စေတုတ္တရာမြို့နယ် အတွင်းရှိမျဉ်းကြောင်း တောင်အဆင်းမှ တပွင်ရွာ အထိလမ်း၌ ဗူးဝမှ ကျောက်ချောလမ်း အား ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း၊ ကျန်ဂဝံလမ်းအား ကျောက်ချော လမ်း အဖြစ် လည်းကောင်း အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း
ယခုအသုံးပြုနေသည်လမ်းကို အားကိုးနေရသည့် ကျေးရွာပေါင်း ၃၈ ရွာ၊ အိမ်ထောင်စု ၃၂၁၀ စု၊ လူဦးရေ ၁၅,၈၄၂ ဦး တို့ရှိပါကြောင်း၊ ၎င်းလမ်းသည် ခရိုင်ချင်းဆက်လမ်းသို့ သွားရသည့် လမ်း ဖြစ်ပါကြောင်း၊ ၁၆ မိုင် ၁ ဖာလုံဝေးပြီး နေ့စဉ်အသုံးပြုပြီး လူမှုစီးပွားရပ်တည်နေရသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းကျေးရွာများသည် ခရိုင်ချင်းဆက်လမ်းကို သွားမည်ဆိုပါက ကုန်းလမ်းမှ လည်းကောင်း၊ မုန်းချောင်းမှလည်း တစ်ခါတလေသွားလို့ရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် မျဉ်းကြောင်းတောင်-ဗူးဝမှ ၆ မိုင် ၅ ဖာလုံကို ကျောက်ချောလမ်း အဖြစ် လည်း ကောင်း၊ ကျန်၉ မိုင် ၄ ဖာလုံကို တပွင်-မြေနီလမ်းအဖြစ်လည်းကောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန အောက်ရှိ လမ်းကြီးကြပ်မှ ဖောက်လုပ်ခဲ့သည့်လမ်း ဖြစ်ပါကြောင်း၊ ယခု အသုံးပြုနေ သည့်လမ်းသည် ၁၆ မိုင် ၁ ဖာလုံသာဝေးသော်လည်း တစ်နာရီခန့်သာ မောင်းနှင်နေရသည့်လမ်းကို ယခုအချိန်တွင် လူအင်အားဖြင့် ရှေ့ကဆွဲစနစ်ဖြင့် ၈ နာရီလောက် မောင်းနှင်နေရသည့်လမ်း ဖြစ်ပါကြောင်း။
ဒေသခံပြည်သူများ၏ ကုန်စည်စီးဆင်းမှု ကောင်းမွန်လာစေရန်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှသာ လူမှုဘဝစီးပွား ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် စေတုတ္တရာမြို့နယ်၊ မုန်းချောင်း အထက် ကျေးရွာများသည် ခရိုင်ချင်းဆက်လမ်းမှ ကျေးရွာလမ်းသို့ ဆက်သွယ်ထားသော လမ်းအား ဗူးဝ မှ ၆ မိုင် ၅ ဖာလုံ ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း၊ ကျန် ၉ မိုင် ၁ ဖာလုံ ကို ဂဝံလမ်းမှ ကျောက်ချောလမ်းအဖြစ် လည်းကောင်း အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီ အစဉ် ရှိ /မရှိ နှင့် အစီအစဉ် ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည် သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
စေတုတ္တရာမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းမှခွဲထွက်ပြီး ကျေးရွာချင်းဆက်လမ်းဖြစ်သည့် မျဉ်းကြောင်းတောင် (ဥမ္မာကုန်း) အဆင်းမှ တပွင်ရွာအထိလမ်းသည် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ အလယ်ဟန်ဒေါက်-ဗူးလမ်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး ၎င်းလမ်းများအားလုံးကို ယခင်ကျေးလက်ဒေသ မှ မိမိတို့ လွှဲယူထား ခြင်းဖြစ်ပါကြောင်း။
လက်ရှိလမ်းအခြေအနေမှာ ကျောက်လမ်း ၅ မိုင် ၉ ဖာလုံ၊ အမာခံလမ်းမှ ၉ မိုင် ၄ ဖာလုံရှိပြီး လမ်းအရှည် စုစုပေါင်း ၁၆ မိုင် ၁ ဖာလုံ ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် လမ်းမိုင်ပေါင်း ၄,၆၀၀ မိုင်နှင့် ၁ဖာလုံ ရှိပါကြောင်း၊ Unpaved မဖြစ်သေးသည့်လမ်းများ ကတ္တရာလမ်းမဖြစ်သေးသည့် လမ်းများမှ ကျောက်ခင်းလမ်း ၄၄၈ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၁,၂၂၂ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၅၀၆ မိုင် ၄ ဖာလုံနှင့် ဆိုင်ကယ်လမ်း ၁၂၄ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် မူလကျောက်ခင်းလမ်းမှ ပျက်စီးမှုများသော လမ်းအရှည် ၁ မိုင် ၄ ဖာလုံအား ကျောက်လမ်းပြုပြင် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေမှာ လျာထားသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် အမာခံလမ်းပိုင်းများကို လည်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း အားလုံး ဆောင်ရွက်ပြီးပါက ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ရန်ပုံငွေတွင် နှစ်အလိုက်လျာထားသွား မည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး ပြန်လည်ဖြေကြား ခဲ့ပါသည်။