ညောင်ကုန်း-ချောင်းဖျား-သရက်ကုန်း ကျေးရွာအုပ်စုချင်းဆက်လမ်းအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထည့်သွင်းလျာထား၍ ပျက်စီးနေသောလမ်းကို ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ညောင်ကုန်း-ချောင်းဖျား-သရက်ကုန်းကျေးရွာအုပ်စုချင်းဆက်လမ်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ဧရာဝတီ)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းဖြစ်ပြီး လမ်းအရှည် ၁၂ မိုင်၊ ၅ ဖာလုံ Class(A)အဆင့်ရှိ လမ်းဖြစ်ပါကြောင်း၊ ညောင်ကုန်း ချောင်းဖျား-သရက်ကုန်းလမ်းအား ၁၉၈၅-၁၉၈၆ ခုနှစ်ခန့်က မြေသားလမ်းအဖြစ် ပြည်သူလူထု လုပ်အားဖြင့် ဖောက်လုပ်ခဲ့ပြီး အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများအနက် အစောဆုံး ဖောက်လုပ်ခဲ့သော ကျေးရွာအုပ်စုချင်းဆက်လမ်းလည်း ဖြစ်ပါကြောင်း၊ တင်ပြပါ ကျေးရွာအုပ်စုချင်း ဆက်လမ်းတွင် ကျေးရွာအုပ်စု ၈ အုပ်စုရှိပြီး ကျေးရွာခွဲ ၂၉ ရွာ၊ အိမ်ခြေ ၂,၉၈၃ အိမ်၊ အိမ်ထောင်စု ၂,၉၁၃ စု၊ လူဦးရေ ၁၄,၅၆၅ ဦး၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များအတွက် နွေ၊ မိုး၊ ဆောင်း နေ့စဉ်အသုံးပြုနေရသော အိမ်မဲမြို့နယ်အတွင်း အဓိကအရေးပါသော လမ်းကြီး လည်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ ကျေးရွာများတွင် အထက်တန်းကျောင်း ၁ ကျောင်း၊ အ.ထ.က ခွဲကျောင်း ၃ ကျောင်း၊ အ.လ.ကကျောင်း ၁ ကျောင်း၊ အ.လ.ကခွဲကျောင်း ၁ ကျောင်း၊ အ.မ.ကကျောင်း ၄ ကျောင်းရှိပြီး တိုက်နယ်ဆေးရုံ ၁ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခုရှိရာ ကျောင်းသား ကျောင်းသူ များ နေ့စဉ်ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အသုံးပြုနေရ သော လမ်းလည်း ဖြစ်ပါကြောင်း၊ မိမိ အနေဖြင့် မြန်မာ့သမိုင်းတွင် အရေးပါသည့် ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ နောင်ရိုးတိုက်ပွဲ ဖြစ်ပွားရာအရပ်အဖြစ် သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်းမှ ခန့်မှန်းသည့် ဇရပ်ဆိပ်ကျေးရွာသည် လည်း အဆိုပါလမ်းပိုင်းတွင် တည်ရှိပါကြောင်း။
ညောင်ကုန်း-ချောင်းဖျား-သရက်ကုန်းလမ်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းမှ ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်၍ လမ်းဦးစီး ဌာန၊ လမ်းကြီးကြပ်အဖွဲ့တို့မှ ကွန်ကရစ်လမ်း ၃ မိုင်ခွဲကို ဆောင်ရွက်ပေးခဲ့ပြီး ကျောက်ခင်းလမ်း ၉ မိုင်သည် ဆိုးရွားစွာပျက်စီးလျက်ရှိသည့်အတွက် အဆိုပါလမ်းကို အသုံးပြု နေကြရသော ဒေသခံ ပြည်သူများအနေဖြင့် နေ့စဉ်အခက်အခဲများစွာ ကြုံတွေ့နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆိုးရွားစွာ ပျက်စီးလျက်ရှိသည့် ကျောက်ခင်းလမ်း ၉ မိုင်အား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထည့်သွင်းလျာထား ပြီး ပြီးဆုံးသည်အထိ ကွန်ကရစ်လမ်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများကိုယ်စား မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
မေးခွန်းပါလမ်းသည် အိမ်မဲ-ဒါးကလမ်းပေါ်ရှိ ချောင်းဖျားကျေးရွာမှစတင်၍ သရက်ကုန်း ကျေးရွာသို့ ဆက်သွယ်ထားသော စုစုပေါင်းလမ်းအရှည် ၁၂ မိုင်၊ ၅ ဖာလုံရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိအခြေအနေသည် ကွန်ကရစ် လမ်း ၃ မိုင် ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၉ မိုင်ဖြစ်ပြီး စုစုပေါင်းလမ်းအရှည် ၁၂ မိုင်၊ ၅ ဖာလုံရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင်၊ ၄ ဖာလုံရှိပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းမဖြစ်သေးသည့် လမ်းများအနေဖြင့် ကျောက်ခင်းလမ်းက ၄၀၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံရှိပါကြောင်း။
အဆိုပါလမ်းအား ပထမအဆင့်အနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ရန်ပုံငွေတွင် ပျက်စီးမှုများပြားသော ကျောက်ခင်းလမ်းအရှည် ၄ ဖာလုံကို ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားပြီး ဒုတိယအဆင့်အနေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာ ရေးနှစ်မှစတင်၍ ကျောက်ခင်းလမ်းအသစ် ဆောင်ရွက်ခြင်းလုပ်ငန်း နှစ်အလိုက်ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်း၍ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးတင်ဦး(အိမ်မဲမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
မိမိတို့မြို့နယ်ကို ကျောက်ခင်းလမ်း ပြန်ချပေးမည်ဆိုသည့်အတွက် အိမ်မဲမြို့နယ်မဲဆန္ဒရှင် များကိုယ်စား အထူးကျေးဇူးတင်လျက်ရှိပါကြောင်း၊ အိမ်မဲမြို့နယ်အတွင်းတွင် လမ်းဦးစီးဌာန (ဧရာဝတီ)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း ၅ လမ်းရှိပြီး တစ်လမ်းမှ ပြီးဆုံးသွားခြင်း မရှိသေးပါကြောင်း၊ ရရှိလာသည့် ရန်ပုံငွေအပေါ် တစ်နည်းနည်းဖြင့် တစ်ပိုင်းတစ်စအနေအထားများသာ ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားရာတွင် လမ်းကြီးကြပ်(ဧရာဝတီ)မှ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်း၊ တံတားများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ၅.၉ ဘီလီယံ ခွဲဝေချထား ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ ရရှိလာသည့် ရန်ပုံငွေဖြင့် မြို့နယ်များရှိ လုပ်ငန်းများ ဆောင်ရွက်စေရာတွင် အိမ်မဲမြို့နယ်မှ တင်ပြပါ လျာထားပေးထားသော ဦးစားပေးလမ်းများ တစ်လမ်းမျှမပါဝင်ဘဲ ဇီးရိုးဘတ်ဂျက်ဖြစ်ပါကြောင်း။
တချို့မြို့နယ်များဆိုလျှင် ကျောက်ခင်းလမ်းကို မိုင်နှင့်ချီပြီး သတ်မှတ်သည်ဟု ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်လာမည့်ခွဲဝေဘတ်ဂျက်များ ရရှိသည့်အပေါ် အိမ်မဲမြို့နယ်ရှိ ကျေးလက်လမ်းများ ကိုလည်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ယခုတင်ပြပါလမ်းအပါအဝင် အခြားလမ်းများ တွင်လည်း ကျောက်လမ်းပြတ်တချို့ရှိပြီး ကျောက်ခင်းလမ်းများအား နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်း မရှိ၍ ပျက်စီးရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ခင်းလမ်းများအား နှစ်စဉ်ပြင်ဆင်ထိန်းသိမ်း ရန်အတွက် လျာထားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးများသည့်အတွက် လမ်းများ ပျက်စီးမှုရှိပါကြောင်း၊ မိမိကိုယ်တိုင်လည်း ဧရာဝတီတိုင်းသားဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရနှင့် ချပေးသည့် ဘတ်ဂျက်ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့၏ ဝန်ထမ်းများနှင့်ညှိနှိုင်းပြီး တိုင်းဒေသကြီးကို ဒီအတိုင်း လွှတ်မထားပါကြောင်း၊ အမြဲတမ်းပေါင်းစပ်၍ ဝန်ကြီးချုပ်နှင့် မိမိ အမြဲတမ်းဖုန်းပြောပါကြောင်း၊ ယခုလေးမျက်နှာရေကိစ္စဆိုလျှင် မိမိကိုယ်တိုင်နှင့် ဝန်ကြီးချုပ်လည်း ဟင်္သာတတွင် သွားထိုင်ပါ ကြောင်း၊ ထိုသို့ထိုင်သည့်အခါ လေးမျက်နှာမှ အလုပ်လုပ်သလို ညပိုင်းတွင်လည်း ပြန်လည်ညှိနှိုင်း ဆွေးနွေး၍ တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများကို ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးချုပ်ကိုယ်တိုင် ဆွေးနွေးနေခြင်းဖြစ်ပါကြောင်း။
ကိုယ်စားလှယ်ကြီးမေးမြန်းထားသလို လာမည့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် မပါသေး လျှင် ပြန်လည်စိစစ်ညှိနှိုင်းမည်ဖြစ်ပါကြောင်း၊ ယခုလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထား သည်မှာ ငွေပါပြီး ၎င်း၏မြို့နယ်မပါဘူးပြောသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြန်လည်ညှိနှိုင်း၍ လုပ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။