Skip to main content

(ခ)-တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းရှိ သစ်သားလိုင်းခန်းသည် ဆွေးမြည့် ပျက်စီးနေပြီဖြစ်ရာ လိုင်းခန်းအသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ယင်းရဲရိပ်သာဝင်း အတွင်းရှိ လုပ်ငန်းသုံးမော်တော်ယာဉ်အပျက်များအား မည်ကဲသို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းအတွင်းတွင်ရှိသည့် ဆွေးမြည့်ပျက်စီးနေသည့် သစ်သားလိုင်းခန်းများအား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ၎င်းဝင်းအတွင်းတွင်ရှိသည့် နှစ်ပေါင်းများစွာ ထားရှိထားသည့် လုပ်ငန်းသုံးမော်တော်ယာဉ်ပျက်များကိုမည်သို့စီမံဆောင်ရွက်မည်ကို သိလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၈၈၇ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှစပြီး ကျေးရွာဥပဒေပြဋ္ဌာန်းကာ ကျေးရွာပုလိပ်အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့သည်ဟု သမိုင်းကြောင်း များအရ သိရပါကြောင်း၊ ၁၈၈၉ခုနှစ်တွင် ရန်ကုန်ပုလိပ်အဖွဲ့၊ ၁၉၃၇ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (Home Rule) ကာလတွင် အရပ်ဘက်ပုလိပ်မင်းကြီးတစ်ဦးအုပ်ချုပ်သည့် မြို့ပြပုလိပ်အဖွဲ့နှင့် စစ်ဘက်အရာရှိကြီးတစ်ဦးအုပ်ချုပ်ရသည့် စစ်ဘက်ပုလိပ်ဟု နှစ်မျိုးရှိပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်တွင် အဆိုပါ လက်နက်ကိုင်ပုလိပ်အဖွဲ့များကိုပေါင်းပြီး ပြည်ထောင်စုစစ်ရဲဟု ပြန်ဖွဲ့စည်းပါကြောင်း၊ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ Interpol ရဲတပ်ဖွဲ့အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ ၁၉၆၀ ခုနှစ်တွင် ပြည်စောင့်ရဲတပ်ဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းလာရာမှ ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် ပြည်ထဲရေးလက်အောက်ခံဖြစ်ခဲ့ပါကြောင်း၊

ကမ္ဘာ့ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ခေတ်မီတိုးတက်သည့်နိုင်ငံများတွင် ပြည်သူ့ရဲတပ်ဖွဲ့များ၏ အခန်းကဏ္ဍသည် တရားဥပဒေစိုးမိုးရေး၊ မြို့ပြလုံခြုံရေးရာကိစ္စများဆောင်ရွက်ရာတွင် အလွန်အမင်းရှေ့တန်းရောက်အရေးပါသည့် လုပ်ငန်းရပ် များအနေဖြင့် စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်ကြသည်ကိုတွေ့ရသကဲ့သို့ မိမိတို့နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးသည်လည်း ယခုအချိန်တွင် အထူးသဖြင့် မိမိတင်ပြမည့် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ပြည်သူလူထုကြားတွင် ထဲထဲဝင်ဝင်စွမ်းရည်မြှင့်ပြီး ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ပြည်သူလူထုထဲသို့ ထဲထဲဝင်ဝင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးလုပ်ငန်းများလုပ်နေပါကြောင်း၊ ယခု ယာဉ်ထိန်းရဲတပ်ဖွဲ့ကြီးသည် ခေတ်မီတိုးတက်တောင့်တင်းသည့် ရဲတပ်ဖွဲ့ကြီး ဖြစ်လာပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီလူထုအစိုးရလက်ထက်ရောက်ပြီ ဖြစ်သည့်အတွက် ဝန်ထမ်းပြည်သူများ၏စွမ်းဆောင်ရည်များကို ပိုမိုတောက်ပြောင်လာစေရန် အထူးအလေးထားပျိုးထောင်ပေးနေသကဲ့သို့ ဝန်ထမ်းများ၏လိုအပ်ချက်များကိုလည်း အလေးထားဆောင်ရွက်ပေးနေသည်ကိုတွေ့ရပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ပင်စင်စားများအတွက် အိမ်ရာများနှင့် ယခုဆိုလျှင် ဝန်ထမ်းနောင်ရေးဘဝစိတ်အေးရအောင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်မှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာတင်သွင်းပြီး ဝန်ထမ်းများအတွက် ဆောင်ရွက်ပေး တော့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်အစိုးရ၏ ပြည်သူလူထုနှင့် ဝန်ထမ်းများအတွက် ယခုလိုကောင်းမွန်သည့် လုပ်ဆောင်ချက်များတွင် မိမိ၏ မဲဆန္ဒနယ်မြေယာဉ်ထိန်းရဲစခန်းမှ ပြန်လည်၍ ယာဉ်ထိန်းရဲလိုင်းခန်းတည်ဆောက်ရေးနှင့် မြို့မရဲစခန်းလိုင်းခန်းများတည်ဆောက်ရေးကို မိမိတင်ပြမေးသည့်အခါတွင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်လျာထားတင်ပြ လာသည့်အတွက် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိဆိုသည်ထက် ဘတ်ဂျက်ခွင့်ပြုချက်ရသည်နှင့် အမြန်ဆုံး၊ အစောဆုံး တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မြေနေရာအပုပ်ခံ၍ ယာဉ်ထိန်းရဲဝင်းထဲတွင် ထားရှိသည့် လုပ်ငန်းသုံး မော်တော်ယာဉ်ပျက်များကို အကျိုးရှိအောင် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်ရှိ မာန်အောင်ရဲရိပ်သာသည် အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး နှစ် ၆၀ မြေငှားဂရန် ရရှိထားသော မြေဧရိယာ ၆.၆ ဧကအပေါ် တွင်တည်ရှိပါကြောင်း၊ မာန်အောင်ရဲရိပ်သာဝင်းအတွင်းတွင် အမှတ်(၂၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးတစ်ရုံး၊ ရှေ့ပြေး တပ်စိတ်ရုံးတစ်ရုံး၊ ခြောက်ခန်းတွဲ ရှစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ်နှစ်လုံး၊ ရှစ်ခန်းတွဲနှစ်ထပ်တစ်လုံး၊ အပျိုဆောင်တစ်ဆောင်၊ မော်တော်ယာဉ်ဂိုဒေါင်နှစ်လုံး၊ ဆီဂိုဒေါင်တစ်လုံး စုစုပေါင်း အဆောက်အအုံ ၁၇ လုံးရှိပြီး နေအိမ် လိုင်းခန်း ၈၈ ခန်းရှိပါကြောင်း၊ ရဲရိပ်သာဝင်းအတွင်းရှိ သစ်သားဖြင့်ဆောက်လုပ်ထားသော ခြောက်ခန်းတွဲနှစ်ထပ်တစ်လုံးအပါအဝင် အဆောက်အဦအချို့သည် နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်းဆွေးမြည့်ပျက်စီးနေပြီး အမြင်တင့်တယ်မှုမရှိခြင်းကြောင့် ခြောက်ခန်းတွဲလေးထပ်တစ်လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပြီး ၎င်းအဆောက်အအုံဆောက်လုပ်ပေးရန်အတွက်လည်း မြေနေရာလုံလောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ယခင်ကဆောက်လုပ်ခဲ့သည့် အဆောက်အအုံအချို့သည် နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်သည့်အတွက် ခေတ်နှင့်လျော်ညီသည့် အဆောက်အအုံများအစားထိုးဆောက်လုပ်ရန်နှင့် တိုးချဲ့ဖွဲ့စည်း လာသည့် တပ်ဖွဲ့များအတွက် အဆောက်အအုံလိုအပ်ချက်များ ဦးစားပေးအစီအစဉ်အလိုက် ဆောက်လုပ်နိုင်ရန် နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံလျက်ရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေအခြေအနေအရ စိစစ်ခွင့်ပြုလျက်ရှိသည့်အတွက် ခွင့်ပြုရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်များ သတ်မှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မာန်အောင်ရဲရိပ်သာဝင်း အတွင်း ရပ်နားထားရှိသော ရှေ့ပြေးမီးတန်း Saloon ယာဉ်အို၊ ယာဉ်ဟောင်း ၂၅ စီးရှိသည့်အနက် ၁၉၈၆ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း ထုတ်ယူရရှိခဲ့သည့် မော်တော်ယာဉ်ခုနစ်စီးအား ၂၉-၅-၂၀၂၀ ရက်နေ့တွင် သံရည်ကြိုရန် လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်မော်တော်ယာဉ် ၁၈ စီးအား ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်းစစ်ဆေးရေးဦးစီးဌာနမှ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းတွင် မြေပြင်စစ်ဆေးစဉ် အသုံးမပြုနိုင်သော သံရည်ကျိုအဆင့်ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်သည့်အတွက် အပ်နှံရန် ညွှန်ကြားချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးအပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ရှိ လိုအပ်လျက် ရှိသော ခြောက်ခန်းတွဲ လေးထပ် သံကူကွန်ကရစ်တစ်လုံးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလအသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံထားရှိပြီးဖြစ်ပါကြောင်းနှင့် ရဲတပ်ဖွဲ့ပိုင် အပ်နှံရန်ကျန်သော ယာဉ်အို၊ ယာဉ်ဟောင်းမော်တော်ယာဉ် ၁၈ စီးအား လုပ်ထုံးလုပ်နည်းနှင့်အညီ သံရည်ကျိုအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတိုးဝင်း(တာမွေမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၎င်းမာန်အောင် ရပ်ကွက်တွင်နေထိုင်သည့် ယာဉ်ထိန်းရဲမိသားစုများသည် ဘိုးစဉ်ဘောင်ဆက် ဒီမြေမှာမွေး၊ ဒီရေမှာသောက်ပြီး ဘိုးစဉ်ဘောင်ဆက်နေထိုင်လာကြသည့် သားစဉ်မြေးဆက် ယာဉ်ထိန်းရဲဝန်ထမ်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ အနေဖြင့်မြေနေရာလည်း ကျယ်ဝန်းသည့် အားလျော်စွာ အဆောက်အဦကိုဆောက်သည့်အခါတွင် ၎င်းရပ်ကွက်ထဲတွင် ဆက်လက်နေထိုင်ပြီး တခြားယူနစ်များကိုမပြောင်းဘဲ နေထိုင်ခွင့်ရအောင် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေး၍ ရနိုင်/မရနိုင် သိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်

မိမိတို့ဝန်ထမ်းများ နေရာဒေသပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ ယခင်ကသုံးနှစ်လျှင်တစ်ကြိမ် သက်ဆိုင်ရာနယ်မြေဒေသ၏ ခက်ခဲဝေးလံသည့် နေရာဒေသများသတ်မှတ်၍အလှည့်ကျညီညွတ် မျှတမှုရှိအောင်ပြောင်းလဲ၍ တာဝန်ထမ်းဆောင် စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုတွင် ပြောင်းလဲတာဝန် ထမ်းဆောင်မှုအပေါ်တွင် အားနည်းချက်၊ ချို့ယွင်းချက်များရှိသည် ဖြစ်သည့်အတွက် လက်အောက်ဝန်ထမ်းတပ်ဖွဲ့များ၏ ပြောင်းရွှေ့ရေးမူဝါဒနှင့် ပတ်သက်၍ ယခုအသစ်ပြန်လည်ရေးဆွဲထား ရှိပြီးဖြစ်ပါကြောင်း၊ ရေးဆွဲထားသည့်မူဝါဒတွင် လက်အောက်ဝန်ထမ်းများ၏အခက်အခဲများကို လေ့လာသုံးသပ်ပြီး ၎င်းတို့၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးအခက်အခဲများကို အသေးစိတ်ကြည့်ရှုပြီး ပြောင်းလဲပြင်ဆင်ထားခြင်းဖြစ်ပါကြောင်း၊ ယခုပြင်ဆင်ထားသည့် ပြောင်းရွှေ့ရေးမူဝါဒအရဆိုလျှင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများက ၎င်းတို့၏ နေရာဒေသအပေါ်တွင် ကျွမ်းကျင်မှု၊ ၎င်းတို့၏နေရာဒေသအပေါ်တွင် ၎င်းတို့၏လူမှုရေး၊ ပညာရေးအခက်အခဲများကို အသေးစိတ် ကြည့်ရှု၍ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လက်ရှိယာဉ်ထိန်းအဖွဲ့အစည်းများသည် ၎င်းတို့လက်ရှိနေသည့်နေထိုင်ရာဒေသတွင် သာကျွမ်းကျင်မှုအရ ဆက်ပြီးတာဝန်ထမ်းဆောင်မှုရရှိရေးအတွက် မိမိတို့ဆက်လက်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။