Skip to main content

ဒေါက်တာစိုင်းမောက်ခမ်း( လားရှိုး မဲဆန္ဒနယ်)ယခု ဥပဒေတွင်ဖွင့်ဆိုထားသည်မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်စဉ်က စဉ်ဆက်မပြတ်နေထိုင်လာခဲ့ကြသော လူမျိုးများကို ဆိုသည်အတွက် စဉ်ဆက်မပြတ်နေလာခဲ့ကြသော လူမျိုးစု ၁၃၅ မျိုးသည် တိုင်းရင်းသားလူမျိုးများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဆိုသည့် စကားရပ်သည် အားလုံးနှင့် သက်ဆိုင် သည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပုဒ်မ ၃ တွင် လည်း အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ ပုဒ်မ ၆ ပုဒ်မခွဲ (ခ) တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးဆိုသည့် စကားရပ်လည်း အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ ပုဒ်မ ၁၅ လျော်ကန်သင်‌့မြတ်သော လူဦးရေရှိသည်‌့ တိုင်းရင်းသား လူမျိုးများအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်ဆိုသည့် စကားရပ်သည်လည်း အားလုံးကိုဆိုလိုပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများသည်လည်း လူနည်းစု၊ လူများစု တိုင်းရင်းသားအားလုံး ပါဝင်နေကြပါကြောင်း၊ သို့သော် တချို့နေရာ၊ တချို့သောပုဂ္ဂိုလ်များ၊ တချို့မီဒီယာများ သုံးစွဲနေသော တိုင်းရင်းသားဆိုသည်မှာ လူနည်းစုလူမျိုးများကို ရည်ညွှန်းပြောဆိုရေးသား သုံးစွဲနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိရပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၂၀၁၅ ခုနှစ်အတွင်း ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်း ဥပဒေအရ ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီးကို ဖွဲ့စည်းထားရှိနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးအသီးသီးကို ဖွဲ့စည်းရဦးမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြဋ္ဌာန်းသည့်ဥပဒေကို အပြည်‌့အဝကျင့်သုံးနိုင်ရန်အတွက် နည်းဥပဒေ ရေးဆွဲခြင်း၊ ရန်ပုံငွေခွင့်ပြုပေးခြင်း၊ ဝန်ထမ်းခန့်ထားခြင်းစသည့် လိုအပ်ချက်များကိုလည်း ဆောင်ရွက်ရဦးမည် ဖြစ်ပါကြောင်း၊

တိုင်းရင်းသားများကို ခေတ်အဆက်ဆက်က ကာကွယ်စောင့်ရှောက်မှုများ အားနည်းခဲ့ခြင်းကြောင်‌့ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များသည် မိမိတို့၏နိုင်ငံကို ဆင်းရဲသည်ထက် ဆင်းရဲစေ ခဲ့သော ပြဿနာတစ်ခု လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကို ခေါ်ယူ ကျင်းပ ဆွေးနွေးအဖြေရှာနေကြခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ နည်းဥပဒေကို မည်သည့်ကာလတွင် အပြီးရေးဆွဲပြီး မည်သည်‌့အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးများ ဖွဲ့စည်းခန့်အပ်မှုကို မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်၊ ပြည်ထောင်စုအဆင်‌့နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင်‌့  ဝန်ကြီးဌာနများအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ ချပေးခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်းကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ကူညီထောက်ပံ့သည့် အဓိပ္ပာယ်ဟုတ်/မဟုတ်၊ မဟုတ်ပါက တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့သည့် ဥပဒေကို သီးခြားပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်

တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည်‌့ ဥပဒေ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈ ကို ၂၄-၂-၂၀၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ယခင်အစိုးရလက်ထက်တွင် ဥပဒေပါ ပြည်ထောင်စုအဆင်‌့ ဝန်ကြီးဌာနကို ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအစိုးရစတင် ဖွဲ့စည်းချိန်တွင် နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ ကြော်ငြာချက်အမှတ် ၁/၂၀၁၆ အရ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ယခုတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကိုပါ ထည်‌့သွင်း၍ စတင်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသကြီးနှင့် ပြည်နယ်အဆင့်သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဝန်ကြီးများကို ယခင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခန့်အပ်ခဲ့သည်‌့နည်းတူ ယခုအစိုးရ လက်ထက်တွင်လည်း နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် ၇/၂၀၁၆ ဖြင်‌့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၂၉ ဦးကို  ခန့်အပ်တာဝန်ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချူပ်ရုံးနှင့် ပြည်နယ်/တိုင်းဒေသကြီး ဦးစီးရုံးများပါဝင်သည်‌့ ဝန်ထမ်းရာထူးနေရာ ၁၁၃၁ နေရာပါ ဖွဲ့စည်းပုံကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၆/၂၀၁၆ က သဘောတူခွင့်ပြုခဲ့ပြီး၊ ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည်‌့ ဥပဒေ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၇ အရ ရန်ပုံငွေခွဲဝေရရှိပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရုံးများအတွက် ဝန်ထမ်းများစတင်ခန့်ထားရန် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်‌့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည်‌့ ဥပဒေပုဒ်မ ၁၃ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်း တွင် နှစ်စဉ်ထည်‌့သွင်း ရေးဆွဲရမည်ဟု ပြဋ္ဌာန်းဖော်ပြထားသော်လည်း ဥပဒေပြဋ္ဌာန်းပြီးသည့် နောက် ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များအတွက် ရန်ပုံငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က ထည်‌့သွင်းတောင်းခံခဲ့ခြင်း မရှိခဲ့သဖြင့် တိုင်းရင်းသားရေးရာ ကိစ္စများ ဆောင်ရွက်ရန် အခက်အခဲရှိပါကြောင်း၊ ယခုလာမည်‌့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေတောင်းခံရာတွင် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရေး ရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့သို့ ညှိနှိုင်းအကြောင်းကြားထားရှိပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရှိ ဦးစီးဌာနနှစ်ခု၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင်‌့ ဦစီးဌာနရုံးများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဖွဲ့စည်း၍ ဝန်ထမ်းများ ခန့်အပ်သွားမည်ဖြစ်ပြီး အဆိုပါရုံးများသည် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၏ ရုံးအဖြစ် လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည်‌့ ဥပဒေသည် ကူညီထောက်ပံ့သည်‌့ အဓိပ္ပာယ်မဟုတ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည်‌့ နိုင်ငံဖြစ်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၄၅ ပုဒ်မခွဲ (က) အရ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားသော တိုင်းရင်းသားသည် တိုင်းရင်းသားဖြစ်ခြင်း ကြောင့် လည်းကောင်း၊ နိုင်ငံသားဖြစ်သည်‌့ နိုင်ငံသား များ ကြောင့်လည်းကောင်း၊ နိုင်ငံသားများဖြစ်သည်‌့ တိုင်းရင်းသားများသည် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများကို လွတ်လပ်စွာဆောင်ရွက်ခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ တိုးတက်မြင်‌့မားရေးတို့အတွက် ရယူ ဆောင်ရွက်ခွင့်စသည်‌့ မွေးရာပါအခွင့်အရေးများကို နိုင်ငံတော်က အကာအကွယ်ပေး စောင့်ရှောက်မှုပြုရန် တာဝန်ရှိသည်‌့နှင့်အညီ ကာကွယ်စောင့်ရှောက်သည်‌့ ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊

တိုင်းရင်းသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ကိစ္စရပ်မှာ သာမန်ကူညီ ထောက်ပံ့ပေးရမည့် လုပ်ငန်းမဟုတ်ဘဲ ၎င်းတို့၏ မွေးရာပါအခွင့်အရေးအရ နိုင်ငံတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ရမည်‌့ လုပ်ငန်းဖြစ်သည်‌့ အားလျော်စွာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည်‌့ ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အရေးများကို တိုင်းရင်းသားများ အပြည်‌့အဝရရှိရန် ရည်ရွယ်၍ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသဖြင့် ဖွံ့ဖြိုးရေးကူညီထောက်ပံ့သည်‌့ ဥပဒေကို သီးခြားပြဋ္ဌာန်းရန် အစီအစဉ်မရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနသည် အခြားဝန်ကြီးဌာနများကဲ့သို့ ဝန်ကြီးဌာနဖွဲ့စည်းပြီးသည့်နောက် ဥပဒေများရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ကျော်မှ စတင်ဖွဲ့စည်းသည်‌့ ဝန်ကြီးဌာနဖြစ်သည်‌့အတွက် ဝန်ကြီးဌာနလုပ်ငန်း အတွေ့အကြုံနုနယ်ခြင်း၊ ဝန်ထမ်းများကို စတင်ခန့်အပ်ထားရန် ဆောင်ရွက်ဆဲဖြစ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ပြည်‌့စုံမှုမရှိသေးခြင်းတို့ကြောင့် နည်းဥပဒေကို အဆောတလျင်ရေးဆွဲခြင်း မပြုနိုင်ခြင်းဖြစ်ပါကြောင်း၊ သို့သော်လုပ်ငန်းများကို ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ အမိန်ကြော်ငြာစာ၊ အမိန်၊ ညွှန်ကြားချက်များကို ထုတ်ပြန်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေရေးဆွဲနိုင်ရန် အစိုးရနှင့်အစိုးရမဟုတ်သည်‌့ အဖွဲ့အစည်းများက အကြံပြုချက်များကိုလည်း ရယူပြီး ဝန်ကြီးဌာန၏ လုပ်ငန်းအတွေ့အကြုံနှင့် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ခိုင်မာလာသည်‌့ အချိန်တွင် နည်းဥပဒေကို ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာစိုင်းမောက်ခမ်း (လားရှိုးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေကြားသည့် အထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ခန့်အပ်ပြီးပါကြောင်း၊ မိမိအနေဖြင့် ကြားမိပါကြောင်း၊ သို့သော် မိမိမေးလိုသည့်မေးခွန်းမှာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ လက်ရှိ ရွေးကောက်ခံသည့် တိုင်းရင်းသားဝန်ကြီးများ၏ ယခု ခန့်အပ်မည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ကွဲပြားခြားနားမှုသည်  မည်ကဲ့သို့ ရှိပါသနည်း၊ ရွေးကောက်ခံနှင့် ခန့်အပ်ခံဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ကြမည်လား၊ ထိုကဲ့သို့မဟုတ်ဘဲ သီးခြားတာဝန်ကိုယ်စီနှင့် ဆောင်ရွက်ကြမည်လား။ မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်းဆိုသည်ကိုလည်း သိရှိလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်

ဒေသခံတိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး အလုပ်သဘောအရ ဆက်စပ်မှုပြုရန် ဒေသခံအဖွဲ့အစည်း NGO၊ ဒေသခံလူမျိုးများ၏ အဖွဲ့အစည်းအမှတ်အသားမှတစ်ဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများမှ လိုအပ်ပါတင်ပြချက်များကို စုစည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရထံတင်ပြမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဖြေရှင်း၍ အဆင်မပြေမှ ပြည်ထောင်စု အစိုးရထံ ရောက်ရှိလာလျှင် သက်ဆိုင်ရာဝန်ကြီးဌာနကို ဆက်သွယ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က တိုင်းရင်းသားများ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသတွင်ရှိနေသည့် ဝန်ကြီးများနှင့် ညှိနှိုင်းပြီး နှစ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး အောက်ခြေဒေသခံများနားကို အမြန်ဆုံး ပညာ၊ ဗဟုသုတကြွယ်ဝဖွံ့ဖြိုးအောင် မည်ကဲ့သို့ လုပ်ရမည်နှင့် ဒေသခံများ၏ ဘက်စုံဖွံ့ဖြိုးရေးကိုလည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးက မိမိတို့ကို တစ်စိတ်တစ်ဒေသတင်ပြပြီး လူကြီးမင်းမေးခွန်းဖြစ်သည့် နည်းဥပဒေများကို ဖော်ထုတ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။