Skip to main content

ပန်ဆောင်မြို့ ပြည်သူများ၏ နေ့စဉ်သောက်သုံးရေ ရှားပါးမှုအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးရန် လွှတ်တော်ထဲနှင့်နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၏ ခရီးစဉ်များတွင် အကြိမ်ကြိမ်တင်ပြတောင်းခံခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ ပန်ဆောင်မြို့ပေါ်ပြည်သူများအတွက် သောက်သုံးရေရရှိရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်မှု မရှိသည်ကိုတွေ့မြင်နေရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်ပြီး ပြုလုပ်သည့် အစည်းအဝေးတွင် ဒုံဟီးမြို့ပေါ်နှင့် ပန်ဆောင်မြို့ပေါ် ပြည်သူများအတွက် အဓိက လိုအပ်ချက်တစ်ခု အပါအဝင်ဖြစ်သည့် သောက်သုံးရေ ရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တင်ပြခဲ့သည့်အပေါ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရေရရှိရေးသည် အရေးကြီးဆုံးဖြစ်ပြီး ဦးစားပေး ဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်ကို ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘောထားမှတ်ချက်နှင့် ဒုံဟီးမြို့ပေါ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်နှင့် မြို့စည်ပင်က တာဝန်ယူပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

သို့သော်၎င်းအစီအမံကို မည်သည့်ပုံစံဖြင့် မည်သူတို့ကဆောင်ရွက်သည်ကို မိမိတို့ မသိရပါကြောင်း၊ ပြီးသွားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ၎င်းရေကန်သည် ရေမရှိပါ ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ပန်ဆောင်မြို့ပေါ် သောက်သုံးရေရရှိရေးအတွက် ဘတ်ဂျက်ပါလာသည်ကို တွေ့ရသည့်အတွက် ဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း၊ ဝမ်းသာပါကြောင်း၊ ပန်ဆောင်မြို့ အနီးတစ်ဝိုက်တွင် ရာသီမရွေး မခမ်းနိုင်သည့် ရေအရင်းအမြစ် ကောင်းသည့် ချောင်းများ ရှိပါကြောင်း၊ စနစ်တကျ ကွင်းဆင်းတိုင်းတာတွက်ချက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့ ပန်ဆောင်မြို့ပေါ် ပြည်သူများအတွက် သောက်သုံးရေ လုံလုံလောက်လောက် ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပန်ဆောင်မြို့ပေါ် ပြည်သူများ ကြုံတွေ့နေရသည့် ‌သောက်သုံးရေ ရှားပါးမှု အခက်အခဲကို အမှန်တစ်ကယ် မြေပြင်တွင် ထိထိရောက်ရောက် အကျိုးပြုနိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အစီအမံကို သိရှိလိုသည့်အတွက်  မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ပေါ် သောက်သုံးရေ ရရှိရေးနှင့်ပတ်သက်ပြီး ၂၁-၅-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှမှ ပန်ဆောင်မြို့ပေါ် ပြည်သူလူထုများ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရန် ဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ သိရှိလိုခြင်း မေးခွန်းအပေါ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ပန်ဆောင်မြို့ သောက်သုံးရေ ရရှိရေးလုပ်ငန်းအတွက် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စိစစ်ထောက်ခံမှုအပေါ် အခြေခံ၍ နောင်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေ လျာထားပေးသွားမည် ဖြစ်ပါကြောင်းကို မိမိတို့ ရှင်းလင်းဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊

၂၇-၈-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံး ဖြတ်ချက်အရ ပန်ဆောင်မြို့သောက်သုံးရေ ရရှိရေးအတွက် လိုအပ်မည့် ရန်ပုံငွေအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွင် လျာထား ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပန်ဆောင်မြို့သို့ လျှပ်စစ်မီး ပေးဝေနိုင်ခြင်း မရှိသေးမီ ဒီဇယ်အင်ဂျင် အသုံးပြု၍ ရေဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သင့်ပါကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြံပြု တင်ပြခဲ့ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာနသည် ပန်ဆောင်မြို့ ပြည်သူလူထု သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သုံးလက်မ ပိုက်ဖြင့် ရေသွယ်တန်းခြင်း လေးမိုင်၊ နှစ်လက်မပိုက်ဖြင့် ရေသွယ်တန်းခြင်း (၁/၄) မိုင် စုစုပေါင်း (၅/၄) မိုင်ရေသွယ်တန်းခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ အင်ဂျင်နှင့် ပန့် တပ်ဆင်ခြင်း၊ ဂါလန် နှစ်သောင်းဆံ့ ရေကန် လေး ကန် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေမှ ငွေကျပ် ၁၀၇.၉၅၀ သန်းဖြင့် အဆိုပြုလျာထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။