Skip to main content

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အထိ မင်းတုန်းမြို့နယ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ့်အားကိုယ်ကိုးစသည့် အခြေခံပညာကျောင်းပေါင်း ၆၀ ကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့သည့် အစိုးရမူဝါဒနှင့်အညီဆောင်ရွက်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း၊

ငှက်ပျင်းကျေးရွာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကျော်က ချင်းတိုင်းရင်းသားများ ရေကြည်ရာ မြက်နုရာနေရာဒေသကို ရှာဖွေလုပ်ကိုင်စားသောက်ကြပြီး ‌ကျေးရွာအဖြစ်စုပေါင်းနေထိုင်လာခဲ့ ကြောင်း၊ အိမ်ခြေအနေဖြင့် ၂၀၊ ၂၅ အိမ်ကျော်သာရှိပြီး လူဦးရေမှာ ၁၂၀ ကျော်ခန့်ရှိပါကြောင်း၊ နှစ်စဉ်မူလတန်းကျောင်းသား ၂၅ ဦးဝန်းကျင်ရှိသည်ကိုတွေ့ရပါကြောင်း၊ ၎င်းငှက်ပျင်းကျေးရွာ သည် ပညာရေးကိုဦးစားပေးပြီး မိမိရင်သွေးငယ်များကို ပညာတတ်စေလိုသည့်အတွက် ကိုယ့်အားကိုယ်ကိုးကျောင်းကို ၁၉၈၃ ခုနှစ်ကတည်းက စတင်တည်ထောင်ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်တစ်နှစ်လျှင် ဆရာတစ်ဦးငှားပြီးသင်ခဲ့သည်မှာ နှစ်ပေါင်း ၃၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အနီးဆုံးရွာသစ်ရွာနှင့် ငါးမိုင်နီးပါးဝေးပြီး ကျေးရွာအမည်ပေါက်မရသေးသည့်ရွာဖြစ်ပါကြောင်း၊ ငှက်ပျင်းကျေးရွာသည် ယခုအချိန်ထိ ကျေးရွာအမည်ပေါက်မရှိသေးသည့်အတွက် ကျောင်းအဆင့်တိုးများတင်ရန် မြို့နယ်အစည်းအဝေးတွင် အဖွဲ့စုံနှင့်ညှိနှိုင်းပြီး ကျောင်းအဆင့်တိုးတင်ခိုင်းသည့်အခါတွင် ကျေးရွာအမည်ပေါက်မရရှိသေးသည့်အတွက်တင်ခွင့်မရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ဆရာ ငှားသင်နေရသည့်ဒုက္ခများ၊ ငွေကြေးအခက်အခဲများကို တင်ပြလာသည့်အတွက်၊ မိမိကိုယ်တိုင်လည်း မြင်ခဲ့ရသည့်အတွက် ထိုအခက်အခဲများကင်းလွတ်စေချင်သည့်ဆန္ဒဖြင့် မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာအုပ်စု၊ ငှက်ပျင်းကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းအား အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်းတွင်မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းအခြေခံ ပညာမူလတန်းကျောင်း(ခွဲ)(၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၄)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၄)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၅) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)(၁)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၈ ကျောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း ၊

မင်းတုန်းမြို့နယ်၊ ငှက်ပျင်းကျေးရွာ၏ကျောင်းသည် ပညာရေးဝန်ကြီးဌာနပိုင် အခြေခံပညာမူလတန်းလွန်ကျောင်း ဆောင်ရွက်ရန်ကျောင်းတည်ရှိရာနေရာသည် ပိုင်ဆိုင်မှု မြေစာရင်းပုံစံ (၁၀၅) ရှိရန်လိုကြောင်း၊ ရွာနေရာ၊ ကျောင်းနေရာသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပန်းညိုကြိုးပြင်ကာကွယ်တောနေရာတွင် တည်ရှိနေပါကြောင်း၊ ထို့အတွက်မြေစာရင်းဦးစီးဌာနမှကျောင်းမြေပိုင်ဆိုင်မှုမြေစာရင်းပုံစံ(၁၀၅)ထုတ်ပေး၍ မရနိုင်သည် ကိုစိစစ်တွေ့ရှိရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနပိုင်ကျောင်းမြေပိုင်ဆိုင်မှု မြေစာရင်းပုံစံ(၁၀၅) ရရှိခြင်းမရှိသည့်အတွက် မိမိတို့ဝန်ကြီးဌာနကို အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်လျှောက်ထားနိုင်ခြင်းမရှိပါကြောင်းနှင့် ကျောင်းမြေပိုင်ဆိုင်မှုအထောက်အထားရရှိပြီးမှသာ အမှုတွဲတည်ဆောက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ခင်သန်းနု(မင်းတုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ငှက်ပျင်းရွာကို ကိုယ့်အားကိုယ်ကိုးကျောင်းကနေ မူလတန်း(ခွဲ)ကျောင်းအဆင့် တိုးမြှင့်လိုသည့်အတွက် မြို့နယ်တွင် အဆင့်ဆင့်ညှိနှိုင်းသည့်အခါ ကျေးရွာအမည်ပေါက်မရှိသည့်အတွက် တင်၍မရကြောင်း၊ ကျေးရွာအမည်ပေါက်မရသေး သော်လည်း ကျေးရွာတွင်ရှိသည့်ကျောင်းသား ၂၅ ၏ရှေ့ရေးအတွက် အနီးစပ်ဆုံးရွာသစ်ရွာကိုသွားရလျှင် ငါးမိုင်နီးပါးဝေးပါကြောင်း၊ ထို့အတွက်ကြိုးဝိုင်းထဲကထုတ်ပေးရန် ကြယ်ပွင့်မပြမေးခွန်းလည်းမေးခဲ့ပြီးပါကြောင်း၊ ကြယ်ပွင့်မပြမေးခွန်းတွင်လည်း ၎င်းကလေးများ ၏ရှေ့ရေးပညာသင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဌာနနှစ်ခုချင်းမည်သို့ပေါင်းစပ်ညှိနှိုင်းပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မကွေးတိုင်းဒေသကြီးအစိုးရနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပေါင်းစပ်ဆောင်ရွက်မှ ဆောင်ရွက်နိုင်မည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မေတ္တာရပ်ခံတင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။