Skip to main content

အုတ်တွင်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ တစ်ခုနှင့် တိုက်နယ်အဆင့် ဆေးရုံ နှစ်ခုရှိပြီး ကျွဲပွဲဆေးရုံသည် တိုက်နယ်အဆင့် ဆေးရုံ ဖြစ်ပါကြောင်း၊ကျွဲပွဲတိုက်နယ်ဆေးရုံသည်တည်ဆောက်ပြီး ဆေးကုသပေးနေသည်မှာ ငါးနှစ်ရှိပြီ ဖြစ်သည့်အပြင်ဆေးရုံတွင်တက်ရောက်ကုသနေသည့် လူနာအရေအတွက်သည် တစ်နေ့တစ်ခြားများပြားနေပါကြောင်း၊ ကျွဲပွဲမြို့ အနီးနားရှိ ကျေးရွာများသာမကမြို့နယ်အတွင်းအခြားသော ဒေသများမှ လူနာများပါ အားကိုးတကြီးဖြင့် တက်ရောက် ကုသနေကြသည့် ဒေသခံပြည်သူများ၏ အားကိုးရာ ဆေးရုံတစ်ခုအဖြစ် တည်ရှိနေပါကြောင်း၊ တက်ရောက်ကုသနေသည့် လူနာများအတွက် လိုအပ်သည့် ခေတ်မီဆေးကုသရေး ကိရိယာများ ပြည့်စုံသင့်သလောက် ပြည့်စုံစွာ ရှိနေပါကြောင်း၊ တက်ရောက်ကုသနေသည့် လူနာဦးရေသည် ၂၅ ခုတင်အဆင့်ထိ ဖြစ်နေပြီး လက်ရှိတွင် ၁၆ ခုတင်ဆံ့ ဆေးရုံဖြစ်နေသည့်အတွက် ကျန်းမာရေး ဝန်ထမ်းအင်အား လိုအပ်ခြင်း၊ ဆေးရရှိသည့် ခွဲတမ်းနည်းပါးခြင်းများကြောင့် တက်ရောက် ကုသနေရသည့် လူနာများ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာရရှိရေးနှင့် ပိုမိုအားကောင်း လာစေရေးအတွက် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံတွင် နှစ်စဉ်အလိုက် ဆေးရုံလုပ်ငန်းဆောင်ရွက်ချက် လေးနှစ်စာ စာရင်းတွင် ပါဝင်သည့် အကြောင်းအရာများ ဖြစ်သည့် ဆေးရုံအတွင်း လူနာဦးရေ စုစုပေါင်း၊ ဆေးရုံပြင်ပလူနာဦးရေ၊ ဆေးရုံမွေး လူနာဦးရေ၊ တစ်နေ့ ပျမ်းမျှဆေးရုံ အတွင်းလူနာ ဦးရေ၊ တစ်နေ့ပျမ်းမျှ အပြင်လူနာ ဦးရေ၊ ဆေးရုံ ခုနှစ်ကုတင် အသုံးပြု ရာခိုင်နှုန်း၊ ဆေးရုံ အသုံးချမှု၊ ကုတင်အသုံးပြုမှု ရာခိုင်နှုန်း၊ လူနာတစ်ဦးအတွက် ပျမ်းမျှဆေးရုံတက်ရောက်သူပေါင်း၊ ဆေးရုံလူနာ တက်ရောက်သူပေါင်း၊ ဆေးရုံဆင်း လူနာနှင့် သေဆုံးသူ စုစုပေါင်းသည် နှစ်စဉ်မြင့်တက်နေသည်ကို တွေ့ရှိရပြီး ကျန်းမာရေးဝန်ထမ်းများသည် သတ်မှတ်ချက်အတိုင်း ပြည့်စုံမှု မရှိသည်ကိုတွေ့ရပါကြောင်း၊ ၃.၆ ဧကအကျယ် ရှိသည့် ကျွဲပွဲ တိုက်နယ်ဆေးရုံသည် ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် လက်ရှိ ဆေးရုံအဆောက်အအုံကို ထပ်မံတိုးချဲ့ရန် မြေနေရာ အလုံအလောက် ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၅ ခုတင်ဆံ့ တိုက်နယ်အဆင့် ဆေးရုံအဖြစ် ဖြူးမြို့နယ်တွင် ကညွှတ်ကွင်း မြို့တွင်သာ ရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ထပ်မံ၍လည်း ၂၅ ခုတင်ဆံ့ တိုက်နယ်ဆေးရုံများ အဆင့်တိုးမြှင့်ရန် လိုအပ်နေပါသောကြောင့် ကျွဲပွဲ ၁၆ ခုတင်ဆံ့ ဆေးရုံအား၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ရေးအတွက် လိုအပ်ချက်များနှင့် ပြည့်စုံနေသည့်အတွက်၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်

အုတ်တွင်းမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၇၇,၃၂၆ ဦး နေထိုင်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ တစ်ရုံ၊ ညောင်ခြေထောက်တိုက်နယ် ဆေးရုံ၊ ကျွဲပွဲတိုက်နယ် ဆေးရုံ စုစုပေါင်း ဆေးရုံ သုံးရုံ၊ မိခင်ကလေး ဌာနတစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန ငါးခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂၄ ခုဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ ကျွဲပွဲတိုက်နယ် ဆေးရုံသည် ၃၀-၁-၂၀၁၄ ရက်စွဲဖြင့် ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ရရှိခဲ့ပြီး တိုက်နယ်ဆေးရုံ အဆောက်အဦကို ၁၅-၉-၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၁-၁၁-၂၀၁၅ ရက်နေ့မှ စတင်၍ ပြင်ပလူနာများ စတင်ကြည့်ရှုခြင်းနှင့် ဆေးရုံလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျွဲပွဲ တိုက်နယ်ဆေးရုံ၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များသည် တစ်နေ့ပျမ်းမျှ အတွင်းလူနာ တဖြည်းဖြည်း တိုးတက်လာပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တစ်နေ့ကို ၂၉ ဦးရှိပြီး၊ ၂၀၂၀ခုနှစ် ဇွန်လကုန် ခြောက်လစာအထိ ၂၆ ဦး ပျမ်းမျှ ရှိပါကြောင်း၊ ဆေးရုံခွင့်ပြု ကုတင်အသုံးချမှုသည် ၂၀၁၉ ခုနှစ်တွင် ၁၈၁ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လကုန် ခြောက်လစာတွင် ၁၆၁ ရာခိုင်နှုန်း ရှိပါကြောင်း၊ ဆေးရုံတစ်နေ့ပျမ်းမျှ အတွင်းလူနာဦးရေသည် လေးနှစ်ကို ခြောက်လစာပျမ်းမျှ ၂၄ ဦး ရှိပါကြောင်း၊ ဆေးရုံခွင့်ပြု ခုတင်အသုံးချမှု ရာခိုင်နှုန်း လေးနှစ်နှင့် ခြောက်လစာ ပျမ်းမျှ ၁၄၆.၆ ရာခိုင်နှုန်း ရှိပါကြောင်း၊ ဆေးရုံမြေဧရိယာ အကျယ်အဝန်းသည် ၃.၁၄ ဧကသာ ဖြစ်သည့်အတွက် ကုတင်အဆင့် မြှင့်ရန်အတွက် မြေဧရိယာငါးဧကရှိမှ ဆိုသည့်အချက်နှင့် ပြည့်မီရန် လိုအပ်လျက် ရှိနေပါကြောင်း၊ မြေအကျယ်အဝန်း ၃.၁၄ ဧကရှိပြီး ဆေးရုံခုတင် အသုံးချမှုနှုန်းသည် ခုတင် အဆင့်မြှင့်ရန်အတွက် ၂၀၁၉ ခုနှစ်မူအရ ခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်း ငါးနှစ်စာပျမ်းမျှအနေဖြင့် အနည်းဆုံး ၂၀၀ ရာခိုင်နှုန်း ရှိရမယ်ဆိုသည့် အချက်နှင့် ပြည့်မီရန် လိုအပ်လျက် ရှိနေပါကြောင်း၊ ထို့ပြင် ကျွဲပွဲသည် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အုတ်တွင်းမြို့နယ် ဆေးရုံနှင့် ကိုးမိုင်၊ ကားဖြင့် မိနစ် ၃၀ ခန့်၊ ဖြူမြို့နယ် ဆေးရုံဖြင့် ၁၇ မိုင်၊ ကားဖြင့် ၄၅ မိနစ်ခန့်နှင့် ကုတင် ၂၀၀ ဆံ့ တောင်ငူ ပြည်သူ့ဆေးရုံကြီးနှင့် ၁၈မိုင်၊ ကားဖြင့် ၄၅ မိနစ်ခန့် သွားလာ နိုင်ပါကြောင်း၊ ကျွဲပွဲသည် ၎င်းအထက်အဆင့် မြို့နယ်ဆေးရုံ၊ ခရိုင်ဆေးရုံများသို့ အလွယ်တကူ သွားလာနိုင်သည်ကို တင်ပြထားပါကြောင်း၊ ထို့ကြောင့် ဆေးရုံခွင့်ပြု ခုတင် အသုံးချမှု ရာခိုင်နှုန်းသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးရုံများ၊ ကျန်းမာရေးဌာနများ အသစ် တိုးချဲ့ဖွင့်လှစ်ခြင်း၊ ခုတင် အဆင့်မြှင့်တင်ခြင်းတို့အတွက် လိုအပ်သည့် အခြေခံမူများအရ ၂၀၁၉ ခုနှစ်အရ ခုတင်အဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင်အသုံးချမှု ရာခိုင်နှုန်း ငါးနှစ်စာပျမ်းမျှ အနည်းဆုံး ၂၀၀ ရှိရမည့် အချက်နှင့်ပတ်သက်၍ ပြည့်မီရန် လိုအပ်လျက် ရှိနေသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဆက်လက်လေ့လာ စောင့်ကြည့်သွားမည် ဖြစ်ပါကြောင်း၊ ၂၅ ခုတင် ဆေးရုံအဖြစ်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လက်ရှိတွင် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။