ကျောင်းမနေနိုင်သည့် ကလေးများ စာရင်းကောက်ယူပြီး အခြေခံပညာအဆင့် ပြီးမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
“နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဆိုသည်မှာ အလွန်အရေးကြီးပါကြောင်း၊ မိမိတို့သည် ပညာရေးကို အဓိကအလေးပေးပြီး အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် များစွာလိုအပ်သည့်အတွက် လူငယ်များကို နိုင်ငံ တော်တည်ဆောက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်ထက်မြက်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်စေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များ စွမ်းရည် မြင့်မားသထက်မြင့်မားအောင် စဉ်ဆက်မပြတ် စနစ်တကျလေ့ကျင့်သင်ယူမှုများကိုလည်း စီမံဆောင်ရွက် ပေးနေရမည်ဖြစ်ပါကြောင်း၊ အမိနိုင်ငံတော်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုများပြားလာ ပါမှ နိုင်ငံတော်ကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းများ ပိုမိုမြင့်မားလာမည် ဖြစ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း တစ်ချိန်ချိန်တွင် မျိုးဆက်သစ် လူငယ်များမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ကြ ရမည်ဖြစ်သဖြင့် စွမ်းရည်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များ မရှိမဖြစ်လိုအပ်သည့်အတွက် ကြိုတင်၍ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်ကို ထပ်မံတင်ပြလိုပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန်များခွဲ၍ မြို့နယ်အလိုက် တစ်ခု ချင်းစီအတွက် ကျောင်းနေအရွယ်ကလေးဦးရေ၊ ကျောင်းတက်နေသည့် ကလေးဦးရေ၊ ကျောင်းမတက် နိုင်သည့် ကလေးဦးရေ ရာခိုင်နှုန်းမည်မျှရှိသည်ကို အထူး Survey ကောက်ပြီး စာရင်းဇယားများကို တိတိကျကျကောက်ယူ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများအနက်မှ မိသားစုအခက်အခဲများကြောင့် အမှန်တကယ်ကျောင်းမတက်နိုင်သော ကလေးများကို အခြေခံပညာ အဆင့်ပြီးမြောက်စေရန် မည်သည့် အချိန်၊ မည်သည့်နေရာ၌ သင်ကြားပေးမည့်ဆရာမများ မည်သို့ ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
နိုင်ငံတော်အစိုးရ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကို အလေးထား ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဆိုသည့်လမ်းညွှန်ချက်များ ချမှတ်၍ ပညာရေးအဆင့်အတန်း မြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးများ အခြေခံပညာ၊ အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက် ရောက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် နှစ်စဉ် ပညာသင်နှစ်တစ်ခုမစမီ ဧပြီလနှင့် မေလများတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် သက်ဆိုင်ရာ ပြည်သူ့ အင်အားဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အသက် ၅ နှစ်ပြည့်ပြီးသူများစာရင်းကို တောင်းခံရယူ၍ KG တွင် ကျောင်း စတင်အပ်နှံနိုင်ရေးနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်သတ်မှတ်ပြီး နှိုးဆော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စနစ်သစ်ပညာရေးအစီအစဉ်အရ အသက် ၅ နှစ် ပြည့်ပြီး KG မတက်ခဲ့ရသည့် ကလေးများအနက် အသက် ၆ နှစ် ပြည့်ပြီးသောကလေးများ Grade 1 တွင် ကျောင်းအပ်နှံ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အသက် ၆ နှစ် ပြည့်ပြီး ကျောင်းမနေရ သေးသည့် ကလေးများစာရင်းကို ကောက်ယူပြီး ကျောင်းသို့ ရောက်ရှိနိုင်စေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မေလ ၂၅ ရက်မှစပြီး နှစ်စဉ်ကျောင်း အပ်နှံမှုစာရင်းကောက်ယူပြီး ကျောင်းအပ်ရန် ကျန်ရှိသည့်ကလေးများ ကျောင်းသို့ ရောက်ရှိစေရေး တိုင်းဒေသကြီး ပြည်နယ်အလိုက် ကြီးကြပ်ပြီး ဩဂုတ်လကုန်အထိ ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်ခဲ့သည့်အခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ၃၁-၈-၂၀၂၆ ရက်အထိ ကျောင်းအပ်နှံမှု အခြေအနေအရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် KG ကျောင်းသား ၆၃၀,၉၂၅ ဦး အပ်နှံနိုင်ခဲ့ပါကြောင်း။
ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ ရောက်ရှိပညာသင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အလိုက် အလေးထားဆောင်ရွက်ခဲ့သည့်အတွက် ယခင်နှစ် ကျောင်းအပ်နှံမှု စာရင်းတွင် ယခင်က ၇.၂ သန်းရှိရာမှ ယခုနှစ်ပညာသင်နှစ်တွင် ၇.၅၉ သန်းအထိ ကျောင်းနေအရွယ် ကလေးများအားလုံး စာသင်ကျောင်းများကို ရောက်ရှိသင်ကြားနိုင်စေရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နှစ်အလိုက် ကျောင်းနေအရွယ်ကလေးများ စာသင်ခန်းသို့ ရောက်ရှိစေရေးအတွက် ကျောင်းအပ်နှံတက် ရောက်စေရေး နိုင်ငံတော်အနေဖြင့် မူဝါဒများချမှတ်ပြီး အလေးထားတွန်းအားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကလေးများစာရင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် မြို့နယ်ပညာရေးမှူးများမှ ပေါင်းစပ်စာရင်းကောက်ယူပြုစုလျက်ရှိပါကြောင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကလေးများ၊ ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများအတွက် အသက်အရွယ်အရ တက်ရောက်နိုင်သည့် အတန်းသတ်မှတ်ချက်နှင့် Placement Test အထူးအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးခဲ့ပြီး မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အသက် ၁၅ နှစ်နှင့် ၃ လအတွင်း ကျောင်းသား ကျောင်းသူ ၁၄၄,၃၈၄ ဦးကို အခြေခံပညာကျောင်းများသို့ ဝင်ရောက်ပညာသင်ကြား နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနအနေဖြင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေသည့် ကလေးငယ်များအတွက် ဒုတိယအကြိမ် ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရန် ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်များကို တန်းညှိပညာရေးအစီအစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းဒေသကြီးပြည်နယ်အချို့ရှိ ကျောင်းပြင်ပ ရောက်ရှိနေသည့် သက်လွန်ကလေးများ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေနိုင်ရန်အတွက် ကျောင်း ပညာရေး Placement Test ဖြေဆိုခွင့်ကို ကျောင်းပြင်ပ ပညာရေးအစီအစဉ်အနေဖြင့် ကျောင်းပြင်ပ မူလတန်းပညာရေး၏ မူလအသက်သတ်မှတ်ချက် ၁၀ နှစ်မှ ၁၄ နှစ် အစား ၁၀ နှစ်မှ ၁၆ နှစ်ကို လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေး၏ မူလအသက် သတ်မှတ်ချက် ၁၃ နှစ်မှ ၁၈ နှစ် အစား ၁၃ နှစ်မှ ၂၁ နှစ် အတွင်းသို့လည်းကောင်း အသက်သတ်မှတ်ချက်ကိုဖြေလျှော့ပြီး Placement Test ဖြေဆိုခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) အနေဖြင့် Placement Testကို ဇွန်လတွင် ဆောင်ရွက်ပြီး ဇူလိုင်လ၌ ကျောင်းများ ဖွင့်လှစ်ပြီး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ဇူလိုင်လ ၁ ရက်မှ မတ်လအထိ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး(NFME)အနေဖြင့် Placement Test ကို ဇူလိုင်လ တွင် ဆောင်ရွက်ပြီး ဩဂုတ်လမှ ဒီဇင်ဘာလအထိ ပထမနှစ်ဝက်အဖြစ်ကိုလည်းကောင်း၊ ဒီဇင်ဘာလ မှ ဇွန်လအထိကို ဒုတိယနှစ်ဝက်အဖြစ်လည်းကောင်း စာသင်နှစ် ၂ ပိုင်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း။
အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း ကလေးများအတွက် အခြေခံပညာကျောင်းများတွင် Grade 1၊ Grade 2 နှင့် Grade 3 ကို သင်ယူပြီးမြောက်ထားသည့် လူများက Placement Test ဖြေဆိုရမည် ဖြစ်ပြီး အောင်မြင်လျှင် ကျောင်းပြင်ပမူလတန်းပညာရေး Level-2 သို့ တက်ရောက်နိုင်ပါကြောင်း၊ အောင်မှတ်မရသည့်သူများနှင့် ကျောင်းလုံးဝမတက်ဖူးသူများက Level-1 သို့ တက်ရောက်ရမည်ဖြစ်ပါ ကြောင်း၊ အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်း ကျောင်းသားများအတွက် အခြေခံပညာ Grade 5 အောင်မြင်ပြီးသူများနှင့် Grade 6 တက်ရောက်ဖူးသူများသည် ကျောင်းပြင်ပ အလယ်တန်းပညာရေး သို့ ဝင်ရောက်လိုတယ်ဆိုလျှင် Placement Test ကို ဖြေဆိုရမည်ဖြစ်ပြီး NFME Level-1 သို့လည်းကောင်း၊ Grade 6 အောင်မြင်ပြီးသူများနှင့် Grade 7 တက်ရောက်ဖူးသူများသည် Placement Test ဖြေဆိုအောင်မြင်မည်ဆိုလျှင် NFME Level-2 သို့လည်းကောင်း၊ Grade 7 နှင့် Grade 8 အောင်မြင်ပြီးသူများ၊ Grade 9 တက်ရောက်ဖူးသူများသည် Placement Test ဖြေဆို အောင်မြင်မည်ဆိုလျှင် NFME Level-3 သို့ တက်ရောက်နိုင်ပြီး မအောင်မြင်လျှင် NFME Level-2 သို့ တက်ရောက်စေလျက်ရှိပါကြောင်း၊ အရေးပေါ်အခြေအနေ ကြေညာထားသည့် ဒေသများရှိ ကလေး များဖြစ်ပါက ပညာရေးဆိုင်ရာအထောက်အထားများ မပြည့်စုံနိုင်သည့် အခြေအနေရှိနိုင်သည့် အတွက် ထိုဒေသတွင်နေထိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ အဆိုပါဒေသရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ ပညာရေး ဆိုင်ရာထောက်ခံချက်များနှင့် ကျန်းမာရေးမှူး၏ အသက် ထောက်ခံချက်များနှင့် စိစစ်ပြီး Placement Test ကို ဖြေဆိုခွင့်ပြုလျက်ရှိကြောင်း။
NFME Level-3 အောင်မြင်ပြီးမြောက်သူများအနေဖြင့် အခြေခံပညာ Grade 9 အောင်မြင်ပြီး သူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး Grade 10 ၊ Grade 11 ၊ Grade 12 အတန်းများကို ကျောင်းတွင်းစစ်(ပြင်ပဖြေ)စနစ်နှင့် ဆက်လက်ဖြေဆိုခွင့်ရှိပါကြောင်းနှင့် အခြေခံပညာအထက် တန်းအဆင့်ကို ပြီးမြောက်သွားပြီဆိုလျှင် သက်ဆိုင်ရာတက္ကသိုလ်များတွင် ဆက်လက်ပညာသင်ခွင့် ရရှိအောင် ဆောင်ရွက်ထားလျက်ရှိကြောင်း၊ NFME လမ်းကြောင်းမှ သင်ယူပြီးမြောက်သူတချို့သည် ပညာရေးဒီဂရီကောလိပ်များတွင် ဆက်လက်တက်ရောက်လျက်ရှိပါကြောင်း၊ NFPE အစီအစဉ်ကို စာသင်နှစ် ၂ နှစ်သတ်မှတ်ပြီး တစ်နှစ်တွင် ရက်ပေါင်း ၂၂၀ ရက်၊ တစ်ရက်လျှင် ၂ နာရီခွဲ သင်ကြား ပေးခဲ့ပြီး စုစုပေါင်း သင်ကြားချိန် ၅၅၀ နာရီ ရှိပါကြောင်း၊ ယခုနှစ်အတွက် စာသင်စခန်း ၂၁၂ ခုတွင် ကျောင်းသား ကျောင်းသူပေါင်း ၁၂,၃၄၄ ဦး သင်ကြားပေးလျက်ရှိပါကြောင်း၊ NFME အစီအစဉ်ကို စာသင်နှစ် ၃ နှစ် သတ်မှတ်ပြီး တစ်နှစ်လျှင် ရက်ပေါင်း ၂၁၄ ရက်၊ တစ်ရက်လျှင် ၃ နာရီ သင်ကြားပေးလျက်ရှိပြီး စုစုပေါင်းသင်ကြားချိန် ၆၄၀ နာရီနှင့် ယခုနှစ်တွင် စာသင်စခန်း ၈၂ ခုနှင့် ကျောင်းသား ကျောင်းသူ ၉,၅၉၅ ဦး စာရင်းသွင်း သင်ကြားစေလျက်ရှိကြောင်း၊ အစီအစဉ်နှစ်ရပ် စလုံးကို အများအားဖြင့် အခြေခံပညာကျောင်းများ၏ ကျောင်းဆင်းချိန်နောက်ပိုင်းတွင် သင်ကြား ပေးလျက်ရှိပြီး ကျောင်းပြင်ပရှိ ကလေးများနှင့် လူငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ Placement Test အထူး အစီအစဉ်သည် ကျောင်းပြင်ပရောက်နေသည့် ကလေးများ၏ ပညာရေးကို ပြန်လည်ဆက်လက် သင်ယူနိုင်သည့် Second Chance ပညာရေးအခွင့်အလမ်းများ မပျောက်ဆုံးစေရန်နှင့် အခြေခံ ပညာမှ အဆင့်မြင့်ပညာရေးအထိ ဆက်လက်တက်ရောက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် အရေးပါသော အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနမှဖွင့်လှစ်သည့် တန်းညှိပညာရေးအစီအစဉ်များသည် အောင်မြင်စွာပြီးမြောက်သည့် သင်ယူ သူများအတွက် အခြေခံပညာကို ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင် တန်းများနှင့် ချိတ်ဆက်နိုင်ရေး၊ ဘဝတစ်သက်တာ သင်ယူနိုင်ရေးအခွင့်အလမ်းများကို ပိုမိုရရှိနိုင် ရန်အတွက် သက်ဆိုင်ရာဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့် အခြေခံပညာဦးစီးဌာနမှ အသက် ၁၅ နှစ်နှင့် ၃ လရှိသည့် ကျောင်းနေအရွယ် ကလေးများအတွက် Placement Test အထူးအစီအစဉ်ဖြင့် အသက်နှင့် အတန်းချိန်ညှိပြီး ပညာ သင်ယူခွင့်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် အသက် ၁၅ နှစ်နှင့် ၃ လ အထက် ကလေးလူငယ် များအတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တန်းညှိပညာရေး အစီအစဉ်များမှတစ်ဆင့် ဆက်လက်ပညာ သင်ယူနိုင်ခွင့်ရရှိစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ ပါသည်။
ဒေါက်တာကျော်ကျော်ဌေး (ထားဝယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ယခုလို ဝင်သွားသည့် ကလေးများသည် မိမိတို့အတွက် ဝမ်းသာစရာအလွန်ကောင်း ပါကြောင်း၊ သို့သော် ယခု Survey ကောက်ရာတွင် ကျောင်းမတက်နိုင်သည့်ကလေး မည်မျှကျန်နေ သေးသည်မှာ အရေးကြီးသည်ဟု ထင်ပါကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးရာခိုင်နှုန်း၊ ကျောင်းတက်သွားပြီသည့် ရာခိုင်နှုန်း၊ မတက်နိုင်သည့်ကလေးများ မည်မျှကျန်သေးသည်ဆိုသည်ကို လဲဆိုသည်ကို Survey ကောက်ပြီး နည်းသထက်နည်းအောင် မည်သို့ စီမံမလဲဆိုသည့်အစီအစဉ်အနေဖြင့် တင်ပြမေးမြန်းခြင်းဖြစ်ပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
လက်ရှိအခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကလေးများ စာရင်းကို ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်ပညာရေးမှူးများပေါင်းစပ်ပြီး စာရင်းကောက်ယူပြုစုလျက်ရှိပါကြောင်း၊ ယခုနှစ် အတွက် ဆောင်ရွက်ပြီးသော်လည်း ရှေ့နှစ်တွင် Update ဆောင်ရွက်နိုင်ရန် ဆက်လက် Update ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရရှိလာသည့် စာရင်းအပေါ်မူတည်၍ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ထုတ်ပြန်၍ရသည်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။