(က)-ဦးတင်အောင်ချစ်(အောင်လံမဲဆန္ဒနယ်)
မကွေတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ ဗွက်ကြီးချောင်းတံတားထိပ်နှင့် ကြေးနီချောင်းတံတားထိပ် တွင် တံတားအသုံးပြုခွင့်ဂိတ်နှင့် လမ်းအသုံးပြုခွင့်ကောက်ခံဂိတ်တို့ ပေါင်းစပ်ဖွင့်လှစ်ထားရှိသည်ကို တွေ့ရှိရပါသဖြင့် အောင်လံမြို့သူမြို့သားများသည် မိမိတို့နေထိုင်ရာ မြို့နယ်အတွင်းသွားလာနေမှုတွင် ဂိတ်(၂)ဂိတ်တို့၏ အသုံးပြုခွင့်ကောက်ခံခြင်းကို ပေးဆောင်နေကြရကြောင်း စိစစ်တွေ့ရှိရပြီး ဗွက်ကြီး တံတားဂိတ်တစ်ခုတည်းသာ ထားရှိဆောင်ရွက်သင့်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသဖြင့် အောင်လံမြို့ရှိ ကြေးနီချောင်းဂိတ်ကို အောင်လံမြို့နယ် နယ်နိမိတ်ပြင်ပ သင့်လျှော်သောနေရာသို့ ပြောင်းရွှေ့ပေးနိုင်ပါရန်နှင့် ပြောင်းရွှေ့ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၏ အကျယ်အဝန်းသည် မြို့၏မြောက်ဘက် ဆိုင်းဘုတ် အဝင် မိုင်တိုင်အမှတ် ၂၂၄ မိုင် ၆ ဖာလုံမှာ တည်ရှိသည့် ကြေးနီချောင်းတံတားထိပ်နှင့် မိုင်တိုင်အမှတ် ၂၁၉ မိုင် ၄ ဖာလုံမှာ တည်ရှိသည့် မြို့၏ တောင်ဘက်ဆိုင်းဘုတ်အဝင် အကွာအဝေး သည် ၅ မိုင် ၂ ဖာလုံခန့်သာရှိပါကြောင်း၊ အောင်လံမြို့ ကြေးနီချောင်းတံတားထိပ် မိုင်တိုင်အမှတ် ၂၂၄ မိုင် ၅ ဖာလုံတွင် ဖွင့်လှစ်ထားသည့် လမ်းတံတား အသုံးပြုခွင့်ကောက်ခံသည့်ဂိတ်နှင့် ဗွက်ကြီး ချောင်းတံတား မိုင်တိုင်အမှတ် ၂၁၂ မိုင်တွင် ဖွင့်လှစ်ထားသည့် လမ်းတံတားအသုံးပြုခွင့် ကောက်ခံ ဂိတ် (၂)ဂိတ် ဖွင့်လှစ်ထားပါကြောင်း၊ လမ်းတံတားများ အသုံးပြုမှုကောက်ခံမှုသည် တံတားများ ရေရှည်ကောင်းမွန်စေရေးနှင့် ပြုပြင်ထိန်းသိမ်းရန် ကောက်ခံသည့်အတွက် သီးခြားမှတ်ချက်ပြုရန် မရှိသော်လည်း လမ်းအသုံးပြုမှု ကောက်ခံမှုကို စိစစ်ကြည့်ပါက အောင်လံမြို့နယ်အစ မြို့၏ မြောက်ဘက်နယ်နိမိတ် မိုင်တိုင်အမှတ် ၂၃၁ မိုင် ၅ ဖာလုံရှိ ကံဆင့်ကျေးရွာအပါအဝင် ကျေးရွာမှ ပြည်သူများသည် မိမိတို့ မြို့နယ် နယ်နိမိတ်တွင် ခရီးတိုအသွားအပြန်အတွက်ကို လမ်းတံတားခများ ပေးဆောင်နေရကြောင်း၊ ထို့အတူ ကြေးနီချောင်းတံတားဂိတ်နှင့် ၁၂ မိုင်ကွာဝေးသည့် ဗွက်ကြီး ချောင်းတံတားဂိတ် မိုင်တိုင်အမှတ် ၂၁၂ မိုင်တွင် လမ်းတံတားကောက်ခံသည့်ဂိတ် ဖွင့်လှစ်ထား သည့်အတွက် အောင်လံမြို့ မြောက်ဘက်ရှိ ဒုရင်္ဂဗိုလ်အခြေစိုက်ရဲဘော်အဟောင်း ကျေးရွာနှင့် ဖော်ပြပါကျေးရွာများတွင်လည်း ခရီးတိုသွားလာမှုများအတွက် လမ်းအသုံးပြုမှုများ ပေးဆောင် လျက်ရှိကြောင်း။
အောင်လံမြို့သူမြို့သားများအနေဖြင့် နေထိုင်ရာမြို့နယ်အတွင်းရှိ မြောက်ဘက် နယ်နိမိတ် ကံဆင့်ကျေးရွာမှ တောင်ဘက်နယ်နိမိတ် ရဲဘော်အဟောင်းကျေးရွာ ခရီးသွားလာနေမှုတွင် ဖွင့်လှစ်ထားသည့် ဂိတ် (၂)ဂိတ် လမ်းအသုံးပြုခွင့်များအား ပေးဆောင်နေရကြောင်း၊ တင်ပြပါ ဂိတ် (၂)ဂိတ်အတွက် အသုံးပြုမှုပေးဆောင်ရခြင်းသည် မိမိတို့မြို့နယ်နယ်နိမိတ်အတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသဖြင့် မိုင်တိုင်အမှတ် (၂၁၂)မိုင်တွင် ဖွင့်လှစ်ထားသည့် ဗွက်ကြီးချောင်းလမ်း တံတားဂိတ် တစ်ခုတည်းကိုသာ ထားရှိ ဆောင်ရွက်သင့်ပါကြောင်းနှင့် ကြေးနီချောင်းတံတားထိပ် မိုင်တိုင်အမှတ် ၂၂၄ မိုင် ၅ ဖာလုံတွင် ဖွင့်လှစ်ထားသည့် ဂိတ်ကို အောင်လံမြို့၏ နယ်နိမိတ်ပြင်ပ သင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ ပေးနိုင်ပါရန်နှင့် ပြောင်းရွှေ့ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်း မေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ်
ရန်ကုန်-ပြည်-အောင်လံ-မန္တလေး လမ်းပိုင်းသည် ပြည်ထောင်စုမှ စီမံခန့်ခွဲရသောလမ်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းပိုင်းအား Max Highway Co.ltd., မှ BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်ပြီး လမ်းအရှည်မှာ မိုင်တိုင်(၁၉၃/၅)မှ မိုင်တိုင်(၃၂၈/၂) အထိ စုစုပေါင်း ၁၃၄ မိုင် ၅ ဖာလုံရှိပြီး အောင်လံခရိုင်အတွင်း မိုင်တိုင်(၁၉၃/၅)မှ မိုင်တိုင်(၂၅၅/၄)အထိ စုစုပေါင်း ၆၁ မိုင် ၇ ဖာလုံ တာဝန်ယူထိန်းသိမ်းလျက်ရှိပြီး လမ်း အမျိုးအစားမှာ ကတ္တရာလမ်းဖြစ်ပြီး ၁၄ ပေအကျယ် ၂၂ မိုင်၊ ၂၄ ပေအကျယ် ၃၆ မိုင် ၆ ဖာလုံနှင့် ၄၄ ပေအကျယ် ၃ မိုင် ၁ ဖာလုံရှိပြီး အောင်လံ အဝင်ဂိတ်၏ Annual Average Daily Traffic မှာ ၁,၂၄၂ စီးခန့်နှင့် အောင်လံအထွက်ဂိတ်ရဲ့ Annual Average Daily Traffic မှာ ၁,၂၀၀ စီးခန့် နေ့စဉ်အသုံးပြုလျက်ရှိပြီး ပြည်-အောင်လံ-ကိုးပင်လမ်း အပိုင်း လမ်းအသုံးပြုခွင့်အား မိုင်တိုင် အမှတ်(၂၁၁/၆)ရှိ အောင်လံအဝင် ဗွက်ကြီးဂိတ်မှနေ၍ ဗွက်ကြီးတံတားအသုံးပြုခနှင့် ပြည်-အောင်လံလမ်းပိုင်း မိုင်တိုင်(၁၈၈/၂)မှ မိုင်တိုင်(၂၁၁/၆)အထိ ၃၉ မိုင် ၄ ဖာလုံကို လမ်းအသုံးပြုခအဖြစ် ပေါင်း၍ ကောက်ခံနေပြီး အောင်လံအထွက်ဂိတ် ကြေးနီ ချောင်း မှာ အောင်လံ-ကိုးပင် လမ်းပိုင်း မိုင်တိုင်(၁၂၁/၆)မှ မိုင်တိုင်(၂၅၂/၇)အထိ ၃၁ မိုင် ၁ ဖာလုံ လမ်းအသုံးပြုခနှင့် ကြေးနီချောင်းတံတား၊ ကိုးပင်တံတား အသုံးပြုခတို့အား ၂၀၁၂ ခုနှစ်မှစတင်ကာ ပူးပေါင်းကောက်ခံခဲ့ပြီး အောင်လံအထွက်ဂိတ်ကြေးနီချောင်းကို ဖြတ်သန်းသွားလာသော ကျေးရွာ များ နှင့် ဂိတ်အနီးရှိ ရွှေညောင်ပင်ရွာ၊ မိုးကောင်းရွာမှ ယာဉ် ၂၂ စီးအား လမ်းတံတား အသုံးပြုခွင့် များ ကောက်ခံခြင်းမပြုဘဲ အခမဲ့ဖြတ်သန်းသွားလာခွင့်ပေးထားခြင်း၊ ဂိတ်အနီးရှိ ကျေးရွာ (၄)ရွာမှ မော်တော်ယာဉ် ၇၇ စီးအား လမ်းအသုံးပြုခနှင့် တံတား (၂)စင်းအသုံးပြုခအတွက် အခမဲ့ ဖြတ်သန်း ခွင့် ပြုထားပါကြောင်း။
အောင်လံမြို့နယ်အတွင်းမှ ယာဉ်များ အောင်လံအထွက် ကြေးနီချောင်းဂိတ်ကို ဖြတ်သန်း သွားလာပါက အသွားတစ်ကြိမ်သာ ကောက်ခံပြီး ၁ နာရီအတွင်း ပြန်လာပါက ထပ်မံ ကောက်ခံခြင်း မရှိဘဲ ဖြေလျော့ပေးထားပါကြောင်း၊ အောင်လံအဝင် ဗွက်ကြီးဂိတ်နှင့် အောင်လံအထွက် ကြေးနီ ချောင်းဂိတ် မိုင်တိုင်(၂၁၁/၆)မှ မိုင်တိုင်(၂၂၅/၄)ကြား ၁၄ မိုင် ၆ ဖာလုံအတွင်းရှိ အောင်လံမြို့နှင့် ကျေးရွာမှ ကားများမှာ လမ်းတံတား ပေးဆောင်စရာ မလိုဘဲ သွားလာလျက်ရှိပါကြောင်း၊ Max Highway Company မှ BOT စနစ်ဖြင့် ရန်ကုန်-ပြည်-မကွေးလမ်းမကြီး၏ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံ-ကိုးပင်လမ်းပိုင်း မိုင်တိုင်(၁၉၃/၅)မှ မိုင်တိုင်(၂၂၅/၄) အထိ ၆၁ မိုင် ၇ ဖာလုံအတွင်း လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအသုံးပြုခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အောင်လံအထွက် ကြေးနီဂိတ်အား အောင်လံမြို့နယ် နယ်နိမိတ်အဆုံး မိုင်တိုင် (၂၃၁/၅) အပြင်ဘက်သို့ ရွှေ့မည်ဆိုပါက အောင်လံအတွင်းဂိတ် Annual Average Daily Traffic မှာ ၁,၂၀၀ စီးခန့်မှ ယာဉ်အစီးရေ ၄၀၀ စီးအထိ လျှော့ချသွားမည်ဖြစ်ပြီး မိုင်တိုင်(၂၂၅/၄)နှင့် မိုင်တိုင် (၂၃၁/၅)ကြား ကျေးရွာများမှ မော်တော်ယာဉ်များအနေဖြင့် ကျေးရွာချင်းဆက်လမ်းမှတစ်ဆင့် ဂိတ်အားရှောင်ကွင်း၍ ဆင်ပေါင်ဝဲမြို့နယ်အတွင်းထိ သွားလာနိုင်ခြင်းကြောင့် လမ်းအသုံးပြုခ ကောက်ခံရရှိမှုများ လျော့နည်းသွားမည်ဖြစ်ကာ ဒေသထွက် မီးသွေးကား၊ ထင်းကား၊ ကျောက်စရစ် ကားနှင့် မြေသယ်ကားများ စသည့် လုပ်ငန်းသုံးယာဉ်များ တန်ပိုတင်ဆောင်မှုများကြောင့် လမ်းပျက် စီးမှုသာမက ကြေးနီချောင်းတံတားကြံ့ခိုင်မှုများပါ လျော့နည်း၍ အချိန်တိုအတွင်း လမ်းတံတား ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် အောင်လံအထွက် ကြေးနီချောင်းဂိတ်အား လက်ရှိနေရာ မိုင်တိုင်(၂၂၅/၄)မှ အောင်လံမြို့နယ်အဆုံး မိုင်တိုင်(၂၃၁/၅) အပြင်ဘက်သို့ ရွှေ့ပြောင်းမည်ဆိုပါက နိုင်ငံတော်အတွက် အခွန်ငွေများလျော့နည်းနိုင်ခြင်း၊ တန်ပိုထိန်းသိမ်းမှုလျော့နည်းနိုင်ခြင်းတို့ကြောင့် လမ်းတံတားများ ပိုမိုပျက်စီးလာနိုင်သည့်အတွက် အောင်လံမြို့နယ်နိမိတ်ပြင်ပသို့ ရွှေ့ပြောင်းရန် သင့်လျော်မှုမရှိပါကြောင်း ဖြေကြားခဲ့သည်။
ဦးတင်အောင်ချစ်(အောင်လံမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။
သရက်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မှတ်ပုံတင်ထားသည့် ယာဉ်စုစုပေါင်းသည် အောင်လံမြို့နယ်တွင် ၁၁,၅၂၄ စီးရှိပါကြောင်း၊ (၂)ဘီးတပ်၊ (၃)ဘီးတပ် ယာဉ်များကို လမ်းတံတားအသုံးပြုခွင့် ကင်းလွတ်ခွင့်ပြုထားသော်လည်း ကျန်စက်တပ်ယာဉ်များကို အောင်လံမြို့နယ်အတွင်း ဂိတ်(၂)ဂိတ်ကို ဖြတ်သန်းသည့် အခါ လမ်းတံတားကောက်ခံမှု DN တင်ပြပါ။ Downship in For fee နှင့် City in For fee ဆိုပြီး မြို့ဝင်/ထွက် ကြေးကိုလည်း မော်တော်ယာဉ်များအလိုက် ပေးဆောင်နေရပါကြောင်း၊ ကြေးနီချောင်း တံတား၏ မိုင်တိုင်အမှတ် (၂၂၄/၅)မှာ ကားအပေါ်မူတည်ပြီး Vehicle Class 3 ယာဉ်အမျိုးအစား အတွက် ကောက်ခံနေ သည် ကို ကြည့်လျှင် Total fee က ၅၀၀ ကျပ်၊ Bridge fee က ၂၀၀ ကျပ် စုစုပေါင်း ၇၀၀ ကျပ်အပြင် တင်ပြခဲ့သည့် TEF, CEF ပါ ၃၀၀ ကျပ်၊ စုစုပေါင်း ၁,၀၀၀ ကျပ် ၁၄-၅-၂၀၂၆ ရက်နေ့ ၁၈:၁၃ နာရီတွင်ဖြစ်ပါကြောင်း၊ အထွက်တွင်လည်း တင်ပြပါအတိုင်း ၁,၀၀၀ ကျပ် ကောက်ခံထားပါ ကြောင်း၊ သို့ဖြစ်၍ မြို့အဝင်တွင်လည်း ပေးရသလို၊ မြို့အထွက်တွင်လည်း ဂိတ်ကြေး ထပ်တလဲလဲ ပေးနေရသည့်အဓိပ္ပာယ်မျိုး သက်ရောက်နေပါကြောင်း၊ ဗွက်ကြီးချောင်းတံတားကို ကြည့်လျှင် လည်း မိုင်တိုင်(၂၁၅)မိုင်တွင် Class 3 ယာဉ်အတွက် ပေးရမည်ဆိုလျှင် အားလုံးပေါင်း Total fee က ၆၀၀၊ Bridge fee က ၃၀၀ ကျပ် စုစုပေါင်း ၉၀၀ ကျပ်အပြင် TEF, CEF ပါ ၃၀၀ ကျပ်၊ စုစုပေါင်း ၁,၂၀၀ ကျပ်ပေးရပါကြောင်း၊ ၁၄:၁၉ နာရီမှာဖြစ်ပါကြောင်း၊ ၎င်းနေ့ ပြန်ဝင်လာသည့်အချိန်တွင် မြို့အဝင်ကြေးတစ်ခုသာ သက်သာပြီး ၉၀၀ ကျပ်ပေးရသောကြောင့် လမ်းတံတားကြေးများကို ထပ်တလဲလဲပေးဆောင်နေရသည်ဟု တင်ပြခြင်းဖြစ်ပါကြောင်း၊ ဖော်ပြပါ ယာဉ်အရေအတွက်နှင့် မိမိတို့မြို့နယ်ရှိ ယာဉ်အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် အင်မတန်များပြားနေပါကြောင်း၊ ထို့ကြောင့် အောင်လံမြို့အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးကအစ မိမိနယ်နိမိတ်အတွင်း ဆောင်ရွက်ရသည့်အတွက် ဂိတ်များဖြတ်သန်းသွားရ သည့်အခါ ဂိတ်ကြေး ထပ်တလဲလဲ ပေးဆောင်ရမှုသည် ပြည်သူလူထု အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါကြောင်း၊ ထို့ကြောင့် အောင်လံမြို့တွင် အခြေပြုနေထိုင်သူများ အတွက် လမ်းတံတား အသုံးပြုခနှင့် မြို့အဝင်၊ အထွက်ကြေးများကို သင့်လျော်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက် ပေးရန်နှင့် ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်သင့်ပါကြောင်းနှင့် မည်သည့် အချိန်တွင် ဆောင်ရွက် မည် ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ်
သက်ဆိုင်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေးမြန်း၍ အကျိုးအကြောင်းအချက်အလက် ပြည့်စုံစွာဖြင့် ပြန်ကြားစာပေးပို့ဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်း အား ဖြေကြား ခဲ့ပါသည်။