ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ
မန္တလေး၊ မေ ၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ သဘင်ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံရေးအခင်းအကျင်းအသစ်နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့ အနာဂတ် Video Clip အား ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြရာ နိုင်ငံရေးအခင်း အကျင်းသစ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်တွင်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်စသည့် မဏ္ဍိုင်ကြီး(၃)ရပ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပြီး နိုင်ငံတော်လွှတ်တော်နှင့် ပြည်သူလူထုပူးပေါင်းပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခု ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး နိုင်ငံတော်နှင့်အစိုးရ၊ ပြည်သူတို့၏အကျိုးစီးပွား ဖြစ်ထွန်းစေရန်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မဲဆန္ဒရှင်ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် သွားကြစေလိုကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အမှတ်တရ လက်ဆောင်ပေးအပ်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအားလှည့်လည် ကြည့်ရှုကာ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။