ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက် ကြက်ခြေနီအသင်းရုံးနှင့် မိခင်နှင့်ကလေးအသင်းရုံးတို့၏ ရုံးမြေ နေရာအား စည်ပင်သာယာရေးဦးစီးဌာနမှ စွန့်လွှတ်ပေး၍ မြေငှားဂရန်ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ဟင်္သာတမြို့၊ရုံးကြီးရပ်ကွက်ရှိ စည်ပင်သာယာပိုင်မြေပေါ်တွင် ကြက်ခြေနီ အသင်းရုံးကို ၁၉၃၉ ခုနှစ်၊ လွန်ခဲ့သော၈၇ နှစ်ခန့်က အလှူရှင်များဖြစ်ကြသော ဦးပေ၊ ဇနီး ဒေါ်ကြီးမ မိသားစု တို့မှ ဆောက်လုပ်လှူဒါန်းခဲ့ကြပြီး သားဖွားမိခင်နှင့်ကလေးများ ဆေးကုသရာ ဆေးခန်း အဖြစ် ဆောင်ရွက်ခဲ့ကြပြီး လွန်ခဲ့သောနှစ် ၃၀ ခန့်က ကြက်ခြေနီ အသင်းရုံးအဖြစ် ဖွင့်လှစ်ထားရှိခဲ့ ပါကြောင်း၊ ထိုနည်းတူစွာ မိခင်နှင့်ကလေးအသင်းရုံးကိုလည်း အထက်ပါဝင်းအတွင်း ၁၉၆၀ ခုနှစ်၊ လွန်ခဲ့သော ၆၆ နှစ်ခန့်က အလှူရှင် သရဖူဆေးလိပ်ခုံပိုင်ရှင် ဒေါ်စောရွှေမှ ဆောက်လုပ် လှူဒါန်း ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားဆောင်အဖြစ် ဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင် မိခင်နှင့် ကလေး အသင်းရုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပါကြောင်း၊
ဟင်္သာတမြို့နယ်၊ ကြက်ခြေနီအသင်းကြီးနှင့် မိခင်နှင့်ကလေးအသင်းကြီးတို့သည် ဟင်္သာတ မြို့၏ပြည်သူလူထု၏အကျိုးစီးပွားများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော အသင်းကြီး နှစ်ခု ဖြစ်ပါကြောင်း၊ လေးမျက်နှာတာကျိုးပေါက်မှုဖြစ်စဉ်တွင်လည်း အထက်ဖော်ပြပါ အသင်းကြီးနှစ်ခု သည် ရှေ့တန်းတွင်မားမားမတ်မတ် ပါဝင်ဆောင်ရွက်ခဲ့ကြသော အသင်းကြီးများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် မေးမြန်းလိုသည်မှာ အသင်းနှစ်ခုဆောက်လုပ်ထားသော ရုံးမြေနေရာ များနှင့်ခြံဝင်းတို့ကို စည်ပင်သာယာဌာနပိုင်အဖြစ်မှ စွန့်လွှတ်ပေး၍ အသင်းများသို့ မြေငှား ဂရန်များ ထုတ်ပေးရန် အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က
မြို့နယ်ကြက်ခြေနီအသင်းရုံးနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတို့ဆောက်လုပ် ထားသောမြေနေရာသည် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဦးရွှေဒွေးလမ်းနှင့် ဗိုလ်စောမောင် လမ်း ကြားရှိ အကွက်အမှတ်-၃၂ ၊ အကွက်အမည်ရုံးကြီးရပ်၊ဦးပိုင်အမှတ်-၇ ၊ ဧရိယာ ၁.၀၇ ဧကရှိ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းအရ 1(A)မြူနီစပါယ် အမည်ပေါက် မြေပေါ်တွင် တည်ရှိပြီး မြို့နယ်ကြက်ခြေနီအသင်းရုံးမှာ အကျယ်အဝန်း အလျား ၅ဝ ပေ၊ အနံ ၂၆ ပေ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းရုံးမှာ အကျယ်အဝန်း အလျား ၁၀၁ ပေ၊ အနံ ၄၄ ပေရှိပြီး ဖြစ်ပါ ကြောင်း၊
မြူနီစပါယ်မြေ ၁.၀၇ ဧကပေါ်တွင် ယခင်က မြို့နယ်ကြက်ခြေနီအသင်းရုံးအဆောက်အဦ ၁ လုံး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး အဆောက်အဦ ၁ လုံးနှင့် ၎င်းမြေပေါ် တွင်ပင်အဆိုပါအသင်းရုံး ၂ ရုံးမှ ထပ်ဆင့်ငှားရမ်းခွင့်ပြုထားသဖြင့် ဆောက်လုပ်ထားသော ဆိုင်ခန်း အရေအတွက် ၁၁ ခန်းရှိရာ ယင်းဆိုင်ခန်းများကို ၂၀၂၃ ခုနှစ်တွင် အများပြည်သူအပန်းဖြေ အနားယူနိုင်သည့် Public Area တည်ဆောက်ရန်အတွက် ဆိုင်ခန်းရှင် ၁၁ဦးအား ဖယ်ရှားရှင်းလင်း ခဲ့ပြီးဖြစ်ပါကြောင်း၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဆိုပါ မြေနေရာ အား မြို့၏အဓိကကျသော Down Town Area တွင်ရှိသဖြင့် မူဝါဒလမ်းညွှန်ချက်များနှင့်အညီ အများ ပြည်သူကိုယ်လက်လှုပ်ရှား အပန်းဖြေရန်နေရာအဖြစ် ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ မြို့နယ်စည်ပင် သာယာရေး အဖွဲ့၏ မြူနီစပါယ် အမည်ပေါက်မြေနေရာပေါ်တွင် တည်ဆောက်ထားသော မြို့နယ် ကြက်ခြေနီအသင်းရုံးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံးမြေနေရာများနှင့် ခြံဝင်းတို့အား လတ်တလောစွန့်လွှတ်မည့်အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆက်လက်အသုံးပြုရန် ခွင့်ပြု ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဌေးဝင်း(ဟင်္သာတမဲဆန္ဒနယ်) မှ ဆက်စပ် မေးခွန်းမေးမြန်းခဲ့ပါသည်။
ကြက်ခြေနီ အသင်းရုံးသည် ဟင်္သာတ၌ ယခုလေးမျက်နှာ ရေဘေးဖြစ်သည့်အခါတွင် ကြက်ခြေနီမှ ပြည်သူများကိုပစ္စည်းများထောက်ပံ့ပါကြောင်း၊ ထိုသို့ထောက်ပံ့နိုင်အောင် ဧရာဝတီ တိုင်း အတွင်း၌ ပုသိမ်၊ လပွတ္တာ အပါအဝင် ၃ နေရာသိုလှောင်ရုံများထားပြီး လုပ်သည့်အခါတွင် အဆိုပါသိုလှောင်ရုံများမှ ပစ္စည်းများမလောက်သည့်အတွက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှ သယ်ဆောင် ၍ ထောက်ပံ့မှုလုပ်ငန်းများ လုပ်ရပါကြောင်း၊ ထို့အတွက်ကြောင့် ကြက်ခြေနီ သည် အဆိုပါ အသင်း မြေနေရာလွတ်လပ်နေသည့်နေရာတွင် ဧရာဝတီတိုင်း၏ အထက်ပိုင်းမြို့များ ဘေးဒုက္ခ ရောက်လာ လျှင် ထောက်ပံ့နိုင်ရန်အတွက် သိုလှောင်ရုံဆောက်ရန် အစီအစဉ်ရှိပါကြောင်း၊ သို့သော် အသင်းပိုင် မြေမဟုတ်သည့် အတွက် ဆောက်လုပ်ရန် အခက်အခဲရှိနေပါကြောင်း၊ ထို့အပြင် ယခုမေးခွန်းကို ၇ လပိုင်း ၆ ရက်နေ့တွင် တင်ခဲ့ပါကြောင်း၊ သို့သော်လည်း တာကျိုး ပေါက်မှု ကြောင့် နိုင်ငံတော် အကြီးအကဲ ဟင်္သာတကိုရောက်ရှိသည့်အချိန်တွင် မိမိတို့မြို့ရှိ ခရိုင်ဘောလုံး ကွင်းကို အဆင့်မြှင့် ပေးရာမှကိုယ်စားလှယ်ကြီး ဘာလိုအပ်သေးလည်းဆိုသည့်အခါတွင်ယခု မေးခွန်း ကို မိမိမေးထား သည့် အကြောင်းသမ္မတကြီးကို ပြောပြသည့်အခါသမ္မတကြီးကဝန်ကြီးချုပ်ကြီးကို မည်သို့လုပ် ပေး၍ ရမလဲဆိုသည့်အခါတွင် ဝန်ကြီးချုပ်ကြီးကိုယ်တိုင် ဒါကိုကျွန်တော်စွန့်လွှတ်ပြီး အသင်းရုံး နှစ်ခုကိုပေးပါမည်ဟု ဖြေကြားထားပြီးဖြစ်သည့်အတွက် ယခုဝန်ကြီးဖြေသည့် အဖြေ သည် အဆိုပါ ကာလမတိုင်ခင်က ပြန်လည်ရရှိခဲ့သည့် အဖြေပေါ်တွင်ဖြေသည်ဟု မိမိအနေဖြင့်မြင် ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဖြစ်နိုင်လျှင် အဆိုပါ အသင်းရုံး ၂ ရုံးနေရာကို ဌာနမှ စွန့်လွှတ်ပြီး အသင်းရုံးများ၏ မြေခံများအဖြစ်ပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဆက်စပ်မေးခွန်း မေးမြန်း ခဲ့ပါသည်။
နေပြည်တော်ကောင်စီ ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က
စည်ပင်သာယာရေးအဖွဲ့ကို ပြန်မေး၍ ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။