Skip to main content

(က)-မိဘမဲ့နှင့်စွန့်ပစ်ခံကလေးသူငယ်များအတွက် ဖွင့်လှစ်တည်ထောင်ထားသောဂေဟာများကိုဥပဒေနှင့်အညီစနစ်တကျ ဖွဲ့စည်းတည်ထောင်နိုင်ရေး၊ ပြုစုထိန်းသိမ်းထားသောကလေးသူငယ်များကို စနစ်တကျမှတ်တမ်းစာရင်းသွင်းထိန်းသိမ်းနိုင်ရေးနှင့် မွေးစာရင်းထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာများတွင်ရှိသော ကလေးသူငယ်များပညာသင်ကြားမှု၊ ဘဝရပ်တည်နိုင်ရေးကူညီ ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာကို အကြောင်းပြပြီး ကလေးသူငယ်များအပေါ် အမြတ်ထုတ်ဆောင်ရွက် နေမှုများရှိ/မရှိကို စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ကလေးသူငယ်များနှင့်ပတ်သက် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၉/၁၉၉၃) ပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွင် အခန်း(၁၉)ခန်းနှင့် ဥပဒေပုဒ်မ ၇၅ ခု ပါဝင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခေတ်ကာလနှင့် ညီစေရန် ကလေးသူငယ်ဥပဒေကြမ်းကို အခန်းပေါင်း(၃၀)နှင့် ဥပဒေပုဒ်မ ၁၁၇ ခု ပြင်ဆင်ရေးဆွဲ ခဲ့ပါကြောင်း၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဘရင်ခွင် အောက်တွင်နေထိုင်ရသည့် ကလေးသူငယ်များသည် မိဘမေတ္တာနှင့်နွေးထွေးမှုကို ရနိုင်ကြသော်လည်း သဘာဝဘေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် မိဘများသေဆုံးကုန်ပြီးဖြစ်သည့် ဆွေမဲ့မျိုးမဲ့များအနေနှင့် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရသည့်ကလေးသူငယ်များအတွက် ဘဝအသက် ရှင်သန်နိုင်ရေး၊ ဘဝရပ်တည်နိုင်ရေး၊ဘဝအာမခံချက်ရှိရေးနှင့်လူ့အခွင့်အရေးအပြည့်အဝရရှိနိုင်ရန်အရမ်းခက်ခဲပါကြောင်း၊ ထိုကဲ့သို့အခြေအနေများတွင် နိုင်ငံတော်အနေဖြင့် ၎င်းကလေးသူငယ် အားလုံးကို ပြုစုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မလွယ်ပါကြောင်း၊ နိုင်ငံတော်က တည်ထောင်ထားသည့် ကလေးပြုစု ထိန်းသိမ်းရေးဂေဟာများ၊ သင်တန်းကျောင်းများရှိသလို လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များကလည်း နိုင်ငံအနှံ့ကလေး သူငယ်ပြုစုထိန်းသိမ်း ရေးဂေဟာများ ဖွင့်လှစ်ပြီး ကလေးသူငယ်များကို လက်ခံထိန်းသိမ်း ကူညီစောင့်ရှောက်ပေးနေပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် တကယ့်စိတ်ရင်းမှန်နှင့် မှန်မှန်ကန်ကန်ဆောင်ရွက် ပေးမှုများရှိသကဲ့သို့ အချို့မှာ အကျိုးလို၍ ညောင်ရေလောင်း သည့်အနေဖြင့် ဒုက္ခရောက်နေသော မသိနားမလည်သည့် ကလေးသူငယ်များကို အရင်းအနှီးပြုပြီး မမှန်မကန်လုပ်ခြင်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းများ လုပ်နိုင်သည့် အခြေအနေများအပြင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ အသက် အန္တရာယ်များ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ လိင်အမြတ်ထုတ်မှု စသည့် လူ့အခွင့်အရေးဆုံးရှုံးပြီး လူလုံးမလှသည့်ဘဝအခြေအနေများလည်း ကြုံတွေ့လာနိုင်သည့် အနေအထားမျိုး တွေ့နေရပါကြောင်း။

ရင်ခွင်မဲ့ကလေးသူငယ်များသည် လူဖြစ်လာသည်နှင့် နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်ရှိသည့် မွေးစာရင်း မှတ်ပုံတင်ခြင်းဆိုင်ရာအခွင့်အရေး၊ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက် ပိုင်ခွင့်၊ မသင်မနေရအခမဲ့ပညာသင်ကြားနိုင်ခွင့်၊ အသက်အရွယ်အလိုက် အလုပ်အကိုင်နှင့် ဘဝရပ်တည်နိုင်မှုအခွင့်အရေးအပြည့်အဝရနိုင်ရန်ခက်ခဲပြီး မတရားအနိုင်ကျင့်၊ အနိုင်အထက် ပြုခံရမှု၊ လိင်မှုဆိုင်ရာမတရားအနိုင်ကျင့်ခံရမှုစသည့် အန္တရာယ် အများဆုံးကြုံတွေ့နိုင်သည့် အနေ အထားရှိနေပါကြောင်း၊ ပြင်ပလူမှုရေးအဖွဲ့များ၊ ဘာသာရေးအဖွဲ့များမှ တကယ့်စေတနာမှန်နှင့် ဆောင်ရွက်နေကြသည့်ဂေဟာများတွင် အလှူရှင်များ၏ ငွေဖြင့် ရပ်တည်၍ ပြုစုထိန်းသိမ်းထားသည့် ကလေးအရေအတွက်များလာသည်နှင့်အမျှ မနိုင်ဝန် ထမ်းရခြင်းမျိုး ကြုံတွေ့နိုင်၍ ကလေးသူငယ် များ၏စားဝတ်နေရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စသည်တို့ကို စနစ်တကျပြည့်ပြည့်ဝဝဖြည့်ဆည်းရန် ခက်ခဲလာသည်ကို ကြားသိရပါကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသား အဆင့်မဟာဗျူဟာကို အမိန့်ကြော်ငြာစာအမှတ်(၇/၂၀၁၄)နှင့် လူ့သက်တမ်းနယ်ပယ်လေးရပ်ကို လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ပြီး ဆောင်ရွက်ရာတွင် ကလေးသူငယ်များအတွက် အသက်နှစ်နှစ်‌ အောက်ထောက်ပံ့ရန်၊ အသက်သုံးနှစ်မှ အသက် ၁၅ နှစ်အထိ ထောက်ပံ့ရန်နှင့် ကျောင်းတွင်အာဟာရ တိုက်ကျွေးရေး ပါဝင်သည်ကို တွေ့ရပါကြောင်း၊ မိဘမဲ့စွန့်ပစ်ခံကလေးသူငယ်များအတွက် လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများက ဖွင့်လှစ်တည်ထောင်ထားသည့် ဂေဟာများကို ဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်းတည်ထောင် နိုင်ရေး၊ ပြုစုထိန်းသိမ်း ထားသညကလေးသူငယ်များကို စနစ်တကျမှတ်တမ်း စာရင်းသွင်းထိန်းသိမ်း နိုင်ရေးနှင့် မွေးစာရင်းထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေး နိုင်မှု၊ ၁၉၈၂ ခုနှစ်၊ နိုင်ငံတော်ဥပဒေနှင့်အညီ အသက် ၁၀ နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားကတ် ရရှိအောင်ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာတွေကို နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု၊ အာဟာရနှင့် ထောက်ပံ့များ ထောက်ပံ့ပေးနိုင်မှု၊ ဂေဟာများရှိ ကလေးသူငယ် ပညာသင်ကြားမှုနှင့် ဘဝရပ်တည်နိုင်ရေးအတွက် ဆောင်ရွက် ပေးနိုင်မှုနှင့် ဂေဟာကို အကြောင်းပြပြီး ကလေးသူငယ်များ ကို အမြတ်ထုတ်နေမှု၊ မမှန်မကန် ဆောင်ရွက်နေမှုများရှိ/မရှိ၊ ဖော်ထုတ်အရေးယူနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးစိုးအောင်

မိဘမဲ့နှင့် စွန့်ပစ်ခံကလေးသူငယ်များအတွက် လူမှုရေးအသင့်အဖွဲ့များ၊ ဘာသာရေးအသင်း အဖွဲ့အစည်းများက ဖွင့်လှစ်တည်ထောင်ထားသည့်ဂေဟာများကို ဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်း တည်ထောင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းချက်နှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉ ခုနှစ်) အခန်း(၂၇) ပုဒ်မ ၁၀၁ ပုဒ်မခွဲ(က)တွင် တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေး ဂေဟာတစ်ခုခုကို တည်ထောင်ဖွင့်လှစ်လျှင် ထိုသူကို ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရဟိတနှင့် ယာယီ စောင့်ရှောက်ရေးဂေဟာများသည် တည်ထောင်ခွင့်ပြုမိန့် စနစ်တကျလျှောက်ထားတင်ပြနိုင်ရေး အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပရဟိဟဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာထုတ်ပြန်ပြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် လက်ရှိမှတ်ပုံတင်ထားသည့် ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများကို၊ တည်ထောင်ခွင့်ပြုမိန့်လုံးဝလျှောက်ထားခြင်းမရှိသေးသော ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများအားလုံးအနေဖြင့် ခြောက်လအတွင်း တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည်လျှောက်ထားရန် မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချိန်ကာလအားဖြင့် ခြောက်လသတ်မှတ်ပြီး လုပ်ငန်းအစီအစဉ်များကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကိုးခုမှ ဂေဟာ စုစုပေါင်း ၂၄၅ ခုကို ကနဦးစာရင်းရရှိထားပြီး ဖြစ်ပါကြောင်း၊ လတ်တလော COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း လုပ်ငန်းအစီအစဉ်များ အကန့်အသတ်နှင့်ဆောင်ရွက်လျက်ရှိပြီး COVID-19 ရောဂါထိန်းချုပ်နိုင်မှုအခြေအနေအပေါ်တွင်မူတည်ပြီး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သတ်မှတ်ကာလထက် ကျော်လွန်ပြီး ဆောင်ရွက်ရမည့် အခြေအနေရှိပါကြောင်း။

ထို့နောက် ဂေဟာများတွင် ပြုစုထိန်းသိမ်းထားသော ကလေးသူငယ်များကို စနစ်တကျ မှတ်တမ်းစာရင်းသွင်းထိန်းသိမ်းနိုင်ရေးနှင့် မွေးစာရင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက် ပေးနိုင်မှုနှင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်အညီ အသက် ၁၀ နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားကတ်ရရှိရန် ဆောင်ရွက်ပေးနိုင်မှုနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေး သင်တန်းကျောင်း၊ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်ထားသော ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများမှ မိဘမဲ့ ကလေးတွေကို အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)နှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးလျက်ရှိရာတွင် မိဘအချက်အလက် များမသိရှိသော်လည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၅ တွင် တိုင်းရင်းသား တိုင်းရင်းသူသော်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း၊ မွေးရာပါနိုင်ငံသားဖြစ်သည်ဟု ဖော်ပြထားသည့်အတွက် ဖြေလျှော့နည်းလမ်းအရ ဖွဲ့စည်းပေးထား သည့် မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းစိစစ်ကြီးကြပ်ရေး အဖွဲ့ဖြင့် ဆုံးဖြတ် ၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၃၇၀ ခုနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၂၂ ခုတို့ကို ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာများ ကို နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးနိုင်မှု နှင့်စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များအတွက် အာဟာရ စောင့်ရှောက်မှု လုပ်ငန်းများကို နိုင်ငံတစ်ဝန်းလုံးတွင် အခြေခံကျန်းမာရေး ပညာရှင်များမှတစ်ဆင့် အဓိက ဆောင်ရွက်ပေးခြင်း၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများသို့ ကလေး ပြုစုရေး ဂေဟာများမှ လွှဲပြောင်းလာသောလူနာများအပြင် ကွင်းဆင်းကုသရေး ခရီးစဉ် များ တွင် အခါအားလျော်စွာ သွားရောက်ကုသပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေးဆေးရုံများတွင် စွန့်ပစ်ခဲ့သော ကလေးသူငယ်များကို လိုအပ်သောဆေးကုသမှု၊ ကာကွယ်ဆေးထိုးနှံမှု၊ အာဟာရပိုင်းတည်ဆောက် ခြင်းဆိုင်ရာဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပံ့ပိုးပေးကာ လူမှုရေးပိုင်းဆိုင်ရာကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးလျက်ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကလေးပြုစုရေးဌာနများသို့ ကုသရေးဦးစီးဌာနများနှင့် ရပ်ရွာ အဖွဲ့အစည်းများမှ ပေးပို့လာသည့်စွန့်ပစ်ကလေးစုစုပေါင်း ၆၂၅ ဦးကို လက်ခံစောင့်ရှောက်ပေး လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ပရဟိတ ဂေဟာ များသို့ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှ တာဝန်ရှိသူများက စစ်ဆေးခြင်းနှင့် ဦးစီးဌာန(ရုံးချုပ်)မှ စိစစ်ခြင်းတို့ကို ဆောင်ရွက်ပြီး စည်းကမ်းချက်များ နှင့်ကိုက်ညီသည့် ပရဟိတဂေဟာများကို သတ်မှတ်အဆင့်အလိုက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

ဂေဟာများတွင်ရှိသော ကလေးသူငယ်များ ပညာသင်ကြားမှုနှင့် ဘဝရပ်တည်နိုင်ရေး ကူညီ ဆောင်ရွက်ပေးနိုင်မှုနှင့်စပ်လျဉ်းပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် မိဘမဲ့နှင့် စွန့်ပစ်ခံကလေးသူငယ်များအတွက် ကလေးပြုစုရေးဌာန ခုနစ်ခုကို ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်များ အတွက် လူငယ်နှင့် အမျိုးသမီး၊ ကလေးသူငယ်သင်တန်းကျောင်း ၁၁ ကျောင်းဖွင့်လှစ်ပြီး အတန်းပညာ၊ သက်မွေးပညာများ လေ့ကျင့်သင်ကြားပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက် ရှိသင်တန်းကျောင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားသည့် ပရဟိတ ဂေဟာများရှိ ကလေးများ၊ အခြေခံပညာကျောင်းများသို့ အပ်နှံပါက အခြေခံပညာ ဦးစီးဌာန အနေဖြင့်လည်း ပညာသင်ကြားမှုများကို ဆက်လက်ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဂေဟာကို အကြောင်းပြ၍ လေးသူငယ်များအပေါ် အမြတ်ထုတ်နေမှု၊ မတော်မမှန် ဆောင်ရွက်နေ မှုများရှိ/မရှိ၊ စစ်ဆေး ဖော်ထုတ်အရေးယူနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိရှိလိုခြင်း နှင့်ပတ်သက်၍ လိုအပ်ချက်များအရ ယာယီအုပ်ထိန်းရန်နှင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်များအတွက် သင်တန်း ကျောင်းများ၊ ပရဟိတဂေဟာများနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေ အခန်း(၆)တွင် ထည့်သွင်းပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ ပရဟိတဂေဟာများ ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် ကလေးသူငယ်များအပေါ် အမြတ်ထုတ်နေမှုများ တွေ့ရှိမှုအရလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနှင့် လူမှုကွန်ရက်များမှ တိုင်ကြားခြင်းများအရလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ စစ်ဆေးအကြံပြုချက်များ ပေးပို့လာမှုအရ လည်းကောင်း၊ နေပြည်တော် ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများက စစ်ဆေးပြီး ဥပဒေအရ အရေးယူခြင်းနှင့် သတင်းပေးတိုင်တန်းလာပါကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်းပြီး တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ထိုသို့ ဆောင်ရွက်ရာတွင် အချို့ဂေဟာများကို ဖျက်သိမ်းပြီး ကလေးသူငယ်များအား ယာယီလက်ခံ ဆောင်ရွက်စောင့်ရှောက်ပေးခြင်း၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခြင်း၊ လက်ခံ စောင့်ရှောက်လိုသော ပရဟိတဂေဟာ တစ်ခုခုတွင် ကလေးသူငယ်၏ဆန္ဒနှင့်အညီ အပ်နှံ၍ စောင့်ရှောက်စေခြင်း၊ ကျန်ကလေး သူငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဆက်လက်စောင့်ရှောက် ပေးခြင်းများ စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိတွင် ပရဟိတဂေဟာများနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများအားလုံးကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည် လျှောက်ထားရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဂေဟာရှိကလေး သူငယ်များ အတွက် နိုင်ငံသားစိစစ်ရေးကတ်များ စိစစ်ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့်အာဟာရပံ့ပိုးပေးခြင်း၊ တိုင်ကြားမှုများရှိပါက စိစစ်ဆောင်ရွက်ခြင်းတို့ကို နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နိုင်ငံတော်ကဖွင့်လှစ်သည့်ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာများနှင့်ပတ်သက်၍ပြည်နယ်/တိုင်း ဒေသကြီး အားလုံးတွင် တိုးချဲ့ ဖွင့်လှစ်ရန်အစီအစဉ် ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးစိုးအောင်

နိုင်ငံတော်မှရရှိသည့် ဘဏ္ဍာရန်ပုံငွေခွင့်ပြုချက်အပေါ် မူတည်၍ ဆောင်ရွက်ပေးနေသကဲ့သို့ သက်ဆိုင်ရာအလှူရှင်များ၏ကူညီပံ့ပိုးမှုများနှင့်လည်း ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ ယခု နေပြည်တော်ကောင်စီနယ်မြေတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအနေဖြင့် လှူဒါန်းထားသည့်အဆောက်အအုံ ရှိပြီး ၎င်းအဆောက် အအုံ တွင်လည်း မကြာခင် သုံးလ၊ လေးလ အတွင်း ပြီးစီးတော့မည် ဖြစ်ပါကြောင်း၊ ကလေးပြုစုရေးအတွက် မိဘမဲ့ကလေးများ၊ စွန့်ပစ်တဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်၍ တိုးချဲ့ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။