နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ (၆-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(ဃ)-ဦးခင်မောင်ဌေး (ပျဉ်းမနားမဲဆန္ဒနယ်)-မေးခွန်း

2026-07-06
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်ဌေး (ပျဉ်းမနားမဲဆန္ဒနယ်)

ပျဉ်းမနားမြို့ပေါ် ရပ်ကွက် ၇ ခုအား ရေနုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေး စီမံချက် (Town Plan) အဖြစ် ရေးဆွဲဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ပျဉ်းမနားမြို့၏ မြောက်ဘက်ခြမ်းရှိသည့် ရပ်ကွက် ၃ ရပ်ကွက်ထဲတွင် ဥယျာဉ်စုရပ်ကွက် တွင် ရေစီးရေလာကောင်းမွန်ရန်အတွက် ရေထုတ်မြောင်းများတူးဖော် ဆောင်ရွက်ထားခြင်း မရှိခဲ့ပါ ကြောင်း၊ ၎င်းရပ်ကွက်သည် မိုးတစ်ကြိမ် ရွာသည့်နှင့် ရပ်ကွက်အတွင်းရှိလမ်းများသည် ရေဝပ်နေ ပါကြောင်း၊ မိမိတို့ ရပ်ကွက်အတွင်းတွင် ကွန်ကရစ်လမ်းများခင်းထားပြီးဘေးက ရေမြောင်း မရှိ သည့် အတွက် ရပ်ကွက်အတွင်း အချိန်ကြာမြင့်စွာရေဝပ်နေပါကြောင်း၊ ပေ ၈၀ လမ်း ဘေးတွင် ရှိသည့် ရေမြောင်းများတွင်လည်း အမှိုက်များစုပုံပြီး လမ်းပေါ်နှင့်ရပ်ကွက်များထဲမှာပါ ရေများဝင်ပြီး ရေဝပ်နေ သည့် အနေအထားမျိုးဖြစ်နေပါကြောင်း။ 

မိမိတင်ပြသည့်အဓိကအချက်မှ ၎င်း ပေ ၈၀ လမ်းဘေးမှာရှိ ရေမြောင်းပေါ်ရှိ ပလက်ဖောင်း၊ ကွန်ကရစ်လမ်း ရေမြောင်းဖုံးပေါ်တွင်ဈေးဆိုင်များကျူးပြီး ဖွင့်ထားသည့်အတွက် ရေမြောင်းတွင်ရှိ သည့် အမှိုက်များကို ဆယ်ယူရန်အခက်အခဲဖြစ်နေပါကြောင်း၊ ပျဉ်းမနားမြို့နယ် သည် မြို့ပေါ် ၇ ရပ်ကွက်နှင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၁၄၂၈၄ အိမ်ရှိပြီး မြို့ပေါ်လူဦးရေ ၇၃,၀၀၀ ကျော် နေထိုင် ကြပါကြောင်း၊ ပျဉ်းမနားမြို့သည် ၂၈--၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေ ငလျင်ကြီးကြောင့် မြို့ပေါ်ရပ်ကွက်အတွင်းမှာရှိ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် မြို့မဈေးကြီး လည်း ထိခိုက်ပျက်စီးခဲ့ရပြီး လမ်းတချို့လည်းပျက်စီးခဲ့ရပါကြောင်း၊ မြို့ပေါ်ရပ်ကွက်များမှာရှိ စက်ရေတွင်းများ ပျက်စီးခဲ့ရပြီး မြေအောက်ရေလမ်းကြောင်းများပြောင်းလဲခြင်းတို့ကြောင့် ပြည်သူ များ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ၎င်းအပြင် ၂၀၂၅ ခုနှစ် ပျဉ်းမနား မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ လမ်းများရေဝင်နစ်မြုပ်ခဲ့ရပြီး မြို့ပေါ်ရပ်ကွက်များ အတွင်း ရေနုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများ စနစ်တကျ စီမံ ဆောင်ရွက်ထားမှု အားနည်းသည့် အတွက် အချိန်ကြာမြင့်စွာရေဝပ် နေမှုများဖြစ်ပေါ်ခဲ့ပါကြောင်း။ 

မြို့ပေါ်ရပ်ကွက်များတွင် ယခင်တူးဖော်ထားသည့် ရေနုတ်မြောင်းများ အတွင်း အမှိုက်သရိုက် များ စုပုံပိတ်ဆို့နေမှုများကြောင့် ရေများပြည့်လျှံထွက်လာပြီး မြို့ပေါ်ရပ်ကွက်ရှိ အိမ်ခြံဝန်း အတွင်း အချိန်အတန်ကြာ ရေနစ်မြုပ်ပြီး လမ်းများတွင်လည်း မိုးရေ များဝပ်နေ သည့်အတွက် လမ်းတချို့ ပျက်စီးခဲ့ရပါကြောင်း၊ ပျဉ်းမနားမြို့ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွာကောက်ရပ်ကွက်မှာ သူကြီးစု ၁၊ ၂၊ ရန်အောင် ၁ ရပ်ကွက်တွင် မြင်းခြံကာ၊ ရန်အောင် ၂ ရပ်ကွက်၌ နယ်မြေ ၁၁ နှင့် ၁၂၊ ဥယျာဉ်စု ရပ်ကွက်မှာ ၁ လမ်း၊ ၂ လမ်း၊ ၅ လမ်း၊ အိုးဝေ ရပ်ကွက်မှာ သံလွင်လမ်း၊ ချင်းတွင်းလမ်း၊ ခတ္တာလမ်း၊ သစ္စာလမ်း၊ မေတ္တာလမ်း၊ ပဒုမ္မာလမ်းများမှာ ရေမြောင်း များတူးဖော်ထားခြင်းမရှိသည့် အတွက် အချိန် ကြာမြင့်စွာရပ်ကွက်အတွင်း ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဓိကကတော့ ယုဇနဈေးလမ်း ဖြစ်သသည့် ပေ ၈၀ လမ်းမကြီး ဘေး ဝဲယာတွင် ရေမြောင်းများရှိသော်လည်း အမှိုက်သရိုက်များ ပိတ်ဆို့ပြီး ရေစီးရေလာ မကောင်း သည့်အတွက် ရပ်ကွက်အတွင်းတွင် ရေဝပ်နေမှုများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊  ၎င်းပေ ၈၀ လမ်း လမ်းဘေးဝဲယာတွင်ရှိသည့် ရေထုတ်မြောင်းများ၏ ရေမြောင်းဖုံးနှင့် ပလက်ဖောင်းပေါ်မှာ ဈေးဆိုင် များ ရှေ့ကိုတိုးပြီး ဆိုင်ခန်းများ တည်ဆောက် ရောင်းချနေခြင်း ဖြစ်သည့် အတွက် ရေမြောင်း များအတွင်းမှာရှိ အမှိုက်များ ဆယ်ယူရန် အခက်အခဲဖြစ်ပေါ်နေသည့် အနေအထား တွင် ရှိပါ ကြောင်း၊ သက်ဆိုင်ရာများမှအမှိုက်သိမ်းစနစ်ကိုလည်းသေချာစီမံပြီးနိုင်နင်းအောင် ဆောင် ရွက်နိုင်ရန် လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အမှိုက်သိမ်းကားများလည်း ထပ်မံဖြည့်တင်း ပေးရန်လည်းလိုအပ်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုပါကြောင်း၊ ရေမြောင်းများ အတွင်းမှာရှိ အမှိုက်များကိုမိုးရွာသည့်ကာလမတိုင်ကတည်းက ကြိုတင်ရှင်းလင်းဆောင်ရွက်ရန်လည်း လိုအပ် မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပျဉ်းမနားမြို့ရှိ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန် ရေးအတွက် ရေနုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေး စီမံချက်(Town Plan) အဖြစ် စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ရန်အစီအစဉ်ရှိ/ မရှိ ကိုသိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင်

ပျဉ်းမနားမြို့၊ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်အား ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ် မြောင်း၊ ရေဆိုးထုတ်မြောင်းများပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးစီမံချက် (Town Plan) အဖြစ် စနစ်တကျ ရေးဆွဲပြီးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နေပြည် တော် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ပျဉ်းမနားမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှု အခြေ အနေ အား လေ့လာသုံးသပ်ခဲ့ပြီး မြို့ပြစီမံကိန်းပညာရှင်များမှ ပျဉ်းမနားမြို့၏ မြို့ပြစီမံကိန်းရေးဆွဲခြင်း အစီရင်ခံစာ အားပြုစုခဲ့ပါကြောင်း၊ အဆိုပါမြို့ပြစီမံကိန်းရေးဆွဲခြင်း အစီရင်ခံစာပါ အဆိုပြု မြို့ပြစီမံကိန်း ပုံစံတွင် ပျဉ်းမနားမြို့တစ်မြို့လုံးအတိုင်းအတာဖြင့် ရေစီးရေလာကောင်းမွန် စေရေး အတွက် အဆိုပြု လျာထားအစီအမံများပါဝင်ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပျဉ်းမနားမြို့ Drainage System အား ရေးဆွဲထားရှိပြီး လက်ရှိ ပျဉ်းမနားမြို့တွင်းမှာ ပင်မရေနုတ်မြောင်း များ အနေဖြင့် ငလိုက်ချောင်း (တောင်ဘက်)အုတ်ရေမြောင်း ၂၀.၅၄၄ မိုင်၊ ကျောက်စီရေမြောင်း ၁.၈၀၄ မိုင်၊ ငလိုက်ချောင်း (မြောက်ဘက်) တွင် အုတ်ရေမြောင်း ၁၃.၃၂၃ မိုင်၊ ကျောက်စီ ရေမြောင်း ၁.၈၅၆ မိုင်ရှိပြီး ပျဉ်းမနားမြို့တွင်း ပင်မရေမြောင်းများသို့ စီးဝင်သည့် ရေနုတ်မြောင်း များအား၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ လအလိုက် ရေနုတ်မြောင်း တူးဖော် ရှင်းလင်း ခြင်းလုပ်ငန်းအား ပျဉ်းမနားမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေး မှူး ရုံးမှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း နှင့် ကျူးကျော်ဆိုင်များ ဖယ်ရှားရှင်းလင်းပေးရန်အား နေပြည်တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် စည်ပင်သာယာရေးဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျူးကျော်ဆိုင်များ ဖယ်ရှားရှင်းလင်းပြီးပါက ၎င်းနေရာများရှိ ရေမြောင်းများ အတွင်းမှ အမှိုက်များ ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။