Online မှတစ်ဆင့် လျင်မြန်စွာခွင့်ပြုချက်ရယူနိုင်သည့်စနစ်အား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ဝင်ရောက်မှု၊ တည်းခိုမှုနှင့် သွားလာမှုများကို သက်ဆိုင်ရာဌာနများမှ စနစ်တကျမှတ်တမ်းထားရှိခြင်း၊ ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးလာရောက်လည်ပတ် နိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ပွင့်လင်းရာသီကာလ ဘုရားဖူးဧည့်သည်များ အများဆုံး လာရောက်လည်ပတ်သည့် အချိန်အခါများ၌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရတို့မှ သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ခရီးသွားလာခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ကျိုက်ထီးရိုးစေတီတော် တည်ရှိရာဒေသသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ပြီး ဒေသအတွင်းခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ရေးအတွက် ၁၄ ရက်ကြိုတင် Permission တင်ပြပြီး လာရောက်ခွင့်ရရှိသည့် အခြေအနေအား ဖြေလျှော့ပေးရန် သို့မဟုတ် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ယခုထက်ပို၍ အလွယ်တကူ လွတ်လပ်စွာဝင်ရောက်နိုင်ရန် မည်သို့သောအစီအစဉ်များဖြင့် ကူညီဆောင်ရွက်ပေးရန် အခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်နိုင်ရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ခရီးလှည့် လည်ရေးကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ဝင်ရောက်သည့်ခရီးစဉ် (Package Tour)များအတွက် ခရီးစဉ်ကြိုတင်ခွင့်ပြုမိန့်ရရှိစေရေးအတွက် ၁၄ ရက်ကြိုတင်၍ တင်ပြရမည့်အစား ရုံးပိတ်ရက်မပါ ၁၀ ရက်ကြိုတင်၍ တင်ပြရန်ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ လည်ပတ်နိုင် ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်၊ သဘောထားမှတ်ချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။