Skip to main content

အာဟာရ ဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးအတွက် သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက် အရေးကြီးဆုံး အချက် ဖြစ်ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး သော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အပြင် နိုင်ငံ့၏ မဖြစ်မနေ လုပ်ဆောင်ပေးရမည့် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊

အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကို ၂၅-၁-၂၀၁၇ ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေး၏ လမ်းညွှန်ချက် များအရ လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့် မိတ်ဖက် အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ပြည်ထောင်စု ဝန်ကြီး ငါးဦးပါဝင်‌သည့် အဖွဲ့ဝင် ရှစ်ဦးဖြင့် ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၂-၆-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၆-၁၁-၂၀၁၈ ရက်နေ့၌ ရန်ကုန်မြို့တွင်ကျင်းပသည့် အမျိုးသားအဆင့်ဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး နှင့် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ၉-၁၀-၂၀၁၉ ရက်နေ့တွင် ထပ်မံကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်အာဟာရဖွံ့ဖြိုးမှု မြှင့်တင် ရေး ကော်မတီများကို ဖွဲ့စည်းပြီး တာဝန်ဝတ္တရားများကို ချမှတ် ဆောင်ရွက်စေ ခဲ့ပါကြောင်း၊

စီမံကိန်း၏ မျှော်မှန်းချက်နှင့် ပန်းတိုင်များတွင် ယေဘုယျ ရည်မှန်းချက်သည် မြန်မာနိုင်ငံရှိ မိခင်များ၊ ကလေးသူငယ်များ၊ အပျိုဖော်ဝင်အရွယ် မိန်းကလေးများတွင် အာဟာရပြဿနာများ အားလုံး လျော့နည်းလာစေရန် ရည်မှန်းထားပြီး ပန်းတိုင်များသည် ငါးနှစ်အောက် ကလေးများ၏ ပုညှက်မှုနှုန်း၊ ပိန်လှီမှုနှုန်း၊ သွေးအားနည်း ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချသွားရန် အသက် ၁၅ နှစ်မှ ၅၀ နှစ်အောက် အမျိုးသမီးများတွင် သွေးအားနည်း ရောဂါ ဖြစ်ပွားမှုနှုန်း၊ အိုင်အိုဒင်း ချို့တဲ့မှုနှုန်းကို လျှော့ချရန်နှင့် မွေးကင်းစက‌လေး ကိုယ်အလေးချိန် မပြည့်သည့် ရာခိုင်နှုန်းကို လျှော့ချသွားရန် ဖြစ်ပါကြောင်း၊ အာဟာရ ချို့တဲ့မှုများ ဖြစ်လာပါက နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် မိခင်နှင့် ကလေးသေဆုံးမှု မြင့်လာခြင်း၊ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ မျိုးဆက် တစ်လျှောက် ကျန်းမာရေး ချို့ယွင်းခြင်းနှင့် နိုင်ငံ့၏ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း ပြဿနာများအထိ ဖြစ်ပေါ်လာနိုင်သည့်အပြင် ယခုစီမံကိန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက တင်ပြခဲ့သည့် ဆိုးကျိုးများကို အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ လေးမျက်နှာ မြို့နယ်ရှိ ဝက်ကုန်းအုပ်စု၊ စေတလုံး စုစည်းရွာတွင် အိမ်ခြေ ၃၅ လုံးရှိပြီး အနီးအနား ကျေးရွာများနှင့် အလှမ်းဝေးပြီး တောတောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ရှာဖွေ စားသောက်ရသည့်အတွက် ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုများသည် အခြားဒေသရှိ သူများထက် ပုညှက် သေးကွေး နေသည်ကို သတိထားမိခဲ့ပါကြောင်း၊ စီမံကိန်းကို ဆန်ရေစပါး၊ သားငါး ပေါကြွယ်ဝဆုံး တိုင်းဒေသ ကြီး ဖြစ်သည့် မြန်မာနိုင်ငံ အာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်းများအရ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုနိမ့်ကျ ဆိုးရွားနေသည့် တိုင်းဒေသကြီးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၏ တစ်နိုင်ငံလုံးအတွက် အကျိုးရှိ ထိရောက်အောင်မြင်စေရန် ရည်ရွယ်ပြီး တိုက်တွန်း မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊


 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

မြန်မာနိုင်ငံ၏ အာဟာရ အခြေအနေ၊ အာဟာရ ချို့တဲ့မှု၏ အကြောင်းအရင်းခံများ၊ ကဏ္ဍပေါင်းစုံမှ ပါဝင်သည့် အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ် စီမံကိန်း ရေးဆွဲခြင်း၊ လတ်တလော လက်ရှိဆောင်ရွက်ထားမှု အခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြသွား မည် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ အာဟာရ အခြေအနေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းကို ကောက်ယူခဲ့ ပါကြောင်း၊ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု စုစုပေါင်း ၂၇,၃၃၉ အုပ်စုပါဝင်ပြီး ငါးနှစ်အောက် ကလေး၊ ကျောင်းနေအရွယ် က‌လေး၊ အပျိုဖော်ဝင် အမျိုးသမီး မိန်းကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက် မိခင်၊ အမျိုးသမီးများနှင့် အမျိုးသား စုစုပေါင်း ၃၈,၇၅၁ ဦးကို စစ်တမ်းကောက်ယူခဲ့ပါကြောင်း၊ ၇-၂-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကနဦး ရလဒ် အစီရင်ခံစာများအရ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အာဟာရချို့တဲ့မှု ပြဿနာ အများဆုံး ခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ အာဟာရချို့တဲ့မှု ဖြစ်ပွားသည့် ဖြစ်စဉ် အကြောင်း အရင်းကို မိမိတို့ လေ့လာသည့်အချိန်တွင် ဖော်ပြပါအတိုင်း တွေ့ရှိရပါကြောင်း၊ ပုညှက် ပိန်လှီမှု၊ မွေးစကိုယ် အလေးချိန် မပြည့်မှု၊ အဏုအာဟာရ ချို့တဲ့မှုများ ဖြစ်ပါကြောင်း၊ ဖြစ်ရသည့် အကြောင်းအရင်းသည် စားနပ်ရိက္ခာ အခြေအနေ၊ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအမံ၊ အစာအုပ်စု စုံလင်စွာ မစားသုံးရခြင်း၊ ကလေး အစားကျွေးသည့် အလေ့အထ မမှန်ကန်ခြင်း၊ မိဘ၏ ပညာအရည်အချင်း၊ အမျိုးသမီးများ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ သက်ငယ် ကိုယ်ဝန်ဆောင်ခြင်း၊ သားဆက်ခြားချိန် တိုခြင်း၊ ပတ်ဝန်းကျင် တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် ရောဂါခုခံအားစနစ် ကျဆင်းခြင်းစသည် တို့ကြောင့် ဖြစ်ရ သည်ကို တွေ့ရှိရပါကြောင်း၊

အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအကြား ပူးပေါင်း ဆောင်ရွက် ရေး ညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသား အာဟာရဆိုင်ရာ မဟာ ဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီးဌာနအကြား ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက် ခဲ့ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များ ဖြစ်သည့် အာဟာရ ဖွံ့ဖြိုးရေး သည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအုတ်မြစ် ဖြစ်ကြောင်း အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ၏ အသံကို နားဆင်၍ အမှန်တကယ် လိုအပ်ပြီး လက်တွေ့ကျသော လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် နှီးနွှယ်ဌာနများနှင့် အစည်းအဝေးများ ပြုလုပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်း၊ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသား အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi Sectoral National Plan Action)ကို မိမိတို့ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ၎င်း Action Plan အရ အင်္ဂလိပ်လိုနှင့်၊ မြန်မာလိုပါ တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ကဏ္ဍပေါင်းစုံ ပါဝင်သည့် အမျိုးသား အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းတွင် ယေဘုယျ ရည်မှန်းချက်၊ မျှော်မှန်းရမည့် ရလဒ်များနှင့် ပါဝင်သည့် ဝန်ကြီးဌာနများဟု ခွဲထားခြင်း ဖြစ်ပါတယ်။ ပါဝင်မည့် ဝန်ကြီးဌာနများသည် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန များအပြင် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ UNICEF၊ WHO၊ UNESCO၊ WFP၊ အလှူရှင် အဖွဲ့အစည်းများ(Access To Health)၊ World Bank၊ LEFT၊  USAID၊ ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းကာလနှင့် လျာထား ချက် လုပ်ငန်းစဉ်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တင်ပြလိုပါကြောင်း၊ စီမံကိန်း ရေးဆွဲ ပြင်ဆင်ရေးကို ၂၀၁၇ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုအဆင့် စီမံကိန်း ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမနှစ်(၂၀၁၉-၂၀၂၀) တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီမံကိန်း ရေးဆွဲခြင်း၊ ဒုတိယနှစ်(၂၀၂၀-၂၀၂၁)၊ တတိယနှစ်(၂၀၂၁-၂၀၂၂)၊ စတုတ္ထနှစ်(၂၀၂၂-၂၀၂၃)တို့တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ကိုလုပ်ငန်းအနေဖြင့် လျာထားပါကြောင်း၊ ပဉ္စမနှစ်(၂၀၂၃-၂၀၂၄)တွင် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်နိုင်မှုကို သုံးသပ် စစ်ဆေးခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်း ရေးဆွဲပြင်ဆင်ရေး ကာလဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြီးစီးခဲ့သည့် လုပ်ငန်းများကို တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု လေ့လာစစ်တမ်း ကောက်ယူခြင်းကို ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း၊ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊

ပြည်ထောင်စုအဆင့် စီမံကိန်း ရေးဆွဲခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်စီမံကိန်းနှင့် ပတ်သက်၍ အသိပေး တင်ပြခြင်း၊ အာဟာရ စစ်တမ်းများ၊ ရလဒ်များအပေါ် မူတည်၍ ဦးစားပေး ဆောင်ရွက်မည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်များ ရွေးချယ်ခြင်း၊ စီမံကိန်း ပထမနှစ် တစ်နှစ်တာ အတွက် လုပ်ငန်းများ ပြင်ဆင်ခြင်းနှင့် ပထမနှစ် တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းအား လက်တွေ့ စမ်းသပ်ခြင်း ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း ပထမ တစ်နှစ်တာ (Inception Phase)မှာ အဓိက လုပ်ငန်းသုံးခုကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အာဟာရ အခြေအ‌နေပေါ် မူတည်၍ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ ရွေးချယ်သတ်မှတ်ခြင်း၊ ညှိနှိုင်း ပေါင်းစပ်မှု၊ ပေါင်းစပ်နိုင်မှု စွမ်းရည်နှင့် လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းရည် အကဲဖြတ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းစနစ် ထူထောင်ရန် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများကို တင်ပြလိုပါကြောင်း၊ အာဟာ ရဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ (ဒုတိယ အကြိမ်အစည်းအဝေး) တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ဆက်စပ်ဌာနများမှ Focal Person များအား သင်တန်းပေးခြင်း၊ ဧရာဝတီ တိုင်းဒေသကြီးအဆင့် စီမံကိန်း ရေးဆွဲခြင်း၊ ကယားပြည်နယ်အဆင့် စီမံကိန်း ရေးဆွဲခြင်း၊ ကရင်ပြည်နယ်အဆင့် စီမံကိန်း ရေးဆွဲခြင်း၊ ချင်းပြည်နယ်အဆင့် စီမံကိန်း ရေးဆွဲခြင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)အဆင့် စီမံကိန်း ရေးဆွဲခြင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား စီမံကိန်းနှင့်ပတ်သက်၍ အသိပေးတင်ပြခြင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လိုအပ်သော ရန်ပုံငွေ ပံ့ပိုးမှု ရရှိရေးတို့ ပြည်သူ့လွှတ်တော်သို့ တင်ပြခြင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားနေစဉ်အတွင်း စီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်ရေး နှင့် ဆက်စပ်သော ဌာနများနှင့် Online Meeting များ ဆောင်ရွက်ခြင်း လေးကြိမ် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် လူမှုစီးပွားရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ အခြေအနေတို့တွင် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ရင်ဆိုင်နိုင်စေရန် ရေးဆွဲခဲ့ပြီးသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် စီမံကိန်းများ၏ လိုအပ်ချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက် ခြင်း သည် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊

အာဟာရ ဖွံ့ဖြိုးမှု လုပ်ငန်း စီမံကိန်းအတွက် ရှေ့ဆက်လျာထားသည့် လုပ်ငန်းများကို တင်ပြလိုပါ ကြောင်း၊ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ (တတိယအကြိမ် အစည်းအဝေး) ရခိုင်ပြည်နယ်အဆင့် စီမံကိန်း ရေးဆွဲခြင်း၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဆက်စပ်ဌာနများအား Online Meeting ပြုလုပ်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်များအာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ (အရှေ့ပိုင်း)တို့တွင် ပြည်နယ်အဆင့် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကျန်တိုင်း ဒေသကြီး နှင့် ပြည်နယ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီမံကိန်းများရေးဆွဲ ဆောင်ရွက်ခြင်း၊ တတိယနှစ်နှင့် ပဉ္စမနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများကို တင်ပြလိုပါကြောင်း၊ တတိယနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စတုတ္ထနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုကဏ္ဍပေါင်းစုံမှပူးပေါင်း အကောင် အထည် ဖော် ဆောင်ရွက်ခြင်းနှင့် ပဉ္စမနှစ်တွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်နိုင်မှုကို ဆန်းစစ် သုံးသပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။