Skip to main content

 ဒီပဲယင်းမြို့နယ်ရှိ လူဦးရေ ၆၅ ရာခိုင်နှုန်းကျော်သည် စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးရသည် ဖြစ်ပါကြောင်း၊ မိုးရေကိုသဖန်းဆိပ်၊ ကာဘိုးဆည်မှတစ်ဆင့် ဆည်ရေသောက် ဧရိယာ ၉၇,၈၀၀ခန့် လျာထားစိုက်ပျိုးပြီး မိုးရေသောက်ဧရိယာဧက ၂၇,၀၀၀ကျော်နှင့် နွေစပါးတွင် ဧက ၂၀,၀၀၀ ကျော် စိုက်ပျိုးကြပါကြောင်း၊ နှစ်စဉ်တောင်သူ လယ်သမားများကမိုးစပါး၊နွေစပါးကိုမရပ်မနားစိုက်ပျိုးထုတ်လုပ်ရန်ကြိုးစားကြပါကြောင်း၊သို့သော် နှစ်စဉ် ပိုးကျသည့် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရတတ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်နွေရာသီတွင်ဖြုတ်ပိုးကျသည့်အတွက် ကျေးရွာအုပ်စု ၄၀ ခန့် ရှိသည့် စိုက်ဧက ၅,၅၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ကြရပါကြောင်း၊ ၇၂၅ ဧကကျော်သည် လုံးဝပျက်စီးသွားပါကြောင်း၊ တချို့ခရိုင်အတွင်းရှိသည့် အခြားမြို့နယ်များတွင် ဖြုတ်ပိုးကျသည်၊ စပါးအထွက်လျော့သည်ဟု သိရပါကြောင်း၊

၂၀၁၉ ခုနှစ် မိုးစပါးကို ရိတ်သိမ်းဆဲကာလတွင် တောင်သူလယ်သမားများမှ ဖြုတ်ပိုးကျသည့်အတွက် စပါးအထွက်လျော့နည်းနိုင်ကြောင်းသက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများ အားလုံးကို အသိပေးခဲ့ပါကြောင်း၊ ၎င်းအပြင် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် တည်တော၊ သရက်ကန်၊ ဖုတ္တတော ကျေးရွာကြီးများသည် လူထုတွေ့ဆုံပွဲများဖြင့် ဖိတ်ကြားပြီး‌ ၁၈-၁-၂၀၂၀ ရက်နေ့တွင် တစ်ကြိမ်နှင့် ၁၉-၁-၂၀၂၀ရက်နေ့တွင် အင်ပင်ယဒင်နှင့်ကိုင်းကန်ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ မြို့နယ်မှ တာဝန်ရှိ သူများအားလုံး တက်ရောက်ခဲ့ကြပါကြောင်း၊ တောင်သူလယ်သမားများက မိုးခေါင်ပြီးဖြုတ်ပိုးကျသည့်အတွက် ၎င်းတို့ကျေးရွာရှိ စိုက်ဧက အများစုသည် တစ်ဧကကို စပါးတင်း ၃၀၊ ၄၀ ခန့်သာ ထွက်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ ကျပ်တည်းမည်ဖြစ်သည့်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများကို အတိုးနှုန်းသာဆပ်ပြီးချေးငွေအရင်းကို တစ်နှစ်တာမျှဆိုင်းငံ့ပေးစေလိုကြောင်း တင်ပြကြခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ ဒီပဲယင်းမြို့နယ်ရှိ တောင်သူလယ်သမားများသည် ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေများ များပြားနေကြောင်းနှင့် ချေးငွေကိုတာဝန်သိစွာ ပေးဆပ်ရန်ကို ရှင်းလင်းပြခဲ့ပါကြောင်း၊

၂၀၂၀မိုးစပါးစိုက်ပျိုးရာသီဖြစ်သည့်အတွက်တောင်သူများ စိုက်ပျိုးရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ပုံမှန်စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၁၅၀,၀၀၀ ထုတ်ချေးနေပြီဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းနိုင်ရန် တစ်ဧက ၅၀,၀၀၀ ကျပ်ကို ၁၀ ဧကအထိ ဖြည့်စွက်ချေးငွေအဖြစ် ထုတ်ချေး သည် ကိုတွေ့ရပါကြောင်း၊စိုက်ပျိုးရေးစရိတ်ချေးငွေကိုဆိုင်းငံ့ပေးရန်ဒီပဲယင်းမြို့နယ်တောင်သူလယ်သမားများမှတောင်းဆိုသည့်ကိစ္စသည်အချိန်ကာလအားဖြင့် တောင်သူများအနေ ဖြင့် အတိုးရှာပြီး ဘဏ်ချေးငွေကိုဆပ်သည့် အချိန်ဖြစ်ပါကြောင်း၊ ပြီးမှပြန်ထုတ်ယူရသည့် အချိန်ကာလဖြစ်ပါကြောင်း၊ ထို့ကြောင့်အတိုးနှုန်းကိုသာ ပြန်ဆပ်ပြီးချေးငွေကို ဆိုင်းငံ့ပေးရန် အစီအစဉ် ရှိမည်လားဟု မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ အကယ်၍ ချေးငွေကို ဆိုင်းငံ့ရန် မပြုလုပ်ခဲ့ပါက COVID-19 ကာလကူညီ ထောက်ပံ့ခြင်း၊ ချေးငွေဖြည့်စွက်ထုတ်ပေးခြင်းနှင့် ပုံမှန်ချေးငွေများကိုအခက်အခဲမရှိ ဆောင်ရွက်ပေးနေခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာမရှိပါကြောင်း၊ သို့သော် တချို့ကျေးရွာများတွင် တောင်သူလယ်သမားများ ကိုယ်တိုင်တာဝန်ရှိ ဝန်ထမ်းများနှင့်အပြိုင်စာရင်းပြုစုထားသည့် အမှန်တကယ် လုံးဝပျက်စီးသွားသည့် တံစဉ်လွတ်သွားသည့် လယ်ဧက ၇၀၀ ကျော်အတွက် တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ နိုင်ငံတော်အစိုးရကကူညီထောက်ပံ့ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပေးခဲ့သည့် ချေးငွေများကို သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ မကာကွယ် မတားဆီးနိုင်သည့် အကြောင်းကြောင့်ဖြစ်စေ အချိန်မှန် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက ချေးငွေပြန်လည် ပေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းပေးပါရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ နည်းဥပဒေ ၃၀ အရ ငွေချေးယူသူက မြို့နယ်ဘဏ်ခွဲ မန်နေဂျာထံ လျှောက်ထားနိုင်ပါကြောင်း၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာမှ စိစစ်ပြီး သဘောထား မှတ်ချက်နှင့်အတူ မြို့နယ်ချေးငွေလုပ်ငန်း အကြံပေးအဖွဲ့ထံ တင်ပြခြင်း၊ မြို့နယ်ချေးငွေလုပ်ငန်း အကြံပေးအဖွဲ့မှ ပြည်နယ်/တိုင်းဒေသကြီးချေးငွေအကြံပေး အဖွဲ့ထံသို့ စိစစ်တင်ပြခြင်း၊ ပြည်နယ်/ တိုင်းဒေသကြီး ချေးငွေအကြံပေးအဖွဲ့မှ သဘောထားမှတ်ချက်နှင့်အတူ ဘဏ်ရုံးချုပ်သို့ ဆက်လက်ပေးပို့ရမည် ဖြစ်ပြီး ဘဏ်ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးစိစစ်၍ ချေးငွေပေးဆပ်ရမည့် ရက်ကို ရွှေ့ဆိုင်း ခွင့်ပြုနိုင်ပါကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေနှစ်ဆိုင်း ပေးဆပ်ခွင့်စည်းကမ်းချက်များသည် သီးနှံပျက်စီး ဆုတ်ယုတ်မှုသည် ပုံမှန်သီးနှံအထွက်၏ သုံးပုံတစ်ပုံ ထက်နည်းလျှင် နှစ်ဆိုင်းခွင့်မပြုဘဲ သီးနှံပျက်စီးဆုတ်ယုတ်မှုသည် ပုံမှန်သီးနှံအထွက်၏ သုံးပုံတစ်ပုံနှင့် ၎င်းထက်များမှသာ ချေးငွေအရင်းကို နှစ်ဆိုင်းပေးရန်၊ မူလစာချုပ်ပါ နောက်ဆုံးပေးဆပ်ရန် သတ်မှတ်သည့်ရက်အထိ ကျသင့်အတိုးကို လက်ငင်းပေးဆပ်ရန်၊ စာချုပ်နောက်ဆုံးရက်၏ နောက်တစ်ရက်မှ အရင်းပေးဆပ်သည့် နေ့အထိ ကျသင့်အတိုးကို ရှေ့နှစ်သီးနှံပေါ်ချိန်တွင် ဆက်လက်ပေးဆပ်ရန်၊ နှစ်ဆိုင်း ခွင့်ပြုအရင်းငွေအပေါ် ဒဏ်တိုးတွက်ချက်ကောက်ခံခြင်း မပြုရန်ဟုပါရှိပါကြောင်း၊

နည်းဥပဒေ ၃၀ ပါအတိုင်း ချေးငွေပြန်လည်ပေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းခွင့်ပြုလျှင် ဘဏ်ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ဘဏ်ခွဲသည် ငွေချေးယူသူကို ချေးငွေအသစ်ကို ထုတ်ပေးနိုင်ပါကြောင်း၊ သို့ရာတွင် ရှေ့လာမည့် သီးနှံပေါ်ချိန်၌ ယခုနှစ်ဆိုင်း ခွင့်ပြုငွေရင်းနှင့်တကွ ကျသင့်အတိုး၊ ထပ်မံထုတ်ချေးမည့် ချေးငွေအသစ်များကို တစ်လုံးတည်းပြေကျေအောင်ပေးဆပ်ရန် ခံဝန်ချုပ်ချုပ်ဆိုပြီးမှ ချေးငွေသစ်ထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့နှစ်ဆိုင်း ပေးဆပ်ခွင့်ပြုရန် တင်ပြခြင်းများကိုလည်း ယေဘုယျအားဖြင့် တင်ပြရမည်မဟုတ်ကြောင်းနှင့် တိကျခိုင်မာသည့် ကိန်းဂဏန်း အချက်အလက်များနှင့်အတူ သီးနှံအမှန်တကယ် ပျက်စီးကြောင်း၊ မြို့နယ်မှ ကွင်းဆင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး မြို့နယ်ချေးငွေအကြံပေးအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ စသည်ဖြင့် အဆင့်ဆင့် စိစစ်တင်ပြ၍ ဘဏ်ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ နှစ်ဆိုင်းခွင့်ပြုနိုင်ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ၅-၃-၂၀၂၀ ရက်နေ့အထိ ပေးဆပ်ရန် အချိန်စေ့ရောက်ပြီး တောင်သူလယ်သမားများက ပေးဆပ်ခြင်း မပြုသေးသည့် ၂၀၁၂ ခုနှစ် မိုးချေးငွေမှ ၂၀၁၉ ခုနှစ် မိုးကြိုချေးငွေအထိ ကြွေးကျန်များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျပ် ၂၉၄.၂၀ ဘီလီယံ ရှိနေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်သည် ကျပ် ၁.၄၈ ဘီလီယံ ကျန်ရှိပါကြောင်း၊ အဆိုပါ အချိန်စေ့ ကြွေးကျန်များအပြင် ဒီပဲယင်းမြို့နယ်မှ ထပ်မံ ထုတ်ချေးထားသည့်၂၀၁၉ ခုနှစ် မိုးနှင့် ဆောင်း ချေးငွေများတွင် ကျပ် ၁၃.၈၀ ဘီလီယံ ပေးဆပ်ရန် ကျန်ရှိပါကြောင်း၊ ဒီပဲယင်းမြို့နယ်၏ ကြွေးကျန် စုစုပေါင်းသည် ကျပ် ၁၅.၂၈ ဘီလီယံ ဖြစ်ပါကြောင်း၊ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် မေးမြန်းထားသည့် အကြောင်းအရာ ဖော်ပြချက်တွင်ပါရှိသည့် ကျေးရွာအုပ်စု ခြောက်အုပ်စု၏ ၂၀၁၉ ခုနှစ် မိုးချေးငွေ ပမာဏသည် ကျပ် ၁၇၅၉.၉ သန်းဖြစ်ပြီး ၅-၃-၂၀၂၀ ရက်နေ့အထိ ၂၀၁၉ ခုနှစ် မိုးချေးငွေအပေါ်မှ ကောက်ခံရရှိမှုသည် ၀.၇၈ ရာခိုင်နှုန်းသာ ရရှိသည့်အတွက် ပေးဆပ်ရန်များစွာ ကျန်ရှိနေသည့် အနေအထားကို တွေ့ရှိရပါကြောင်း၊

တောင်သူများထံသို့ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် စပါးအတွက် မိုးရာသီ ချေးငွေသည် ပမာဏအများဆုံး အဓိကချေးငွေ ဖြစ်ပါကြောင်း၊ နှစ်စဉ်မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပြီး နောင်နှစ်ဧပြီလ ၁၅ရက်နေ့နောက်ဆုံးထားပြီး ပေးဆပ်ရန်သတ်မှတ်ထားပါကြောင်း၊ ဧပြီလ၁၅ရက်နေ့တွင် အကြောင်းကြောင်းကြောင့် အချိန်မီပေးဆပ်နိုင်ခြင်းမရှိသည့် တောင်သူအချို့သည် ကျော်လွန်သည့်ကာလအတွက် ဒဏ်တိုးပေးပြီး ချေးငွေထုတ်ချေးသည့်ကာလ မေလမှစက်တင်ဘာလအတွင်း ပြန်လည်ပေးဆပ်မည်ဆိုပါက ချေးငွေသစ်ကို ထုတ်ချေးခွင့် ရှိပါကြောင်း၊ အကယ်၍ မိုးချေးငွေ ထုတ်ချေးသည့် စက်တင်ဘာလ ကုန်နောက်ပိုင်းကျမှ ပေးဆပ်မည်ဆိုပါက မိုးချေးငွေအသစ် ရယူခွင့် ဆုံးရှုံးမည်ဖြစ်ပြီး နောင်နှစ်မှသာ မိုးချေးငွေအသစ်ကို ထုတ်ယူခွင့်ရှိမည် ဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှ အရင်း၊ အတိုးဆိုင်းငံ့ ခွင့်ပြုရန် တင်ပြ တောင်းဆိုမှုများကို လိုက်လျောခွင့်ပြုမည်ဆိုပါက နိုင်ငံတော်သည် ချေးငွေအသစ်များ ထပ်မံထုတ်ချေးပေးနိုင်ရန် ရန်ပုံငွေ အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ကြနိုင်ပါကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ဥပဒေနှင့်အညီ တောင်သူ လယ်သမားများ၏ ချေးငွေပေးဆပ်မှု အခက်အခဲများကို ဂရုပြုစိစစ်ပြီး စောင့်ဆိုင်း ကောက်ခံရန်လိုအပ်ပါက စောင့်ဆိုင်းကောက်ခံ ပေးလျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။

ဦးဝင်းမြင့်အောင်(ဒီပဲယင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ချေးငွေကို ချေးငွေများ ပြန်မရသည့်အတွက် ပြည်သူလူထုကပြန်မဆပ်နိုင်ကြောင်း၊ လယ်သမားတို့မှ ပြန်မဆပ်နိုင်သည့်အတွက် ဆိုင်းငံ့နိုင်ရန် အခြေအနေသည် မရှိဘူးဆိုပါက တကယ်ပျက်စီးသွားသည့်များကိုတောင်သူလယ်သမားများ၏အခွင့်အရေး၊ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရနိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့နိုင်ရန် အတွက်တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် အမှန်တကယ် ပျက်စီးသွားသည့် မိမိဒေသမှ ဖြုတ်ပိုးကျသည့် ဧကသည် ၇၀၀ ကျော်သာ ရှိပါကြောင်း၊ ၎င်းကို မိမိတို့ သေသေချာချာ လိုက်ပြီးလေ့လာကြည့်ပါကြောင်း၊ တောင်သူလယ်သမားများများသည် ၎င်းတို့ ကိုယ်တိုင်ဝန်ထမ်းများနှင့် ပူးပေါင်းပြီး၊ တချို့သည်ယှဉ်ပြိုင်ပြီး သေသေချာချာ စာရင်းကောက်ယူပြီးမှ တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ၎င်းအတွက် ကူညီ ထောက်ပံ့မှု ရနိုင်/မရနိုင်ကို မေးထားပါကြောင်း ၎င်းကို ဖြေကြားပေးစေခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

မိမိတို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် မိမိ ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ပေးပြီး နှစ်စဉ် ပုံမှန်သီးနှံပေါ်သည့် အချိန်တွင် ပြန်လည်ကောက်ခံပြီး လည်ပတ်နေစေရန် ထုတ်ချေး ကောက်ခံ ဆောင်ရွက်နေသည့် အပိုင်း ဖြစ်ပါကြောင်း၊ ပျက်စီးမှုများနှင့် ပတ်သက်ပြီး ဥပဒေတွင် တင်ပြထားသည့်အတိုင်း အဆင့်ဆင့်စိစစ်ပြီး ဘုတ်အဖွဲ့က စဉ်းစားပေးနိုင်ပါကြောင်း၊ ၎င်းသည် ချေးငွေကို ရွှေ့ဆိုင်းပေးရန် ကိစ္စ ဖြစ်ပါကြောင်း၊ ရွှေ့ဆိုင်းပေးရန်ကိစ္စတွင် အတိုးကို သွင်းခိုင်းပြီး အရင်းကို ဆိုင်းပေးခြင်းနှင့် လက်ရှိတွင် မိမိတို့ တက်နိုင်သမျှ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် လယ်သမား၏ အခြေအနေအပေါ်တွင် မူတည်ပြီး၊ စောင့်ဆိုင်းပြီး ကောက်ခံပေးလျက် ရှိပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ ထောက်ပံ့ ပေးရမည့် ကိစ္စများကို မိမိတို့ တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ် စောင့်ရှောက်‌ရေးဖွဲ့စည်းထားသည့် ဗဟိုကော်မတီ အဖွဲ့အစည်းများမှတစ်ဆင့် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။