Skip to main content

စစ်တွေမြို့တွင် နိုင်ငံတော်အစိုးရကခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးကို ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ၄.၆.၂၀၂၀ ရက်နေ့တွင် မျက်စိအထူးကုဆရာဝန် တစ်ဦးကို ခန့်ထားပြီးဖြစ်ပါကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်ကြီးများကို ခန့်ထားခြင်း မရှိသေးသည့်အတွက် စစ်တွေမြို့(ခုတင်-၅၀၀)ဆံ့ဆေးရုံကြီးတွင် နှလုံးရောဂါကုဆရာဝန်ကြီးများနှင့် အခုကုသသည့်စက်ကိရိယာများ အထူး လိုအပ်လျက်ရှိနေပါကြောင်း၊ အခြားမြို့ကြီးများတွင် အထူးကုဆရာဝန်ကြီးများ၊ ဓာတ်ရောင်ခြည် ကုသခြင်းများ ဆောင်ရွက်ကုသနိုင်ကြသော်လည်း စစ်တွေမြို့ ခုတင်(၅၀၀) တွင် ကုသနိုင်ခြင်း မရှိသေးပါကြောင်း၊ ကင်ဆာအထူးကုဆရာဝန်ကြီးနှင့် ကုသသည့် ကိရိယာများအထူး လိုအပ်လျက် ရှိပါကြောင်း၊ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား   ၈၈၂ ဦးဖြစ်သော်လည်း လက်ရှိအချိန်တွင် ဝန်ထမ်း အင်အား ၄၀၃ ဦးသာ ရှိပါကြောင်း၊ လိုအပ်လျက်ရှိသည့် ဝန်ထမ်းစာရင်းတွင် ဦးနှောက်အထူးကု၊ ကင်ဆာအထူးကု၊ နှလုံးအထူးကုနှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ သန့်ရှင်းရေး ဝန်ထမ်းများ လိုအပ်လျက်ရှိနေပါနှင့် ရခိုင်ပြည်နယ်တစ်ရပ်လုံး၏ အားကိုးနိုင်လောက်တဲ့ ဆေးရုံကြီးဖြစ်လာစစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လိုအပ်နေသော မျက်စိအထူးကု၊ နှလုံးအထူးကု၊ ကင်ဆာအထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာ ကိရိယာ များကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် မျက်စိအထူးကုဆရာဝန်ဖြည့်ဆည်းပေးနိုင်ရေးနှင့် စပ်လျဉ်း၍ အထူးကုဆရာဝန်ကြီး(မျက်စိ) ဒေါက်တာမိုးကျော်(ဆမ-၁၁၂၆၄)သည်  ၂၃-၁၂-၂၀၁၃ မှစ၍ယနေ့ထိတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကုသရေးဦးစီးဌာန၏ ၄-၆-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၃မက(က)၂၀၂၀/၁-၁၉၃ ဖြင့် ဒေါက်တာမြတ်မဉ္စူအောင်(ဆမ-၂၅၇၁၃)၊ လက်ထောက်ဆရာဝန်(မျက်စိ)အားခန့်အပ် ထားပြီး      ၃-၇-၂၀၂၀ ရက်နေ့မှစ၍ လုပ်ငန်းတာဝန်များထမ်းဆောင်လျက်ရှိပါကြောင်း၊ နှလုံးအထူးကုဆရာဝန်ခန့်ထားပေးရေးနှင့်ပတ်သက်၍ နှလုံးအထူးကု ဆရာဝန် တစ်ဦးဖြစ်လာရန်အတွက် ဆေးပညာ(မဟာဘွဲ့)ရရှိပြီး လုပ်သက်အတွေ့အကြုံနှစ်နှစ်ရှိပြီး ဆေးလက်တွေ့ပါရဂူဘွဲ့ သုံးနှစ်ထပ်မံတက်ရောက်ပြီးအောင်မြင်မှသာလျှင် နှလုံးအထူးကု ဆရာဝန် တစ်ဦးအဖြစ်သတ်မှတ်ပါကြောင်း၊ ဆေးပညာဘွဲ့(MBBS)ရရှိပြီးအနည်းဆုံး   ၁၀ နှစ်ကြာ မှ နှလုံးအထူးကု ဆရာဝန်တစ်ဦး ဖြစ်လာနိုင်ပါကြောင်း၊ ကုသရေးဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံး တွင်နှလုံးအထူးကုဆရာဝန် ၃၂ ဦးရှိပြီးနှလုံးအထူးကုဆရာဝန်ဖြစ်လာရန်အတွက် ဆေးလက်တွေ့ပါရဂူတက်ရောက်နေသူ ၁၇ ဦးရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလောအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီး တို့၌သာ နှလုံးရောဂါအထူးကု Cash Lessများဖြင့် ကုသမှုပေးလျက်ရှိနေပါကြောင်း၊  ကျန်တိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးဆေးကုဌာန ဖွင့်လှစ်နိုင်ရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နှလုံးရောဂါကုသရေးအတွက် မဟာဗျူဟာစီမံချက် National Strategic Plan For Cardiovascular Disease Services Cardiology in Myanmar 2019 နှင့် 2024 အား ငါးနှစ်စီမံကိန်းချမှတ်၍ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံကြီးများဖြစ်သော ပြည်သူ့ဆေးရုံကြီးများအတွက် နှလုံးရောဂါ အထူးကုများဖွင့်လှစ်နိုင်ရေးဌာနများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ဒုတိယအဆင့် အနေဖြင့် ပြည်သူ့ဆေးရုံကြီးများ စစ်တွေမြို့အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးများ၌ ခွဲစိတ်မှုမပါဝင်သောနှလုံးဆေးကုဌာန (Non Invasive Cardiology Department) များဖွင့်လှစ်၍ နှလုံးအထူးကုဆရာဝန်များ အလှည့်ကျစနစ်ဖြင့် တာဝန်ပေးအပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်နောက်ဆုံးထား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံချက်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ လတ်တလောအနေဖြင့် ပြည်သူ့ဆေးရုံကြီး(စစ်တွေမြို့)တွင် အထူးကုဆရာဝန်ကြီး (ဆေးပညာ)တစ်ဦးနှင့် အထူးကုဆရာဝန်(ဆေးပညာ)နှစ်ဦး စုစုပေါင်း သုံးဦးတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၎င်းတို့နှစ်ဦးမှာ အရေးပေါ်ဖြစ်သောနှလုံးရောဂါများကုသနိုင်သည့်လေ့ကျင့်မှုများ ရရှိထားသူများဖြစ်ပြီး ထိုကဲ့သို့လေ့ကျင့်မှုရရှိထားသည့် လက်ထောက်ဆရာဝန်(ဆေးပညာ) နောက်ထပ်နှစ်ဦးကိုလည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ ထပ်မံဖြည့်ဆည်းခန့်ထားပေးရန် လျာထားပြီးဖြစ်ပါကြောင်း၊ ကင်ဆာအထူးကု ဆရာဝန်များဖြည့်စွက်ခန့်ထားနိုင်ရန်အတွက် ကင်ဆာရောဂါဆေးပညာရှင်တစ်ဦးအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနောက်ဆုံးထား၍ ပြည်သူ့ဆေးရုံကြီး(စစ်တွေမြို့)သို့ စေလွှတ်ခန့်အပ်ပေးသွားမည်ဖြစ်ပါကြောင်း၊  ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဘာသာရပ်နှင့်ပတ်သက်၍ ၎င်းဘာသာရပ်သည်အဏုမြူဓာတ်ရောင်ခြည်ထုတ်လွှတ်စက်၊ ဓာတ်ရောင်ခြည်ထုတ်လွှတ်သောစက်များအသုံးပြုရ၍ ကုသရသည့်အတွက် အဆိုပါစက်များ တပ်ဆင်ရာတွင် အများပြည်သူအန္တရာယ်ကင်းရှင်းရေးအကျိုးငှာ နိုင်ငံတကာအဏုမြူအေဂျင်စီမှ ချမှတ်ထားသောစံချိန်စံညွှန်းများ၊ စစ်ဆေးမှုများဖြင့်လုပ်ကိုင်ရပြီး အဆိုပါအဖွဲ့၏ထောက်ခံချက် ရရှိမှသာ တပ်ဆင်အသုံးပြုရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါစက်များအားရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်၊တောင်ကြီးမြို့များ၌သာ တပ်ဆင်လည်ပတ်လျက်ရှိပြီး အဆိုပါ စက်တည်ရှိရာမြို့များသို့သာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိလူနာများ လွှဲပြောင်းကုသနေရပါကြောင်း၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနတွင် စစ်တွေပြည်သူ့ ဆေးရုံကြီး အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန် ရန်ပုံငွေကျပ် ၇၁၀ သန်း ခွင့်ပြုပေးခဲ့ပါသည့်အနက် မျက်စိ ရောဂါကုသရန် ဆေးနှင့်ဆေးပစ္စည်းတန်ဖိုးဝယ်ရန် ၉.၂၇၃၃ ကျပ် သန်းအားလည်းကောင်း၊ နှလုံးရောဂါအထူးကုဆေးကုသရန် ဆေးနှင့်ဆေးပစ္စည်းတန်ဖိုး ကျပ်သန်း ၉.၁၆၆၈သန်းအား လည်းကောင်း လူနာများအတွက်ဝယ်ယူထောက်ပံ့ပေးခဲ့ပါကြောင်း၊  ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ ဆေးရုံကြီးအတွက်လိုအပ်လျက်ရှိသော Ophthalmoscope  မျက်စိနှင့်ပတ်သက်သော One Unit အား IV no.114/8/2020 အားဖြင့်လည်းကောင်း Autoclip One Number အား IV no. 115/8/2020 ဖြင့်လည်းကောင်း ဗဟိုဆေးသိုလှောင်ရေးဌာန(ရန်ကုန်မြို့)မှ   ၁၄-၈-၂၀၂၀ ရက်နေ့တွင်ပေးပို့ထောက်ပံ့ထားပြီးဖြစ်ပါကြောင်းနှင့် ထပ်မံလိုအပ်လာမည့်ဆေးနှင့်ဆေးပစ္စည်းများအား စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှတောင်းခံလာပါက ဘဏ္ဍာငွေချထားပေးခြင်းအားဖြင့်လည်းကောင်း၊ ဝယ်ယူပေးခြင်း အားဖြင့်လည်းကောင်း ဆက်လက်ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။