ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)
နမ့်စန်မြို့နယ်ရှိ နားရိုင်းရွာမကြီးမှ နောင်ခမ်း-နောင်ခါး-နမ့်ခမ်း(နမ့်ဟူးမိုင်)-နောင်ဒေး ကျေးရွာ ထိ ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ပေးရန် သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
ဖော်ပြပါလမ်းပိုင်းတွင်ရှိသည့် နမ့်စန်မြို့နယ်အတွင်းရှိ ဟိုင်းနားကြီးကျေးရွာအုပ်စု နောင်ခမ်း -နောင်ခါး-နမ့်ခမ်း၊ နောင်ဒေး၊ ကုန်းလမ်း၊ နားတောင်၊ မောက်မယ်၊ဆီဆိုင်လမ်းဆုံထိ ၁၃.၅ မိုင်ရှိသည့်အနက်မှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန်ကျန်ရှိသည့် ၈.၅ မိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန မှ ဆောင်ရွက်ရသည့် လမ်းပိုင်းဖြစ်ပြီး ယခင်က လမ်းပန်း ဆက်သွယ် ရေး အင်မတန်ခက်ခဲပြီး Four- Wheel ကားများသာ သွားလို့ရသည့် အခြေအနေ တွင်ရှိပါ ကြောင်း၊ ထို့ကြောင့် ၎င်းဒေသရှိ အများပြည်သူများသည် ဘိန်းများကိုသာစိုက်ပျိုးပြီး အခြား သီးနှံများ စိုက်ပျိုးမှုသည် နည်းပါးပါ ကြောင်း၊ မိမိတို့အနေဖြင့် ကျေးရွာပြည်သူများ နှင့်တွေ့ဆုံ သည့်အခါ၎င်းတို့ဒေသတွင် ထွက်ရှိသည့် ကောက်ပဲသီးနှံများကို မြို့တက်ပြီး ရောင်းသည့် အခါတွင် ရောင်းလို့ရသည့် ငွေကြေးသည် ကုန်တင်ခ လောက်သာ ရရှိသည့်အတွက် လွယ်လွယ် ကူကူ ရောင်းလို့ရသည့် ဘိန်းစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ နေပြီး ၎င်းလမ်းပိုင်းကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် တင်ပြတောင်းဆို ပေးမည် ဆိုပါက ဘိန်းအစားထိုး တခြားကောက်ပဲသီးနှံများစိုက်ပျိုးသွားမည် ဖြစ်ကြောင်း တင်ပြ တောင်း ဆိုသည့် အတွက် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးတွင် တင်ပြ မေးမြန်းခဲ့ သည့် လမ်းပိုင်းလည်း ဖြစ်ပါကြောင်း။
ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် မိမိနှင့် မောက်မယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ပါ မေးမြန်းခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး နှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစပြီး လမ်းပိုင်းနှစ်ဖက်လုံးမှစတင်ပြီး ကျောက်ချောလမ်းအဖြစ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ကျောက်ချောလမ်း ဆောင်ရွက်ပြီး ၂ နှစ်ပြည့်သည့်အခါ ကတ္တရာလမ်း အဖြစ်ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးမည်ဆိုသည့် ကတိကဝတ်ရရှိခဲ့သည့် လမ်းပိုင်းလည်း ဖြစ်ပါကြောင်း၊ ၎င်းကတိ ကဝတ်ကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှနေစပြီး လမ်းပိုင်းနှစ်ဖက်လုံး မှ စတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက် ပေး ခဲ့သည့်အချိန်တွင်မောက်မယ်ဆီဆိုင် လမ်းဆုံ နားတောင်-ကုန်းလမ်းအထိ ၅ မိုင်မှ ကတ္တရာ လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ နားရိုင်းရွာမ ကြီးကနေစပြီး နောင်ခမ်း-နောင်ခါး-နမ့်ခမ်း၊ နောင်ဒေး၊ ကုန်းလမ်းထိ ၈.၅ မိုင်သည် ကျောက်ချောလမ်းအဖြစ်သာ ဆောင်ရွက်ပေးနိုင်ပြီး နိုင်ငံရေးအပြောင်းအလဲကြောင့် ကတ္တရာ လမ်း အဖြစ် ဆက်လက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကိုလည်းတွေ့ရှိရမည်ဖြစ်ပါကြောင်း။
၎င်းလမ်းပိုင်းကို ဆောင်ရွက်ပေးခဲ့ခြင်းသည် နှစ်ပေါင်း ၇ နှစ်၊ ၈ နှစ်ကြာမြင့်ပြီ ဖြစ်သည့် အတွက် ယခု အချိန်တွင် ၎င်းကျောက်ချောလမ်းမှနေပြီး ကျောက်များထွက်ပြီးကျောက်ကြမ်း လမ်း အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ယခုလိုအချိန် ကတ္တရာမခင်းနိုင်ပါက မကြာခင် အချိန် အတွင်း မြေသားလမ်း အဖြစ် ပျက်စီးသွားမည်ဖြစ်ပါကြောင်း၊ မြေသားလမ်းအဖြစ် ပျက်စီး သွား ပြီးမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်မည်ဆိုပါက လမ်းအမာခံရအောင် ကျောက်ချော၊ မြေသား အဆင့် ဆင့်ပြန်လည်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာ ငွေကိုလည်း ဖြုန်းတီးရာ ရောက်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ငွေကိုလည်း မပြုန်းတီးရအောင် တိုင်းရင်း သား ပြည်သူများ၏ တောင်းဆိုသည့်ဆန္ဒကိုလည်း ယခုလိုကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်း ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နမ့်စန်မြို့နယ်၊ဟိုင်းနားကြီးကျေးရွာအုပ်စုအတွင်းရှိနားရိုင်း ရွာမကြီးမှ နောင်ခမ်း-နောင်ခါး-နမ့်ခမ်း၊ နောင်ဒေး၊ ကုန်းလမ်း၊ နားတောင်၊ မောက်မယ်၊ ဆီဆိုင် လမ်းဆုံထိ ၁၃.၅ မိုင်ရှိသည့်အနက်မှကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန် ကျန်ရှိနေသေး သော လမ်းပိုင်းကျောက်ချောလမ်း ၈.၅ မိုင်အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်မှစတင်ပြီး နှစ်စဉ် ဘဏ္ဍာ ရေးနှစ်အလိုက် ဦးစားပေး ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်များကို သိရှိလိုပါကြောင်း ဖြင့်မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး က
နားရိုင်းရွာမကြီးမှ နောင်ခမ်း-နောင်ခါး-နမ့်ခမ်း -နောင်ဒေး ကျေးရွာသွားလမ်း သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး စုစုပေါင်း လမ်းမိုင် အရှည် ၈မိုင်၊ ၆ဖာလုံရှိပြီး လွိုင်စန့်ရွာ လမ်းခွဲမှ နားရိုင်းရွာဟောင်းသို့သွားသည့် ၁၉ မိုင်၊ ၄ ဖာလုံ လမ်းပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၂ မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၂ မိုင်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၂ မိုင်၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၁ မိုင်နှင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၁ မိုင်၊ ၆ ဖာလုံ၊ စုစုပေါင်း ကျောက်လမ်း ၈ မိုင်၊ ၆ ဖာလုံ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၂၇၆ အိမ်နှင့် လူဦးရေ ၁၀၈၇ ဦး တို့ကို အကျိုးပြုသည်ကို တင်ပြလိုပါကြောင်း၊ အဆိုပါကျောက်လမ်း ၈ မိုင်၊ ၆ ဖာလုံကို ကတ္တရာ လမ်း အဖြစ် အဆင့်မြှင်တင်နိုင်ရန် လာမည့်ဘဏ္ဍာနှစ်များ တွင်နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။