Skip to main content

လက်ရှိအခြေအနေအရမိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်နှင့်မော်တော်ကားအသုံးပြုမှုနှုန်းထားများ တဖြည်းဖြည်းတိုးတက်များပြားလာပြီဖြစ်ပါကြောင်း၊ ထိုနည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့်ယာဉ်များ၊ မှုခင်းဖြစ်ပွားသည့်ယာဉ်များလည်း နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရပါကြောင်း၊ မြို့ကြီးများတွင် နေ့စဉ်ရာဂဏန်း၊ ထောင်ဂဏန်းအဆင့်အထိရှိနေတတ်ပါကြောင်း၊ နိုင်ငံတော်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့်ယာဉ်များကို နည်းပညာမြင့် ကင်မရာဖြင့်ရိုက်ကူးကာ ဗဟိုထိန်းချုပ်ရေးစင်တာ Traffic Control Center မှ မှတ်တမ်းတင်အရေးယူရန် ဆောင်ရွက်စီစဉ်နေသည်ကို သိရှိရပါကြောင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ Online ဖြင့်ချိတ်ဆက်ပြီး ယာဉ်သက်တမ်းတိုးမြှင့်ခြင်း၊ ယာဉ်မောင်းလိုင်စင်လျှောက်ထားခြင်း စသည့်ကိစ္စများကို လွယ်ကူလျင်မြန်အောင် စတင်ဆောင်ရွက်နေသည် ကို တွေ့ရှိရပါကြောင်း၊ အဓိက ဆောင်ရွက်သင့်သည့်လုပ်ငန်းမှာ ဒဏ်ကြေးဆောင်သည့်စနစ်၊ Digital Payment System စနစ်နှင့် အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေသည် ဖြစ်ပါကြောင်း၊ နေ့စဉ်များပြားလှသည့် ယာဉ်စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကို အမှုစွဲတင်သည့်နေရာတွင် နှစ်ဦးနှစ်ဖက်ပွင့်လင်းမြင်သာမှု၊ လွယ်ကူလျင်မြန်ချောမွေ့မှုရှိစေရေးအတွက် ၎င်းစနစ်သည် အထောက်အပံ့များစွာပေးနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တစ်လမ်းမှလည်း အကျင့်ပျက်ခြစားမှုများကို အကာအကွယ်ပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ရာတွင် နိုင်ငံတော်မှ မလွဲမသွေ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အောက်ပါမေးခွန်းကိုမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့လျင်မြန်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်(Digital Payment System)ဖြင့် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ကာလတွင် အပြီးသတ်ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးကျော်မျိုး

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၆)ဖြင့် ၂၆-၅-၂၀၂၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၏အခန်း(၁၁)တွင်စည်းကမ်းထိန်းသိမ်းခြင်းနှင့်အရေးယူခြင်း၊အခန်း(၁၃)တွင်တားမြစ်ချက်များ၊အခန်း(၁၄)တွင် ပြစ်ဒဏ်များကို အသီးသီးပြဋ္ဌာန်းထားသဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များနှင့်အညီ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ ဒဏ်ကြေးပေးဆောင်ခြင်းများ ဆောင်ရွက်ရပါကြောင်း၊ ထို့အတွက်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မော်တော်ယာဉ် ကြီးကြပ်ထိန်းသိမ်းမှုကော်မတီများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးခြင်း၊ စစ်ဆေးခြင်း၊ ထိန်းကျောင်းကြပ်မတ်အရေးယူခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စည်းကမ်းဖောက်ဖျက်သူများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အမှုတည်ဆောက်ပြီး တရားစွဲဆိုရန်အတွက် သက်ဆိုင်ရာ တရားရုံးသို့ တင်ပြရပါကြောင်း၊ သက်ဆိုင်ရာတရားရုံးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၏ အခန်း(၁၄)ပါ ပြစ်ဒဏ်များအလိုက် အမိန့်ချမှတ်၍ တရားရုံးတွင်သာ ဒဏ်ကြေးပေးဆောင်စေပြီး သက်ဆိုင်ရာတရားရုံးက ဒဏ်ကြေးငွေများကိုစုစည်းပြီး သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရပါကြောင်း၊

အထက်ဖော်ပြပါလုပ်ထုံးလုပ်နည်းအရပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက်ဥပဒေကို ကနဦး ရေးဆွဲရသည့်ဌာနဖြစ်ပြီး အဓိကအားဖြင့် ဥပဒေပါယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များကို စီမံခန့်ခွဲရသည့်ဌာန ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများကို အရေးယူရန်ကိစ္စသည် ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရှေ့တွင်တင်ပြခဲ့သည့် လုပ်ထုံးလုပ်နည်းအတိုင်း တရားရုံးသို့ တရားစွဲဆိုတင်ပြရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ တင်ပြသည့်အမှုအပေါ်တွင် တရားသူကြီးကကြားနာ၍ ဥပဒေချိုးဖောက်သူကိုယ်တိုင်ကို ပြစ်ဒဏ်အလိုက် အမိန့်ချမှတ်၍ ဒဏ်ကြေးငွေပေးဆောင်စေခြင်း မှာ သက်ဆိုင်ရာတရားရုံးများတွင်သာ ဆောင်ရွက်ရသည့်ကိစ္စဖြစ်ပါကြောင်းနှင့် ယင်းသို့ ဒဏ်ကြေးငွေပေးဆောင်စေခြင်းကို Digital Payment Systemဖြင့်ပြောင်းလဲဆောင်ရွက်ရန်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့်ဆောင်ရွက်ရန်အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။