Skip to main content

မက်မန်းမြို့နယ်အတွင်း ပညာရေးကဏ္ဍအနေဖြင့် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)သုံးကျောင်း၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း ခြောက်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ကိုးကျောင်း စုစုပေါင်း ၄၃ ကျောင်းရှိပြီး အထက်တန်းပြ ဆရာဆရာမ ခုနစ်ဦး၊ အလယ်တန်းပြ ဆရာဆရာမ ၄၀ ဦး၊ မူလတန်းပြဆရာဆရာမ ၅၉ ဦး စုစုပေါင်း ၁၄၉ ဦးရှိပြီး ကျောင်းသားကျောင်းသူ ၂,၆၈၀ ဦးဖြင့် သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်ခြားစောင့်တပ်ရှိ အခြေခံပညာမူလတန်းကျောင်းကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၊ အမှတ် (၂) အခြေခံပညာဦးစီးဌာန မန္တလေးမြို့၏ ၁၅-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ဌာနခွဲ ၁(ခ)/ ၂၉၃၁/ (ကခ) မူအဖြစ် အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အဖြစ် တိုးမြှင့်ခဲ့သကဲ့သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပြည်နယ်ညွှန်ကြားရေးမှူးရုံး(ရုံးခွဲ) ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ ၄-၆-၂၀၁၄ ရက်စွဲပါ စာအမှတ် စိတ်-၄/၈၀၅/အ.မ.က ၇၇၁၄ ဖြင့် အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်၍သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်မှာ ငါးနှစ်ကျော်ပြီဖြစ်ပါကြောင်း၊ လက်ရှိအဆိုပါအခြေခံပညာမူလတန်းကျောင်းအနေဖြင့် စာသင်ကြားဆောင်မရှိသေးပါသဖြင့် နယ်ခြားစောင့်တပ်ရှိ အိမ်ထောင်သည်လိုင်း ခြောက်ခန်းတွဲအနက်ငါးခန်းကို စာသင်ခန်း ပြုလုပ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပညာသင်ကြားနေသည့် ကျောင်းသူ ကျောင်းသားအနေဖြင့် KG ၂၄ ဦး၊ Grade-1 ၃၀ ဦး၊ Grade-2 ၁၅ ဦး၊ Grade-3 ၄၆ ဦး၊ Grade-5 ၂၀ ဦး စုစုပေါင်း ၁၃၅ ဦးရှိပြီး နယ်ခြားစောင့်တပ်အပြင် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကန်လှကျေးရွာ၊ ရွာတော်ကျေးရွာ၊ ပန်ကြူကျေးရွာများမှ ကျောင်းသူကျောင်းသားများလည်းပညာသင်ကြားလျက်ရှိပါကြောင်း၊ ခန့်အပ်ထားသည့် ဝန်ထမ်းအနေဖြင့် ကျောင်းအုပ်ဆရာမတစ်ဦး၊ မူလတန်းပြ ဆရာမနှစ်ဦး၊ တိုင်းရင်းသား စာပေသင်ဆရာမနှစ်ဦး၊ အထွေထွေလုပ်သား တစ်ဦး စုစုပေါင်း ခြောက်ဦးရှိပြီး ဝန်ထမ်းများနေထိုင်ရေးကိုလည်း နယ်ခြားစောင့်တပ်ရှိ အုပ်ချုပ်မှုအဆောက်အအုံတွင် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊

အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်မှာလည်း နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အပြင် လက်ရှိပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအတွက်လည်း အမှန်တစ်ကယ်လိုအပ်သကဲ့သို့ နောင်လာမည့်နှစ်များတွင်လည်း ကျောင်းသူကျောင်းသားဦးရေ တိုးလာနိုင်မည်ဖြစ်ကာ ကျေးလက်နေတိုင်းရင်းသားများ ပညာရေးမြင့်မားရေး၊ ပညာသင်ကြားနိုင်ရေးအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းဆောင် ဆောက်လုပ်ရန်ခွင့်ပြုပါက ဆောက်လုပ်ရန်အတွက်လည်း မြေနေရာရွေးချယ် သတ်မှတ်ထားရှိပြီးဖြစ်ခြင်းကြောင့် မက်မန်းမြို့နယ်၊ အေးကျန့်ကျေးရွာအုပ်စု အခြေခံပညာ မူလတန်းကျောင်း နယ်ခြားစောင့်တပ်တွင် (၆၀ x ၃၀ ပေ) Steel Structure တစ်ထပ်စာသင် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကိုသိရှိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း မက်မန်းမြို့နယ်အတွင်းတွင် အန္တရာယ်ရှိကျောင်းဆောင် ဖျက်သိမ်းပြီး‌ အသစ်ဆောက်လုပ်ရန် တစ်ကျောင်း၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် နှစ်ကျောင်း စုစုပေါင်း ကျောင်းသုံးကျောင်းအတွက် ငွေကျပ်သန်းပေါင်း ၃၅၂.၁ ခွဲဝေပြီးဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်၊ အေးကျန့် ကျေးရွာအုပ်စု အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ် အခြေခံပညာမူလတန်းကျောင်းမှာ ကျောင်းသူ ကျောင်းသားပေါင်း ၁၃၅ ဦး ပညာသင်ကြားနေပြီး ယခုသင်ကြားရေးအတွက် (၁၂၀ x ၃၀ ပေ) ခြောက်ခန်းတွဲ ဝန်ထမ်းလိုင်း ကျောင်းသားကျောင်းသူများ၏ သင်ကြားသင်ယူမှုအဆင်ပြေစေရေးအတွက် ယခုလာမည့် ဘဏ္ဍာ ရေးနှစ် ၂၀၂၀-၂၀၂၁ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ကိုယ်စားလှယ်တော်ကြီးတောင်းခံသည့် (၆၀ x ၃၀ ပေ) Steel Structure တစ်ထပ် ဆောင်တစ်ဆောင်ဆောက်လုပ်ရန် လိုအပ်သောရန်ပုံငွေကို လျာထား ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။