တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူးဒါတ်တားတံတားအား အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မဏိပူရ်မြစ်ကူးဒါတ်တား တံတားကို ယခင်က ဗားရ်တံတားလို့ အများစုခေါ်ဝေါ်ကြပြီးအသုံးပြုနေကြသည့် ကျေးရွာအသီးသီးက ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကိုယ်ထူကိုယ်ထ စတင် တည်ဆောက်ခဲ့သည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားကို ကျေးရွာ ၁၂ ရွာတွင် နေထိုင်ကြသည့် ရွာသူရွာသားများက တံတားထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်းပြီး အဆိုပါ ကော်မတီ၏ သက်တမ်းကို ၃ နှစ်သတ်မှတ်၍ ၃ နှစ် ပြည့်လျှင် အသစ်ပြင်ဆင်ဖွဲ့စည်းပြီး တံတား ထိန်းသိမ်းရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ကြရပါကြောင်း၊ ဗားရ်တံတား (ဒါတ်တားတံတား) ကို ဂျစ်ကားသွားလာနိုင်ရေးအတွက် ကြိုးတံတားထိန်း စတင်တည်ဆောက်ပြီး နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါကြောင်း၊ ၂၀၁၅ ခုနှစ် တီးတိန်မြို့တွင်ဖြစ်ပွားခဲ့သည့် မိုးကြီးခြင်း ကြောင့် မြစ်ရေကြီးကာ တံတားပျက်စီးသွားခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာန ရန်ပုံငွေဖြင့် ဆိုင်ကယ်ဖြတ်သန်းသွားလာ နိုင်ရေးအတွက် ကြိုးတံတား ပြန်လည်တည်ဆောက် ပေးခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး စီမံကိန်းဖြင့် အရှည် ၃၅၀ ပေ၊ အကျယ် ၁၄ ပေရှိ သံဘောင်ကြိုးတံတားဖြင့် အဆင့်မြှင့်တင် ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ တံတားဆောက်လုပ်ပြီးနောက်ပိုင်း အဆိုပါတံတားကို အသုံးပြုသည့် မော်တော်ယာဉ်များ ပိုမိုများပြားလာပါကြောင်း၊ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကလေး-သိုင်းငင်း- တီးတိန်လမ်းကို အသုံးပြု၍မရသည့်အခြေအနေများမှာ ဒါတ်တား တံတား ကိုဖြတ်သန်း သွားလာသည့် မော်တော်ယာဉ် များ ပိုမိုများပြားလာသည့်အတွက် တံတားခံနိုင်ဝန်ထက်ပိုသည့် တန်ပိုယာဉ်များ ဖြတ်သန်း သွားလာ မှု မရှိစေရေး တံတားအောက်၌လမ်းလွှဲပြုလုပ်ပြီး ဖြတ်သန်း သွားလာစေခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပွင့်လင်းရာသီတွင် အဆိုပါလမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်မှာ တစ်ရက်လျှင်အနည်းဆုံး ၄၀ ခန့်ရှိပြီး ကလေးမြို့မှ ရိဒ်မြို့ကို နေ့ချင်းပြန်သွားလာနိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒါတ်တားတံတားအား ဖော်ပြပါလမ်း ကြောင်း ၃ ခုအတိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိ ပါကြောင်း။
မဏိပူရ်မြစ်ကူးဒါတ်တားတံတားသည် တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူလူထု များ သာမက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်လည်းကောင်း၊ ဖလမ်းမြို့နယ် အတွင်းရှိ ကျေးရွာများ မှ အခြေခံစားသောက်ကုန်များဝယ်ယူရန် လာရောက်ရာတွင်လည်းကောင်း၊ မိမိတို့ ဒေသ မှထွက်ရှိသည့် သီးနှံများရောင်းချရာတွင်လည်းကောင်း အဓိကထားအသုံးပြုသည့် တံတား တစ်စင်းဖြစ်ပါကြောင်း၊ နွေရာသီ၌ တန်ပိုယာဉ်များ တံတားအောက်ရှိ လမ်းလွှဲမှတစ်ဆင့် သွားလာနိုင်သော်လည်း မိုးတွင်းတွင် တန်ပိုယာဉ်များမှာ ကုန်များကိုအခေါက်ခေါက် အခါခါပြန်ထည့်၍ သွားလာနေရပါကြောင်း၊ သို့ဖြစ်ပါ၍ မဏိပူရ်မြစ်ကူးဒါတ်တားတံတား၏ လက်ရှိ ခံနိုင်ဝန်သည် ၇ တန်သာဖြစ်ပါသဖြင့် ရာသီမရွေး ကုန်ကားကြီး များသွားလာ အသုံးပြုနိုင်ရေး အတွက် တံတားခံနိုင်ဝန်အား ၆၀ တန်အထိ အဆင့်မြှင့် တင် တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူးဒါတ်တား တံတားသည် ချင်းပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော ပတ်ဇန်-ဟေလေး လမ်းပေါ်တွင်တည်ရှိသည့် အရှည် ၃၅၀ ပေရှိသော တံတားဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၃ ဖာလုံရှိပြီး ကျောက်လမ်း ၅ မိုင် ၃ ဖာလုံ၊ မြေလမ်း ၄ မိုင် ၂ ဖာလုံဖြစ်ပြီး စုစုပေါင်းလမ်းမိုင် ၁၀ မိုင်ရှိပါကြောင်း၊ ချင်းပြည်နယ် တွင် လမ်းမိုင်ပေါင်း ၂,၇၂၇ မိုင်နှင့် ၆ ဖာလုံရှိပြီး ကွန်ကရစ်လမ်း၊ ကတ္တရာ လမ်းမဖြစ်သေးသည့် လမ်းများ ကျောက်ခင်းလမ်း ၄၀၈ မိုင်၊ အမာခံလမ်း ၃၆ဝ မိုင် ၅ ဖာလုံ၊ မြေသားလမ်း ၁,ဝ၇၁ မိုင် ၅ ဖာလုံ၊ ဆိုင်ကယ်လမ်း ၁၁၂ မိုင်နှင့် ၇ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်း ရန်ပုံငွေဖြင့် သံဘောင်ကြိုးတံတား အရှည် ၃၅၀ ပေနှင့် အကျယ် ၁၄ ပေ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၎င်းဦးစီးဌာနမှ ပြည်နယ်ရန်ပုံငွေဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော တံတား ဖြစ်ပါကြောင်း။
အဆိုပါလမ်းကို အသုံးပြုနေသော ယာဉ်မှာ တစ်ရက်လျှင် ကားသေး၊ ကားငယ် အစီး ၅၀ ခန့်သာရှိပါကြောင်း၊ လက်ရှိတံတားအခြေအနေမှာ အသုံးပြုလျက်ရှိသည့်ယာဉ်များအတွက် သင့်လျော်ကောင်းမွန်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လတ်တလောအခြေအနေအရ ၎င်းတံတား အား ခံနိုင်ဝန် ၆၀ တန်အထိ အဆင့်မြှင့်တင်နိုင်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင် ယာဉ်သွား လာမှုလိုအပ် ချက်ရှိသည့်ကာလမှသာ အဆိုပါ တံတားအား ခံနိုင်ဝန် ၆၀ တန်အထိ အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်း စပ်ပြီး ပြန်လည်ဖြေကြားခဲ့ပါသည်။