နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ
MY EN

(ခ)-ဦးတင်မိုးအောင်(ခ)နေရှိုင်း(ရန်ကင်းဆန္ဒနယ်)

2026-09-28
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးတင်မိုးအောင်(ခ) နေရှိုင်း (ရန်ကင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လိုင်စင်မဲ့မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုနေမှုသည် နိုင်ငံတော်အတွက် အခွန်အခ များ ဆုံးရှုံးနိုင်ခြင်း၊ ယာဉ်ပိုင်ဆိုင်မှုနှင့် မှတ်ပုံတင်ဆိုင်ရာအချက် အလက်များကို စနစ်တကျ စီမံခန့်ခွဲ ရန် အခက်အခဲရှိခြင်းတို့နှင့် ဆက်စပ်နေပါကြောင်း၊ တစ်ဖက်မှာလည်း အဆိုပါယာဉ်များကို အသုံးပြု နေကြသော ပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့်ယာဉ်များကို တရားဝင်မှတ်ပုံတင်၍ လိုင်စင် ရရှိပြီး စိတ်အေးချမ်းသာစွာ  အသုံးပြုနိုင်ရေးမှာ အရေးကြီးသည့် ကိစ္စတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံးကို တစ်ပြိုင်နက်တည်းအရေးယူခြင်းထက် ယာဉ်၏ မူလအရင်းအမြစ်နှင့် ပိုင်ဆိုင်မှု အထောက်အထားများစိစစ်ခြင်း၊ အကောက်ခွန်နှင့် တခြားသတ်မှတ် အခွန်အခများကောက်ခံခြင်း၊ ယာဉ်၏နည်းပညာပိုင်းဆိုင်ရာနှင့် လုံခြုံရေးစံနှုန်းများစစ်ဆေးခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ယာဉ်များအား တရားဝင်မှတ်ပုံတင်နှင့် လိုင်စင်ထုတ်ပေးခြင်း၊ တရားဝင်အထောက်အထားမရှိသည့် သို့မဟုတ် လုံခြုံရေးစံနှုန်းများနှင့်မကိုက်ညီသည့်ယာဉ်များကို သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက် ခြင်း၊ ပြည်သူများအနေဖြင့် လိုင်စင်ပြုလုပ်ရာတွင် အခက်အခဲမရှိစေရေး၊ ရိုးရှင်းလွယ်ကူသော လုပ်ထုံး လုပ်နည်းများ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါက ပြည်သူများအတွက် အဆင်ပြေစေမည့် အပြင် နိုင်ငံတော်အနေဖြင့်လည်း အခွန်အခများ တရားဝင်ရရှိ လာနိုင်မည်ဖြစ်ပါကြောင်း။ 

ထို့ပြင် တရားဝင်မှတ်ပုံတင်ထားသောယာဉ်များဖြစ်လာခြင်းအားဖြင့် ယာဉ်ပိုင်ရှင်၊ ယာဉ်အမျိုး အစားနှင့် ယာဉ်မှတ်ပုံတင်အချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး လမ်းပေါ်မှာလည်း အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဟု ယူဆမိပါကြောင်း၊ ပြည်သူများတွင် ယာဉ်အသုံးပြုနိုင်ရေးနှင့် ယာဉ်များကို စနစ်တကျ စီမံခန့်ခွဲ နိုင်ရေး တို့အတွက် သတ်မှတ်ချက်နှင့်အညီ လိုင်စင်မဲ့မော်တော်ယာဉ်များအား စနစ်တကျစိစစ်ပြီး တရားဝင် လိုင်စင်ထုတ်ပေးနိုင်‌ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ပေးရန် ရှိ/ မရှိကို သိလိုပါ ကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

နိုင်ငံတော်အတွင်း တရားမဝင်တင်သွင်းရောက်ရှိနေသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဒဏ်ရိုက်အခွန်ဆောင်စေပြီး လိုင်စင်ထုတ်ပေးခြင်းမရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းသို့ တရားမဝင်ရောက်ရှိနေသောယာဉ်များကို စီးနင်းသွားလာခြင်း၊ မမှန်မကန် လိမ်လည် ရောင်းချမှုတို့ကြောင့် မသိနားမလည်သူများထံတွင် ယာဉ်လက်ဝယ်ရှိနေခြင်းတို့သည် ဥပဒေနှင့်အညီ ဖြစ်စေရန်ရည်ရွယ်ပြီး ၃၀-၆-၂၀၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုန်သွယ်မှု မူဝါဒကောင်စီ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၀)တွင် ယာဉ်၏ကာလတန်ဖိုး ၈၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင် စေပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အကောက်ခွန်ဦးစီး ဌာနတို့ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၁၆-၇-၂၀၁၀ ရက်မှ ၂၂-၉-၂၀၁၀ ရက်ထိ မော်တော်ယာဉ်ပေါင်း ၆,၂၂၆ စီးကို တစ်ကြိမ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ထိုကဲ့သို့ မှတ်ပုံတင်မဲ့မော်တော်ယာဉ်များပပျောက်စေရေးနှင့် ဥပဒေနှင့်အညီဖြစ်စေရေးတို့ အတွက် စီမံချက်ချပြီး တရားဝင်ဖြစ်အောင် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့သော်လည်း တရားမဝင် ဝင်ရောက်မှုများ ရပ်ဆိုင်းခြင်းမရှိဘဲ ထပ်မံဝင်ရောက်လျက်ရှိကြောင်းတွေ့ရှိရသဖြင့် မှတ်ပုံတင်ပေး ခြင်းကို ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ ထို့ကဲ့သို့ တရားမဝင်ရောက်ရှိနေပြီးဖြစ်သောယာဉ်များကို ဥပဒေနှင့် အညီဖြစ်စေရေးဆောင်ရွက်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ တရားမဝင်တင်သွင်းအသုံးပြုနေခြင်း သည် တည်ဆဲဥပဒေများကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံတော်သို့ တရားဝင်အခွန်အခများပေး ဆောင်တင်သွင်းသူများနှင့် SKD စနစ်ဖြင့် ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံသည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နစ်နာမှုများရှိမည်ဖြစ်ပါကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးရမိပါက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းပြီး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးပို့ ဆောင်ရွက် လျက်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ သိမ်းဆည်းရမိသည့်ယာဉ်အစီးရေပေါင်း ၁၀,၈၀၅ စီး ဖြစ်ပါကြောင်း၊  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းရောက်ရှိလာသည့် မော်တော်ယာဉ်များနှင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် သော မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ခြင်းဆောင်ရွက်ပေးရာမှာ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်လျှောက်ထားရာတွင် သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန်ဖော်ပြချက်ကိုလည်းကောင်း၊ ပြည်တွင်း၌ CKD/SKD စနစ်ဖြင့်ထုတ်လုပ်သည့် မော်တော်ယဉ်များ ကနဦးမှတ်ပုံတင်လျှောက်ထားရာမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသည့် သက်တမ်းရှိသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီ၏ ကိုယ်စားလှယ်ခွင့်ပြုစာ Quality Certificate ကို ကုမ္ပဏီမှ လက်မှတ်ရေးထိုးထားခြင်း၊  Vehicle Identification Number (VIN Plate)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မော်တော်ယာဉ်အမျိုးအစားအလိုက် ထုတ်လုပ်ခွင့်ပြုချက် Certificate of Approval(COA) သို့မဟုတ် Inspection Certificate(IC) တို့ကို လည်းကောင်း စသည့်စာရွက်စာတမ်း အထောက် အထားများ တင်ပြမှသာ မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားများပါသည့် မော်တော်ယာဉ်များကိုသာ မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် ယခင်က မော်တော်ယာဉ် ၆,၂၂၆ စီးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သော် လည်း တရားမဝင် ဝင်ရောက်မှုများ လျော့နည်းသွားခြင်းမရှိသည့်အတွက် တရားမဝင်ရောက်ရှိနေ သည့်  လိုင်စင်မဲ့မော်တော်ယာဉ်များကို ဒဏ်ကြေးနှင့် အခွန်အခများပေးဆောင်စေကာ တရားဝင် မှတ်ပုံတင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။