Skip to main content

သစ်တောဦးစီးဌာန၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ(Facebook Page)များကို မြို့နယ် တစ်မြို့နယ်ချင်းစီအလိုက် သီးခြားစီခွဲခြားဆောင်ရွက်စေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသို့ အသိပေးသွားမည်ဆိုပါက နိုင်ငံတော်ကစီမံချမှတ်ဆောင်ရွက်နေသော မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ မိမိမြို့နယ်အတွင်း သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် စိုက်ပျိုးသောစိုက်ခင်းများ၊ အသုံးပြုဘဏ္ဍာရန်ပုံငွေ၊ ‌အောင်မြင် ဖြစ်ထွန်းမှုရှိ/မရှိစသည်များကို အများပြည်သူတို့အနေဖြင့် အလွယ်တကူလေ့လာသိရှိနိုင်ခြင်း၊ အောင်မြင်ဖြစ်ထွန်းသည့်စိုက်ခင်းများကို အတုယူစိုက်ပျိုးလုပ်ကိုင်လာနိုင်ခြင်း၊ သစ်ဖမ်းဆီးရရှိမှု အခြေအနေများကို တစ်မြို့နယ်ချင်းစီအလိုက် ထင်ရှားကွဲပြားစွာသိရှိနိုင်ခြင်း၊ သတင်းပေးတိုင်ကြား မှုများ ပိုမိုများပြားလာနိုင်ခြင်း၊ မြို့နယ်အတွင်း သစ်ခိုးထုတ်မှုများရှိသော်လည်း ဖမ်းဆီးမှုနည်းပါးပါ က သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာန၏ စွမ်းဆောင်ရည်ကို အကဲဖြတ်သုံးသပ်နိုင်ခြင်း၊ လူထုသို့ ဖြန့်ဝေသောပျိုးပင်များ နှစ်စဉ်ဖြန့်ဝေနိုင်မှုအခြေအနေများကိုလည်း ပြည်သူများကောင်းစွာ သိရှိနိုင်ခြင်း၊ ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်စေလိုခြင်း၊ အခမဲ့ဖြန့်ဝေတဲ့ပျိုးပင်များကို အခကြေးငွေ ရယူ ဆောင်ရွက်မှုများမဖြစ်စေလိုခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှုအခြေ အနေများ ကို ပြည်သူများအား တင်ပြပေးခြင်းအားဖြင့် စိုက်ပျိုးမြေချဲ့ထွင်မှုများ၊ မြေအသုံးချမှု ပုံစံ မှားယွင်းမှုများ၊  ပုံစံခွန်မှားယွင်းထုတ်ပေးမှုများ စသည့်မလိုလားအပ်သည့်ကိစ္စရပ်များ လျော့နည်း သွားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ သစ်တော ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သတင်းအချက်အလက်များကို ဌာန၏ တရားဝင်လူမှု ကွန်ရက်စာမျက်နှာ (Facebook Page)တွင် ဖော်ပြပေးနေရုံသာမက တစ်မြို့နယ်ချင်းစီအလိုက် သီးခြားစီခွဲခြား ‌ဆောင်ရွက်ပြီး ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွား စေလိုကြောင်း၊ ထို့ကြောင့် သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ဌာန၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ (Facebook Page)မှတစ်ဆင့် တစ်မြို့နယ်ချင်းစီ ပွင့်လင်းမြင်သာစွာ အသိပေးဖော်ပြသွားရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ      

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် Forest Resource Assessment(FRA 2015)အရ မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှုသည် ၄၂.၉၂ ရာခိုင်နှုန်းသာ ရှိပြီး ၎င်းအောက်ကို လျော့ကျသွားမှုမရှိစေရန်အတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း(MRRP)ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ရေးဆွဲပြီး ၁၀ နှစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုစီမံချက်(Green Environment Campaign)အရ မိုးရာသီတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ ပျိုးပင်များအခမဲ့ဖြန့်ဝေခြင်းနှင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျိုးပင်များဖြန့်ဝေခြင်းကို ပြည်သူများသိရှိပြီး ရယူနိုင်ရေးအတွက်လည်း မြို့နယ်သစ်တောဦးစီးဌာနများအနေနှင့် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၆၅ သန်းကျော်စိုက်ပျိုးခဲ့ပြီး ၎င်းအနက် ၂၉ သန်း ကျော်ကို ပြည်သူလူထုသို့ အခမဲ့ဖြန့်ဝေခြင်းနှင့်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်  မိုးရာသီတွင် ပျိုးပင်စုစုပေါင်း ၆၅.၁၇ သန်းစိုက်ပျိုးရန်လျာထားထားပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ပျိုးပင်စုစုပေါင်း ၁၂ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်ရမည့်အစီအစဉ်များကိုလည်း MRTV Channel များတွင် အများပြည်သူသိရှိနိုင်ရန် ထုတ်လွှင့်ပြသခဲ့ပါကြောင်း၊

သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို မြို့နယ်တစ်မြို့နယ်ချင်းအလိုက် လူမှုကွန်ရက်စာမျက်နှာ(Facebook Page) များတွင် ပြည်သူလူထုထံသို့ ပွင့်လင်းမြင်သာစွာ အသိပေးသွားနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ၊  တိုင်းဒေသကြီး/ပြည်နယ်သစ်တောဦးစီးဌာန များကိုလည်း ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပျိုးပင်ဖြန့်ဝေခြင်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် ဖော်ပြပေးလျက်ရှိပါကြောင်း၊

တရားမဝင်သစ်နှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ခိုးယူထုတ်လုပ်မှု လျော့နည်းပပျောက်ရေးအတွက် ဒေသခံပြည်သူလူထုများ လျှို့ဝှက်သတင်းပေးပြီး ပူးပေါင်းဆာင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ စတင်၍ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူထုအခြေပြုစောင့်ကြည့်သတင်းပို့စနစ် (CMRS)ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာမြို့နယ်တွေအလိုက် ဆက်သွယ်ရမည့် Hot Line ဖုန်းနံပါတ် များကိုလည်း လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းမီဒီယာများတွင် ကြေညာထားပေးသည့်အပြင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရရှိမှုများကိုလည်း သစ်တောဦးစီးဌာန Website နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ Facebook Page များတွင် ၂၀၁၃ ခုနှစ်က စတင်ပြီး အချိန်နှင့် တစ်ပြေးညီ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုမြို့နယ်တစ်မြို့နယ်ချင်း အလိုက် လူမှုကွန်ရက်စာမျက်နှာ(Facebook Page‌)များတွင် ပွင့်လင်းမြင်သာစွာအသိပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားမဝင်သစ်နှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ခိုးယူထုတ်ယူခြင်းကို လျှို့ဝှက်သတင်းပေး ဆက်သွယ်ဆောင်ရွက်နိုင်မည့် မြို့နယ်အလိုက် Hot Line ဖုန်းနံပါတ်များကိုလည်း လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများတွင် ကြေညာခြင်း၊ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ ဖမ်းဆီးရမိမှုများကိုလည်း Facebook Page နှင့် Website များတွင် ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေးခြင်းများ ဆောင်ရွက်ထားရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။