နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပညာရေးမြှင့်တင်မှုကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ (၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း Secretary- General of the Japan-Myanmar Parliamentary Friendship League ဖြစ်သူ Mr. Hiromichi Watanabe အား Video Conferencing ဖြင့် တွေ့ဆုံ
MY EN

(ဆ)- ဦးအောင်ဇော်လင်း(သနပ်ပင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-08
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်ဇော်လင်း(သနပ်ပင်မဲဆန္ဒနယ်)

သနပ်ပင်မြို့နယ်၊ မင်းရွာကျောင်းစုကျေးရွာအုပ်စုရှိ ကြာဖြူရိုးတိမ်ကောနေမှုအား ပြန်လည်တူးဖော် ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

သနပ်ပင်မြို့နယ်၊ မင်းရွာကျောင်းစုကျေးရွာအုပ်စုအနီးတွင် ကြာဖြူရိုးတည်ရှိပြီး ပဲခူး-စစ်တောင်းတူးမြောင်း မိုင်တိုင် ၁၅ မိုင်၊ ၄ ဖာလုံ အနီးမှ စီးဝင်သော မောင်မခေါ်ရိုး၏ ပေ ၄,၀၀၀ ခန့်မှ ကြာဖြူရိုးသည် ခွဲထွက်၍ ကြာဖြူရိုးချောင်းများသည် ဝေါမြို့နယ်၊ သဘော့ကန်ကျေးရွာနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ထိုရိုးသည် အရှည်  ၃.၅ မိုင် ရှိ၍ လွန်ခဲ့သော ၁၀ နှစ်ခန့်က တူးဖော်ခဲ့ပြီး တူးဖော်ပြီးစီးစဉ်က အကျယ် ၃၀ ပေ၊ အနက် ၆ ပေ ရှိပြီး ယခုအချိန်တွင် တိမ်ကောလာသည့် အတွက် နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ကွင်းအမှတ် ၈၃၇၊ ၈၄၄၊ ၈၄၅ (က)၊ ၈၄၅(ခ)၊ ၈၅၂ ကွင်းများရှိ သနပ်ပင်မြို့နယ်မှ မင်းရွာကျောင်းစုကျေးရွာနှင့် ငါးကြီးဝင်း ကျေးရွာတို့မှ တောင်သူ ၈၀ ဦးတို့၏ မိုးစပါးဧက ၁,၂၀၀ နှင့် ဝေါမြို့နယ်၊ သဘော့ကန်ကျေးရွာမှ တောင်သူ ၁၈ ဦးတို့၏ မိုးစပါးဧက ၅၀၀ ခန့်နှင့် စုစုပေါင်းဧက ၁,၇၀၀ ခန့်သည် ရေကြီးနစ်မြုပ် ပျက်စီးပြီး တောင်သူလယ်သမား ၁၀၀ ခန့် ဒုက္ခရောက်လျက်ရှိပါကြောင်း၊ နွေရာသီတွင်လည်း နွေစပါးစိုက်ပျိုးရန် သနပ်ပင်မြို့နယ်မှ နွေစပါး ၂၀၀ ဧကနှင့် ဝေါမြို့နယ်မှ နွေစပါးဧက ၁၀၀ ခန့် စုစုပေါင်း နွေစပါးဧက ၃၀၀ ခန့်ရေပေးဝေရာတွင် ရိုးသည် တိမ်ကောနေသည့်အတွက် လယ်သမား များ အခက်အခဲထပ်မံတွေ့ရှိနေရပါကြောင်း။ 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မ(က)တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ တောင်သူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် ယနေ့လက်ရှိဖြစ်ပေါ်နေသည့် တောင်သူများ၏ အခက်အခဲများကို ဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံ တော်၏ အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်၊ စပါး ပြည်တွင်းဖူလုံရန်သာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ရရှိလာခြင်း၊ စပါး၊ ပဲနှင့် အခြားသီးနှံများ ရေနစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း၊ သီးနှံများ အထွက်တိုးလာခြင်း၊ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာခြင်းနှင့် ဒေသစီးပွားရေးလည်ပတ်မှု ပိုမိုအားကောင်းလာခြင်း စသည့်အကျိုးကျေးဇူး များ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံ တောင်သူလယ်သမားများ၏ အခက်အခဲများကို ဖြေလျှော့ပေးရန် ၎င်းရိုး၏ မူလဧရိယာအရှည် ၃.၅ မိုင်နှင့် အကျယ်ပေ ၃၀၊ အနက် ၆ ပေ အကျယ်အဝန်းအတိုင်း ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က

အဆိုပါမေးခွန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ မေးခွန်းပါ ကြာဖြူရိုးချောင်းသည် သနပ်ပင်မြို့နယ်၊ မင်းရွာ ကျောင်းစုကျေးရွာအုပ်စုအတွင်း တည်ရှိပြီး အလျား ၃.၅ မိုင်ခန့် ရှည်လျား၍ မောင်မခေါ် ရိုးချောင်း ထဲသို့စီးဝင်ပြီး မောင်မခေါ်ရိုးချောင်းတွင် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ စီးဝင်လျက်ရှိပါ ကြောင်း၊ အဆိုပါကြာဖြူရိုးချောင်းမှ မိုးစပါး ၁,၇၀၀ ဧကခန့်အား ရေထုတ်နုတ်ပေးပြီး ရေကြီးနစ်မြုပ်မှု မှ ကာကွယ်ပေးပြီး နွေစပါး ၃၀၀ ဧကခန့်ကို ရေသွင်းပေးနိုင်သောကြောင့် တောင်သူများအတွက် အရေးပါသည့် ရိုးချောင်းတစ်ခုဖြစ်ပါကြောင်း။ 

          ဌာနအနေဖြင့် ကြာဖြူရိုးချောင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆  ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့်‌ ဆောင်ရွက်ခဲ့သော်လည်း တူးဖော်ခဲ့သည့်ကာလ ကြာမြင့်ခြင်း၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကြာဖြူရိုးချောင်းတစ်လျှောက် သဲနုန်းပို့ချ မှုများဖြစ်ပေါ်ခြင်းကြောင့် ရိုးချောင်းတွင် ပျမ်းမျှအကျယ် ၁၀ ပေ၊ အနက် ၂ ပေခန့်အထိ တိမ်ကော လျက်ရှိပါသဖြင့် လယ်ယာမြေများ ရေသွင်း၊ ရေထုတ်ပြုလုပ်ရာတွင် အခက်အခဲရှိနေခြင်း၊ စိုက်ပျိုး သီးနှံများ ပျက်စီးဆုံးရှုံးနေရခြင်းနှင့် နွေသီးနှံစိုက်ပျိုးရေရယူရန် အခက်အခဲဖြစ်နေခြင်းကြောင့် ကြာဖြူ ရိုးချောင်းအား ပြန်လည်တူးဖော်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကြာဖြူရိုး တူးဖော်မည့် လုပ်ငန်းတည်နေရာပြမြေပုံနှင့် တူးဖော်ခြင်းလုပ်ငန်းဆိုင်ရာ အချက်အလက်များအား တင်ပြအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြာဖြူရိုးချောင်းတူးဖော်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့် ရန်ပုံ ငွေအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။