Skip to main content

ရွှေကုက္ကိုသည် မြဝတီမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မြန်မာ-ထိုင်းနယ်စပ်မျဉ်းဖြစ်သော သောင်ရင်းမြစ်ကမ်းတွင် တည်ရှိသောရွာဖြစ်ပါကြောင်း၊ ရွာဟုဆိုသော်လည်း နယ်ခြားစောင့်တပ် (BGF) အခြေချသည့်နေရာဖြစ်သည့်အတွက် စနစ်တကျ အကွက်ချ တည်ဆောက်ထားသည်ဖြစ်ရာ မြို့သမျှစည်ကားပါကြောင်း၊ ရွှေကုက္ကိုသို့ မဲဆန္ဒရှင်လူထုနှင့် တွေ့ဆုံပွဲများလုပ်ခဲ့သော်လည်း ယခင်က တရုတ်ဆောက်လုပ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို မတွေ့ခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ်ရောက်မှ တည်ဆောက်ရေးလုပ်ငန်းများကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ရွှေကုက္ကိုတွင် တရုတ် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာများကဖော်ပြထားသော Website များ တွင် Chinese Crime Networks Partner with Myanmar Arm Group by Jason Tower & Priscilla A.Clapp ရေးသားသည့်ဆောင်းပါးကို ဧရာဝတီသတင်းတွင် ဘာသာပြန်ဖော်ပြ ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ ဘာတေးလစ်တနာ၏ A Chinatown Mysteriously Emerges in backwoods Myanmar ၎င်းကိုလည်း The Voice သတင်းစာတွင် ဘာသာပြန်ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုအိမ်ရာစီမံကိန်းကို MIC ကခွင့်ပြုသည့်အကြောင်းကို ဘီဘီစီမြန်မာသတင်းတွင် ဖော်ပြသည်ကို တွေ့ရပါကြောင်း၊ ရွှေကုက္ကို လျှို့ဝှက်တရုတ်မြို့တော်ဆိုပြီး မဇ္ဈိမသတင်းဌာနတွင်လည်း ဆောင်းပါးရှင်ဦးဘတင်က ဖော်ပြထားသည်ကိုလည်း တွေ့ရပါကြောင်း၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ သောင်ရင်းမြစ်က နယ်ခြားမြစ်အဖြစ် ပိုင်းခြားထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြဝတီမှ ရွှေကုက္ကိုကို မြစ်ကြောင်းတစ်လျှောက်သွားနိုင်ကြောင်း၊ အနောက်ဘက်တွင် သင်္ကန်းညီနောင်-ဝှေ့ရှမ်း၊ မဲပလဲ၊ ထီးချားရားမှ ရွှေကုက္ကိုကိုသွားနိုင်သည့်လမ်း ဖြစ်ပါကြောင်း၊ ရွှေကုက္ကိုမှ သဲပုံ-ထီးချားရားကွန်ကရစ်လမ်းမကြီး ဖောက်လုပ်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ သဲပုံရွာ ဝမ်ခဟောင်း နဒီလင်းမြိုင်ရွာကို ကျောက်ချောလမ်းဖောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါ‌ကြောင်း၊ နဒီလင်းမြိုင်ရွာမှ မြဝတီမြို့ ရပ်ကွက်(၆)၊ ရပ်ကွက်(၇) ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့ မြဝတီရောက်ရန် မဲပလဲချောင်းကူးတံတားပြီးပါက မြဝတီမှ ရွှေကုက္ကိုကို နာရီပိုင်းအတွင်း ရောက်နိုင်မည် ဖြစ်ပါကြောင်း၊

၃-၆-၂၀၁၉ ရက်နေ့ BBC News Website တွင် ရွှေကုက္ကိုအိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုထားကြောင်းဖော်ပြသည်ကိုတွေ့ရမှသာ စီမံကိန်းအကြောင်းကို စတင်သိရှိရပါကြောင်း၊ (၁၃) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးအပြီး လူထုတွေ့ဆုံပွဲတွင် တရုတ်တည်ဆောက်ရေးလုပ်ငန်းများနှင့် ၎င်းတို့၏စိုးရိမ်မှုများကို မဲဆန္ဒရှင်ပြည်သူများက တင်ပြ လာပါကြောင်း၊ မြဝတီမြို့တွင်လည်း တရုတ်နှင့် ပြဿနာအချို့ရှိသည်ကို တွေ့ရပါကြောင်း၊ သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများက စီမံကိန်းလုပ်ငန်းများသည် အလွန်ကြီးမား များပြားသည်ကို တွေ့ရပါကြောင်း၊ သို့ပါ၍ မြဝတီမြို့နယ် ရွှေကုက္ကိုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို MIC ကခွင့်ပြုထားမှု အသေးစိတ်အခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် Myanmar Yatai International Holding Group Co.,Ltd. ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကွင်းအမှတ်-OSS-၆၉(ဃ)၊ ရွှေကုက္ကိုမြိုင်အပြင်ကွင်း ဦးပိုင်အမှတ်(၂) ပုလဲပူကျေးရွာအုပ်စုရှိ မြေဧရိယာ ၂၅.၅ ဧကအပေါ်တွင် အဆင့်မြင့် လူနေအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ခွင့်ပြုမိန့်အမှတ်(၀၉၉/၂၀၁၈)ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းတွင် အစုရှယ်ယာဝင်များအနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံမှ Mr.Tang Kriang Kai က ၆၇.၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jie က ၈.၀၈ ရာခိုင်နှုန်းနှင့် Mr.Chow Tiam Yu က ၄.၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြပါကြောင်း၊ ကုမ္ပဏီ၏မတည်ရင်းနှီးငွေရင်းပမာဏက အမေရိကန်ဒေါ်လာ ၂၂.၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု သက်တမ်းကာလက နှစ်ပေါင်း ၃၀ ဖြစ်ပါကြောင်း၊ မတည်ငွေရင်းပမာဏ ကျပ် ၃၅၉၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၆.၀၈ သန်း ထည့်ဝင်ထားပြီးဖြစ်ပါကြောင်း၊ တည်ဆောက်ရေးကာလက ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့အထိ စုစုပေါင်း ၃၆ လ ဖြစ်ပါကြောင်း၊

Myanmar Yatai International Holding Group Co.,Ltd အနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော မြေ ၆၂ ဧကအနက်မှ မြေ ၂၅.၅ ဧကအပေါ်တွင် အဆင့်မြင့်လူနေအိမ်ရာများ ဆောက်လုပ်မည့် စီမံကိန်းအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထို့နောက် Myanmar Yatai International Holding Group Co.,Ltd က မြေဧက ၂၅.၅ ဧကအပေါ်တွင် အဆင့်မြင့်လူနေ အိမ်ရာများဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အဆိုပြုလွှာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခဲ့ပါကြောင်း၊ ကော်မရှင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ထံမှ သဘောထားမှတ်ချက်များ တောင်းခံရယူခဲ့ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပါကြောင်း၊ စီမံကိန်းဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်းပြီး မိမိတို့စိစစ်နိုင်ရန် အတွက် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို စေလွှတ်ခဲ့ပါကြောင်း၊ ၎င်းအဖွဲ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ ပါဝင်ပြီးစိစစ်ခဲ့သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းကို စတင်တည်ဆောက်လျက်ရှိပြီး ပြည်တွင်း အလုပ်သမား ၃၄ ဦးနှင့် ပြည်ပအလုပ်သမား သုံးဦးခန့်အပ်ထားပြီးကြောင်း တွေ့ရှိခဲ့ရပါကြောင်း၊ ရေဆိုးသန့်စင်မှုစက်ရုံ Waste Water Treatment Plant ကို တည်ဆောက်လျက်ရှိပြီး မြစ်ကမ်း ထိန်းနံရံများတည်ဆောက်ရန် ဒီဇိုင်းရေးဆွဲကာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် နယ်ခြား ကော်မတီအစည်းအဝေးကို တင်ပြအတည်ပြုချက်ရယူရန် ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိ ခဲ့ရပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်စပ်လျဉ်းပြီး Scoping Report for Environmental Impact Assessment-(EIA) ကိုလည်း ရေးဆွဲလျက်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က အခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းထားသော ပစ္စည်းနှင့်စပ်လျဉ်းပြီး အသေးစိတ် စာရင်းထားရှိရန်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၆၊ ၁၉၇ တို့အရ လုပ်ငန်း ဆောင်ရွက်မှုများကို နှစ်စဉ်အစီရင်ခံစာနှင့် သုံးလပတ်အစီရင်ခံစာများ အစီရင်ခံတင်ပြသွားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် ကုမ္ပဏီကို မှာကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatai International Holding Group Co.,Ltd ကို Construction၊ Operation and Leasing of High-End Villas လုပ်ငန်း ဆောင်ရွက်ရန်အတွက် ခွင့်ပြုခဲ့သော ရွှေကုက္ကို အိမ်ရာစီမံကိန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၆၅ ပါ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဝတ္တရားများအပါအဝင် ဥပဒေအရလိုက်နာရမည့် စည်းကမ်းချက်များကို ဆောင်ရွက် ရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းနှင့် သွေဖည်ခြင်းတို့ကို စိစစ်တွေ့ရှိရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါ သည်။