နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ
MY EN

(ဂ)- ဒေါက်တာရွှေပြည်စိုး [ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်]

2026-09-28
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာရွှေပြည်စိုး (ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

စက်တပ်ဆိုင်ကယ်များကို စနစ်တကျကန့်သတ်ရန်နှင့် ဘေးတွဲပုဂ္ဂိုလ်ကတစ်ဝက် နိုင်ငံတော်က တစ်ဝက်မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များ ရောင်းချပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ယနေ့ ရန်ကုန်မြို့တော် ဆင်ခြေဖုံးအပါအဝင် မြန်မာနိုင်ငံ အခြားသောမြို့ကြီးများစွာမှာ ဆိုက်တွဲခေါ် တရားမဝင်စက်တပ်ဘေးတွဲများရှိနေပါကြောင်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းသည်ကအစပြု၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အထိ ဖြစ်ပေါ် လျက်ရှိပါ ကြောင်း၊ မြို့တော်၏ဖွံ့ဖြိုးမှုအင်္ဂါရပ်ကိုလည်းထိခိုက်စေပါကြောင်း၊ Smart City အဖြစ် ဖော်ဆောင် မည်ဆိုပါ က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စနစ်တကျတင်းကျပ် ပေးမှသာလျှင် အဆင်ပြေ မည်ဖြစ်ပါကြောင်း၊ တရားမဝင်စက်တပ်ဘေးတွဲများသည် တရားဝင်လိုင်စင်မရှိရုံမျှ သာမက တိကျ မှန်ကန်သော ယာဉ်မောင်းသင်တန်းဆင်းပြီးသူများလည်း မဟုတ်ကြကြောင်း၊ ဘေးတွဲ များဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအနေဖြင့် မော်တော်ယာဉ် ဥပဒေတွင် လည်း မပါဝင်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကာလတစ်ရက်အထိသာ နားလည်မှုဖြင့် ခွင့်ပြုပေးထားသော စက်တပ်ဆိုက်တွဲ များကို ဒေသတွင်းအမိန့်တစ်ခုခုဖြင့် စည်းကမ်းထိန်းချုပ်ကန့်သတ်ရန် လိုအပ်နေပါကြောင်း၊ သို့မဟုတ် ပါက ဘေးတွဲသုံး ခရီးသွားပြည်သူများအတွက် အသက်အန္တရာယ်ရှိနိုင်ပါကြောင်း၊ ဘေးတွဲများ ထိန်းချုပ်ရေး နှင့် တရားမဝင်သုံးစွဲခွင့်၊ မောင်းနှင်ခွင့်၊ အများပြည်သူအတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အထူးစီမံချက်ချမှတ်၍ ကန့်သတ်ပေးရန် အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့ပါသည်။ 

စက်တပ်ဘေးတွဲများဆိုင်ရာ လက်ရှိအခြေအနေတွင် တရားမဝင်ဆိုက်တွဲ အစီးရေပွားပြီး အသုံးပြုနေမှုကို ထိန်းချုပ်နိုင်မှုမရှိသေးခြင်း၊ ဒေသအလိုက် အစီးရေကန့်သတ်ပေးရန် မဖြစ်မနေ လိုအပ်နေပါကြောင်း၊ နယ်ကျော်၊ ဒေသကျော်ပြီး စီးဆင်းမောင်းနှင်နေသည်ကို မလုံလောက် သောနည်းလမ်းဖြင့်သာ ဖမ်းဆီးနေရုံမျှဖြင့် ဆိုက်တွဲများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကို ပြည့်ပြည့် ဝဝ မတားဆီးနိုင်ပါ ကြောင်း၊  ဆိုက်တွဲဖြင့် စီးပွားရှာနေသူများ၏နောက်မှ မိသားစု၏ဆင်းရဲမွဲတေမှု ကိုလည်း လွယ်ကူအောင် တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိသေးခြင်း သည်ကလည်း အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘေးတွဲမောင်းနှင်ခြင်း ကိစ္စနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြန်လည် စဉ်းစားသင့်ပါကြောင်း၊ ဘေးတွဲများနေရာတွင် စရိတ်မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များကို တရားဝင် ခွင့်ပြုချက်မိန့်ထုတ်ပြန်၍ အစားထိုးစေခြင်းဖြင့် ဘေးတွဲပြဿနာများကို အလုံးစုံမဟုတ်သည့်တိုင် အထိုက်အလျောက် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊

(၁)     ဘေးတွဲမောင်းပုဂ္ဂိုလ်များကို က.ည.န အနေဖြင့် ဥပဒေအရမဟုတ်ဘဲ ယာယီ မောင်းနှင်ခွင့်အတွက် ယာယီခွင့်ပြုချက်တစ်ခုခု ထုတ်ပေးပြီး စည်းကမ်းတင်းကျပ်ရ မည်ဖြစ် ကြောင်း၊ မြို့နယ်အကြီး၊ အသေး၊ အကျယ်အဝန်းအလိုက် ဘေးတွဲစီးရေ တိကျစွာ သတ်မှတ်ပေးပြီး မြို့နယ် ကျော်မောင်းနှင်မှုကို လုံးဝ(လုံးဝ) ခွင့်ပြုမပေးခြင်းဖြင့် ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ဘေးတွဲကို တရားဝင် မဟုတ်စေဘဲ ယာယီခွင့်ပြုချက်ဖြင့်သာ မောင်းနှင်စေရမည်ဖြစ်ကြောင်း၊ မောင်းနှင်သူ များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရက်တိုသင်တန်း ပေးရမည်ဖြစ်ကြောင်း၊ ဘေးတွဲရပ်နား နေရာများသို့ သီးသန့်ကန့်သတ် ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ခရီးလမ်းပန်း လုံခြုံချောမွေ့မည်ဟု ယူဆပါကြောင်း၊ တတ်နိုင်ပါက ဘေးတွဲပုဂ္ဂိုလ်မှတစ်ဝက်၊ နိုင်ငံတော်မှ တစ်ဝက် မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များကို ရောင်းချ ပေးနိုင်ရန်လည်း သက်ဆိုင်ရာဌာန အနေဖြင့် အစီအစဉ် ရှိ မရှိ နှင့် အစီအစဉ်မရှိသေးပါကလည်း မည်သို့လုပ်ဆောင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်

          ဘေးတွဲမော်တော်ဆိုင်ကယ်များကို ၂၀၁၃ ခုနှစ်ခန့်က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ် နေသော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိမြို့များ၊ ပင်လယ်ကမ်းခြေနေရာများတွင် ပစ္စည်း သယ်ယူခြင်းအတွက် စတင်သုံးစွဲခဲ့ပြီး နယ်မြေနီးစပ်မှုရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်မြို့များ၏ဆင်ခြေဖုံးနေရာများသို့ ပျံ့နှံ့ရောက်ရှိခဲ့ပါကြောင်း၊ ဘေးတွဲ မော်တော်ဆိုင်ကယ်များမှာ မှတ်ပုံတင်ထားရှိပြီး မော်တော်ဆိုင်ကယ်များနှင့် မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ် များကို ပြည်တွင်းရှိ ဒေသန္တရအလုပ်ရုံ(Workshop)အစီအစဉ်ဖြင့် စိတ်ကြိုက် ပြုလုပ်၍ ယခင် လူစီးဆိုက်ကားများနေရာတွင် လူစီးဘေးတွဲမော်တော်ဆိုင်ကယ်အဖြစ်လည်းကောင်း၊ ကုန်တင်တွန်းလှည်း နေရာတွင် လူစီးဘေးတွဲမော်တော်ဆိုင်ကယ်အဖြစ်လည်းကောင်း တရား မဝင်ပြုလုပ်၍ အစားထိုး ပြောင်းလဲသုံးစွဲလာခဲ့ကြပါကြောင်း၊ တရားမဝင်ဘေးတွဲ မော်တော် ဆိုင်ကယ်များအား ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသုံးပြုခွင့်နှင့် စပ်လျဉ်းပြီး အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းစီမံချက်ကဏ္ဍ (၂) ၏ လုပ်ငန်းစဉ် (၂၃) တွင် မော်တော်ဆိုင်ကယ်များကို မူလ စက်ရုံ ထုတ်ပုံစံမဟုတ်ဘဲ မိမိဆန္ဒအလျောက် ဘီးတစ်ဘီးတွဲ၍ဖြစ်စေ၊ ဘီးနှစ်ဘီးတွဲ၍ဖြစ်စေ မူလရုပ်ပုံ သဏ္ဍာန်ကိုပြုပြင်ပြီးခရီးသည်တင်ဆောင်ခြင်း၊ ကုန်ပစ္စည်းတင်ဆောင်အသုံးပြုခြင်းသည် ယာဉ် အန္တရာယ် ကင်းရှင်းရေးကို ထိခိုက် စေသည့်အတွက်ကို ဒေသအလိုက် စစ်ဆေးကြပ်မတ်ရန်နှင့် ထိရောက် စွာစစ်ဆေးအရေးယူနိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်ရန်ဟူသည့် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ညွှန်ကြားချက်အရ ၂၀၂၄ ခုနှစ်ကတည်းက နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအားလုံးသည်တရားမဝင်ဘေးတွဲဆိုင်ကယ် များအား စနစ်တကျ ပညာပေး၊ စစ်ဆေး အရေးယူခြင်းများကို ထိန်းချုပ်အရေးယူဆောင်ရွက်ခဲ့ ပါကြောင်း၊ ဤနေရာတွင် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဆိုသည်မှာ မိမိတို့ နိုင်ငံ၏လက်ရှိ ဒုတိတ သမ္မတဦးစီးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပါပြီး အဆိုပါအဖွဲ့မှ ညွှန်ကြားထားကြောင်း၊ ထိန်းချုပ် ထား သည်ကို တင်ပြလိုပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှာ တရားမဝင်ပြေးဆွဲလျက်ရှိသည့် ဘေးတွဲမော်တော် ဆိုင်ကယ်များကို အသုံးမပြု စေရေး အတွက် ရုံးအမိန့်ထုတ်ပြန်ပြီး မော်တော်ဆိုင်ကယ် ကနဦး မှတ်ပုံတင်ခြင်းနှင့် သက်တမ်း တိုးခြင်းဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ် မှတ်ပုံတင်စာအုပ်တွင် ဘေးတွဲတပ်ဆင် အသုံးပြုခြင်း ခွင့်မပြုဟူသော တံဆိပ်တုံးရိုက်နှိပ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၅ နှင့် ၉၆ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူသို့အသိကြေညာခြင်းများကို ဆောင်ရွက် ထားပါကြောင်း၊ 

          ဆက်လက်ပြီး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ဖြင့် SKD ၊ ICE ၊ EV စသည့် တရားဝင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်မှု လုပ်ငန်းများ စနစ်တကျရှိစေရေးကိုသာ လုပ်ငန်းဆိုင်ရာမူဝါဒနှင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒတို့နှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဘေးတွဲမော်တော်ဆိုင်ကယ်များအစား သုံးဘီးယာဉ်ငယ်များ အစားထိုးခွင့်ပြုခြင်းနှင့် စပ်လျဉ်းပြီး သုံးဘီးမော်တော်ဆိုင်ကယ်များ တင်သွင်းခွင့်ပြုသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ခန့်မှန်းဈေးနှုန်းအရ လောင်စာစွမ်းအင်သုံး သုံးဘီးမော်တော်ဆိုင်ကယ်များသည် အနိမ့်ဆုံး ကျပ်သိန်း ၁၅၀ မှ အမြင့်ဆုံးကျပ်သိန်း ၂၅၀ အတွင်း၊ လျှပ်စစ်စွမ်းအင်သုံး သုံးဘီး မော်တော်ဆိုင်ကယ်များသည် အနိမ့်ဆုံးကျပ်သိန်း ၇၀ မှ အမြင့်ဆုံးကျပ်သိန်း၁၃၀ အတွင်း ရှိပါ ကြောင်း၊ ထို့ကြောင့် ဘေးတွဲပုဂ္ဂိုလ်ကတစ်ဝက် နိုင်ငံတော်မှ တစ်ဝက်မျှခံစနစ်ဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးမည်ဆိုပါက အမှန်တကယ် ပြေးဆွဲသုံးစွဲနေခြင်း မဟုတ်ဘဲ ဘေးတွဲဆိုင်ကယ်များ ပိုမိုတပ်ဆင်အသုံးပြုမှုများ များပြားလာပြီး အမြတ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနိုင်ခြင်းကြောင့် တရားမဝင် ဘေးတွဲဆိုင်ကယ်များကို အားပေးရာ ရောက်ပြီး ဘေးတွဲယာဉ်အသုံးပြုမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကိုလည်း အဟန့်အတား ဖြစ်စေ မည် ဖြစ်ပါကြောင်း၊

ထို့အပြင် ဘေးတွဲမော်တော်ဆိုင်ကယ်များသည် ဘေးတွဲ၏အလေးချိန်ပါသည့် အတွက် ကြောင့် ဝန်မဲ့နှင့် ဝန်ပါရှိချိန်တို့တွင် ယာဉ်၏စုပေါင်းအလေးချိန်သက်ရောက်အားကြောင့် မောင်းနှင် ချိန်တွင် ဟန်ချက်ညီမျှမှုမရှိဘဲ ဘေးတွဲပါရှိသည့်ဘက်သို့ ဆွဲပါနေခြင်း၊ မော်တော်ဆိုင်ကယ် လက်ကိုင် လေးလံပြီး ထိန်းချုပ်ရန်ခက်ခဲခြင်း၊ လမ်းအချိုးအကွေ့နေရာများတွင် ဘေးတွဲပါရှိသဖြင့် သာမန်မော်တော်ဆိုင်ကယ်ကဲ့သို့ အလွယ်တကူမချိုးကွေ့နိုင်ခြင်း၊ ကုန်းတက်၊ ကုန်းဆင်း နေရာ များတွင် ချောမွေ့စွာမောင်းနှင်သွားလာရန်ခက်ခဲခြင်းနှင့် Turning Ability လျော့နည်းခြင်း များ ကြောင့် လမ်းကွေ့နေရာများတွင် တိမ်းမှောက်နိုင်ခြင်း၊ ရှေ့မီးကြီးတစ်လုံးသာ တပ်ဆင်ပါရှိသည့် အတွက်ကြောင့် ညအချိန်တွင် သာမန်ဆိုင်ကယ်များနှင့် မှားယွင်းတိမ်းရှောင်မှုများဖြစ်ပေါ်ကာ ယာဉ်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေပိုများခြင်း၊ Brake အသုံးပြုရာတွင် ဘေးတွဲပါ ဆိုင်ကယ်ဖြစ်သည့် အတွက် သာမန် ဆိုင်ကယ်ထက် တည်ငြိမ်မှု Stability နည်းပြီး လမ်းချော်မှုပိုမိုဖြစ်ပွားနိုင်ခြင်း၊ ဘေးတွဲ Brake မပါရှိသဖြင့် Brake Balance မဖြစ်ခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ (Safety Devices) မပါရှိခြင်းတို့ကြောင့် လိုက်ပါစီးနင်း သူများ အတွက် အသက်အန္တရာယ် ရှိနိုင်ပါကြောင်း၊

သို့ဖြစ်ပါ၍ အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုနေသည့် တရားမဝင် ဘေးတွဲမော်တော်ဆိုင်ကယ်များသည် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစမ်းသပ်ထုတ်လုပ်ထား သည့် စက်ရုံထုတ်ယာဉ်မဟုတ်ဘဲ ဒေသန္တရအလုပ်ရုံ (Workshop) များမှာ မိမိသဘော ဆန္ဒအလျောက် ပြုပြင်ထားခြင်းများဖြစ်သောကြောင့် Road Safety အရ မောင်းနှင်သူအပါအဝင် လိုက်ပါ စီးနင်းသူ ခရီးသွားပြည်သူများ၊ အများပြည်သူဆိုင်ရာလမ်းများပေါ်မှာ အသုံးပြုနေသော လမ်းအသုံးပြုသူ များအား အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများအရ တရားမဝင်ဘေးတွဲများ အသုံးပြုခြင်းအား ခွင့်ပြု၍မရပါကြောင်းနှင့် ခေတ္တမောင်းနှင်ခွင့်(ယာယီ) လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ ဘေးတွဲပုဂ္ဂိုလ်က တစ်ဝက် နိုင်ငံတော်ကတစ်ဝက်မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များကို ရောင်းချ ပေးနိုင်ရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။