Skip to main content

သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၂)၊ ဦးပိုင်အမှတ်(လ/၁၄၊ လ/၁၅၊ လ/၄၁) မြေဧရိယာ ၄.၅ ဧက ယာမြေနေရာကို ၂၀၀၅ ခုနှစ်ရှေ့ပိုင်းက စယ်အူရဲကင်းစခန်းတည်ဆောက်ရန် မြေဟူ၍ သိမ်းယူခဲ့ရာ ယခုအခါ မြေကိုမူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် စိစစ်ရန် အချက်(၅၂)ချက်နှင့်အညီ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

၂၀၀၅ ခုနှစ်ရှေ့ပိုင်းခန့်က သိန္နီမြို့နယ်ရဲတပ်ဖွဲ့က စယ်အူကျေးရွာရဲကင်း စခန်းတည်ဆောက်ရန် မြေဟူ၍ စယ်အူကျေးရွာကွင်းအမှတ်(၉၂)၊ ဦးပိုင်အမှတ်(လ/၁၄)၊ (လ/၁၅)၊ (လ/၄၁)၊ မြေဧရိယာ ၄.၅ ဧကကို ဒေသခံများဖြစ်သော ဦးစိုင်းမောင်လှ၊ ဦးစိုင်းဆမ်ထွန်း၊ ဒေါ်ထုဘူတို့ထံက လက်မှတ် ထိုးပြီး သိမ်းယူခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စယ်အူ ရဲကင်းစခန်း အမည်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့က မြေငှားဂရန်လျှောက်ထားခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)က စယ်အူရဲကင်းစခန်းအဖြစ် သဘောတူ ခွင့်ပြု ထားခဲ့ပါကြောင်း၊ အဆိုပါရဲကင်းမြေကို ဌာနကအသုံးပြုလာခဲ့ပြီး ၂၀၀၅-၂၀၀၆ ခုနှစ်နောက်ပိုင်း ယနေ့အထိ ရဲတပ်ဖွဲ့ဝင်များရဲကင်း၌ ရှိမနေကြတော့ပါကြောင်း၊ ရဲစခန်းအဆောက်အအုံလည်း ယိုယွင်းပျက်စီးပြီး ချုံနွယ်ပိတ်ပေါင်းများနှင့်ရှိနေခဲ့ပါကြောင်း၊ အဆောက်အအုံအနောက်ဘက်တွင် မြေကွက်များရှိပြီး ရွာသားတစ်ဦးထံက သီးစားချထားပေးခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ စယ်အူ ရဲကင်းစခန်းအဖြစ် အသုံးမပြုတော့ပါကြောင်း၊ မူလပိုင်ရှင်များဖြစ်သော ဒေသခံများက ၎င်း လယ်ယာမြေကို ပြန်လည်ရလိုမှုဖြင့် မြို့နယ်ရုံးကို ပြန်လည်လျှောက်ထားလာခဲ့ကြပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး စိစစ်ရေးကော်မတီ၏ (၅၂)ချက်က ပြန်လည်စိစစ်ပြီး လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားရန် လိုအပ်နေပါကြောင်း၊ လက်ရှိ အခြေအနေတွင် ရဲကင်းစခန်းအဖြစ်လည်း အသုံးမပြုတော့ပါကြောင်း၊ သက်ဆိုင်သူများကို လျော်ကြေးပေးပြီး သိမ်းဆည်းရယူခဲ့ခြင်းလည်း မဟုတ်ပါကြောင်း၊ လုပ်ငန်းအကောင်အထည် ဖော်မှုလည်း မရှိတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြေကိုမူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် ရှိပါသလား၊ အဆိုပါရဲကင်းစခန်းနယ်မြေ ၄.၅ ဧကကို သိမ်းဆည်းမြေနှင့်ပတ်သက်၍ စိစစ်ရန် အချက်(၅၂)ချက်နှင့်အညီ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ သိန္နီ-ကွမ်းလုံကားလမ်းဘေးရှိ စယ်အူ ကျေးရွာအုပ်စု၊ ဟိုမိန်းမြောက်ကွင်း ကွင်းအမှတ်(၉၂)၊ ဦးပိုင်အမှတ်(လ/၁၄)၊ (လ/၁၅)၊ (လ/၄၁)တို့ ရှိ မြေဧရိယာ ၄.၅ ဧကနေရာအား လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ အရ စယ်အူရဲကင်းစခန်မြေအဖြစ် ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၇-၉-၂၀၁၀ ရက်စွဲပါစာဖြင့် စယ်အူရဲကင်းမြေနေရာအဖြစ် အသုံးပြုရန်ခွင့်ပြုချက်ရရှိခဲ့ပြီး လားရှိုးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၁၁-၁-၂၀၁၁ ရက်စွဲပါမြေငှားဂရန်ဖြင့် ၁၄-၁-၂၀၁၁ ရက်နေ့မှ ၁၃-၁-၂၀၁၄ ရက်နေ့အထိ သုံးနှစ်မြေငှားလိုင်စင်ရရှိခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် မြေငှားလိုင်စင် သက်တမ်း ကုန်ဆုံးခဲ့သည့်အတွက် တပ်ဖွဲ့ပိုင်မြေအမည်ပေါက်၊ ဌာနဆိုင်ရာမြေလွှဲအမှုတွဲဖွင့်လှစ် ဆောင်ရွက် နိုင်ရေးအတွက် မြေစာရင်းပုံစံ(၁၀၅)၊(၁၀၆) ရေးဆွဲခွင့်ရရှိရေးကို ၁၆-၁၂-၂၀၁၉ ရက်နေ့တွင် သိန္နီ မြို့နယ်ရဲတပ်ဖွဲ့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ အဆိုပါ တင်ပြချက်အပေါ် ၃-၇-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ(လားရှိုးမြို့) တို့သို့ မြေစာရင်းပုံစံ(၁၀၅)၊(၁၀၆)ကူးယူခွင့်ပြုနိုင်ရန်အတွက် မြေရာဇဝင်စိစစ်တင်ပြရန် အကြောင်း ကြားထားရှိပါကြောင်း၊ အဆိုပါစယ်အူရဲကင်းစခန်းမြေ ၄.၅ ဧကပေါ်တွင် ရဲကင်း အဆောက်အအုံ တစ်လုံး၊ တပ်ဖွဲ့ဝင်များနေထိုင်ရန် လုံးချင်းနေအိမ်နှစ်လုံး စုစုပေါင်း ယာယီ အဆောက်အအုံသုံးလုံး ဆောက်လုပ်ထားရှိပြီး စယ်အူရဲကင်းစခန်းကို  ၂၀၀၆ ခုနှစ်မှစတင်ဖွင့်လှစ်၍ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ၂၅-၂-၂၀၁၅ ရက်နေ့တွင် နယ်မြေလုံခြုံရေးအခြေအနေနှင့် တပ်ဖွဲ့ဝင်အင်အား နည်းပါးမှုကြောင့် ရဲကင်းစခန်းကို ခေတ္တရုပ်သိမ်းထားရှိခဲ့ပါကြောင်း၊

စယ်အူရဲကင်းစခန်းသည် သိန္နီမြို့မှ လေးမိုင်ခန့်ကွာဝေးပြီး ရဲကင်းစခန်းအပိုင်နယ်မြေတွင် ကျေးရွာ ပေါင်း ၁၉ ရွာ၊ လူဦးရေ ၅၂၇၄ ဦးနေထိုင်လျက်ရှိပြီး ရံဖန်ရံခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သွားလာလှုပ်ရှားမှုများရှိသဖြင့် ပြည်သူ့စစ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် အတွက် နယ်မြေလုံခြုံရေးကောင်းမွန်ပါက ရဲကင်းစခန်းကို ပြန်လည်ဖွင့်လှစ်ရန်လိုအပ်လျက်ရှိပါ၍ ရဲကင်းစခန်းဖွဲ့စည်းပုံအင်အားနှင့်ညီမျှသော အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံနှင့် လိုင်းခန်း အဆောက်အအုံများကို ဆောက်လုပ်ရန်သတ်မှတ်ထားရှိသော မြေနေရာဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ စယ်အူရဲကင်းမြေနေရာအား ဦးအိုက်အေးပါ တောင်သူလေးဦး၏ တင်ပြချက်နှင့်ပတ်သက်၍ မြို့နယ်လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ လုပ်ငန်းစဉ်မူဝါဒ(၅၂)ချက်နှင့်အညီ စိစစ်ပြီး စိစစ်ချက်ကို ခရိုင်၊ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံလာပါက ပြန်လည်စွန့်လွှတ်ပေးရန်မရှိသည့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ စိစစ်ရန် အချက်ငါးချက်နှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနက စိစစ်တွေ့ရှိချက်ကို ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီသို့ အကြောင်းပြန်ကြားချက်အပေါ် အဆိုပါပြည်နယ်ကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုင်းဦးခမ်း(သိန္နီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည့်စုံစွာဖြေကြားပေးသည့် ဒုတိယဝန်ကြီးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရဲစခန်းသည် လက်ရှိအနေအထားအရ ၄.၅ ဧကရှိပါကြောင်း၊  စိစစ်သည့်(၅၂)ချက်ထဲတွင် လိုအပ်သည့် အကျယ်အဝန်းကိုသာယူပြီး ကျန်သည်ကို ပြန်လည်ပေးရန်ဆိုသည့်အချက်တစ်ချက် ပါရှိပါကြောင်း၊ လက်ရှိလုပ်ငန်းအကောင်အထည်မဖော်နိုင်သေးသည်ကတစ်ကြောင်း၊ အဆောက်အဦ ဆောက်လုပ် ရန်ဆိုသည့် မြေလိုအပ်သလောက်ယူပြီး လေးဧကခွဲထဲက ခန့်မှန်းတစ်ဧကခန့်ယူပြီး သုံးဧကခွဲ ဝန်းကျင်ခန့်ဖြစ်ဖြစ်ကို ညှိနှိုင်းပြီး သက်ဆိုင်ရာဒေသခံကိုလည်း ပြန်လည်ရယူစေလိုပါကြောင်း၊ လက်ရှိရဲစခန်းကို အသုံးပြုနေသည်မှာ နယ်မြေလုံခြုံရေးအရ မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်ပါ ကြောင်း၊ ၎င်းကိုလည်း မိမိတို့နားလည်ပါကြောင်း၊ သိမ်းဆည်းမြေထဲက မည်မျှအထိပြန်ပေး နိုင်သလဲ၊ သတ်မှတ်ထားသည့်ရဲစခန်း၏အသုံးပြုမှုကို ပြန်လည်စိစစ်ပြီး ပြန်လည်ပေးအပ်ရန်ရှိ/မရှိ ဆိုသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်

 မိမိတို့အနေဖြင့်လည်း ဒေသခံတောင်သူများကို စာနာနားလည်မှုရှိပါကြောင်း၊ ထို့ကြောင့် မြေဧကနှင့်ပတ်သက်ပြီး မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီက (၅၂)ချက်နှင့်အညီ  စိစစ်ပြီးပါက ခရိုင်၊ ပြည်နယ်အဆင့်၊ ပြည်နယ်အဆင့်က ပြန်လည်စိစစ်ပြီး မိမိတို့ထံ သဘောထားမှတ်ချက်တောင်းခံလာသည့်အချိန်တွင် ဒေသခံပြည်သူများ ၏အခက်အခဲကို ပြန်လည်ကြည့်ရှုစိစစ်ပြီး မိမိတို့စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။