Skip to main content

သစ်အရောင်းစက် အမှတ်(၁၂၁)သည် ယခင်ကကျွန်းလှမြို့နယ်၊ ချက်တင်း ကျေးရွာတွင် လုပ်ကိုင်နေခြင်းဖြစ်ပါကြောင်း၊ ၁၈-၄-၂၀၀၂ ရက်စွဲဖြင့် မြန်မာ့သစ်လုပ်ငန်းအရောင်းစက် ဌာနကို လက်ထောက်အထွေထွေမန်နေဂျာက ဝန်သိုမြို့နယ်တွင် ပြောင်းရွှေ့လုပ်ကိုင်လိုကြောင်း မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တင်ပြခဲ့ပါကြောင်း၊ မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကန့်ကွက်ရန်မရှိကြောင်းနှင့် ၉-၅-၂၀၀၂ ရက်နေ့တွင် ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို လမ်းညွှန်မှုခံယူသည့် စာထွက်ခဲ့ပါကြောင်း၊ ယင်းအချိန်မှ စတင်၍ အဆိုပါသစ်ရောင်းစက်ကို စတင်လည်ပတ်ပြီးလုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြေစာရင်း ဌာန မြေပုံထုတ်ပေးရန် ၁၀-၅-၂၀၀၂ ရက်နေ့တွင် ၅.၃ ဧက တစ်ကြိမ်၊ ၁၉-၃-၂၀၀၃ ရက်နေ့တွင် ၄.၈၆ ဧကဖြင့်တစ်ကြိမ်၊ ၂၅-၆-၂၀၀၇ ရက်နေ့တွင် ၄.၀၆ ဧက ဖြင့်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်မြေစာရင်းမြေပုံထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ယခုနောက်ဆုံးအနေဖြင့် ၁၃-၇-၂၀၁၅ ရက်နေ့တွင် တိုင်းမြေစာရင်းက ၄.၀၆ ဧကကို မြေပုံရေးကူးခွင့် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စတွင် ပထမအကြိမ် ထုတ်ပေးခဲ့သည်မှာ ၅.၃ ဧကဖြစ်ပြီး နောက်ဆုံးထုတ်ပေးခဲ့သည်က ၄.၀၆ ဧကဖြစ်ပြီး  အနည်းငယ်ကွာခြားနေပါကြောင်းနှင့် ယင်းသို့ကွာခြားနေသည်မှာ ယခင်စည်ပင်  သာယာရေး ကော်မတီပိုင် အမှိုက်ကျင်းမြေနေရာ နှင့် သားသတ်မြေနေရာအဖြစ် သတ်မှတ် ထား သည့်  ၁.၂ ဧကအား စည်ပင်သာယာရေးကော်မတီမှ ပြန်လည်တောင်းယူခဲ့ခြင်းကြောင့် လျော့နည်း သွားရခြင်းဖြစ်ပါကြောင်း၊  သို့သော် လက်တွေ့တွင် စည်ပင်သာယာရေးကော်မတီက လက်ခံရရှိခဲ့ သည်မှာ တစ်ဧကပင် မပြည့်ခဲ့သည့်အပြင် သစ်အရောင်းသစ်စက် အမှတ်(၁၂၁)သည် လည်း ၂၀၁၆ ခုနှစ်မှ စတင်၍ လုပ်ငန်းဆောင်ရွက်ရန် ကုန်ကြမ်းမရရှိခြင်းကြောင့် ယနေ့အချိန်ထိ လုပ်ငန်း လည်ပတ်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊

အဆိုပါသစ်စက်အနေဖြင့် လည်ပတ်နိုင်ခြင်းမရှိဘဲ ဌာနကိုပြန်လည်အပ်နှံထားပြီး ဖြစ်သည် ဟု သိရှိခဲ့ရပါကြောင်း၊ ယင်းမြေနေရာသည် ယခင်က မြို့အစွန်လူနေရပ်ကွက်နှင့် ဝေးကွာသော် လည်း ယခုအချိန်တွင် မြို့နှင့်တစ်ဆက်တစ်စပ်တည်းဖြစ်နေပြီဖြစ်ပါကြောင်း၊ အဆိုပါ မြေနေရာ သည် အလွန်ကျယ်ဝန်းပြီး မြို့နှင့်တစ်ဆက်တစ်စပ်တည်းဖြစ်နေခြင်းကြောင့် အများပြည်သူအတွက် လိုအပ်သည့် အဆောက်အအုံ၊ မြေနေရာလိုအပ်နေသည့် ဌာနဆိုင်ရာများအတွက် အလွန်အသုံးဝင်လာမည်ဖြစ်ပါကြောင်း၊ ထို့သို့ အသုံးဝင်လာသည့် မြေများအတွက် မြေယာ စီမံခန့်ခွဲမှုကိစ္စများလည်း  ရှင်းလင်းစေရန် မြို့ပိုင်မြေအဖြစ်သတ်မှတ်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် မြန်မာ့သစ်လုပ်ငန်း သစ်အရောင်းစက် အမှတ်(၁၂၁) ပိုင်မြေအား ဝန်းသိုမြို့ပိုင်မြေအဖြစ် ပြန်လည်စွန့်လွှတ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်ရှိ မြေဧရိယာ ၄.၀၆ ဧက ကျယ်ဝန်းသည့် အမှတ်(၁၂၁) သစ်စက်မြေနေရာပေါ်တွင် ပင်မစက်ရုံအပါအဝင်  အဆောက်အဦ (ပုံသေပိုင်စာရင်းဝင်(Fixed Assets)) စုစုပေါင်းငါးလုံး တည်ဆောက် ထားပြီး မြေလွတ် ဧရိယာနှစ်ဧကပေါ်တွင်လည်း ပျဉ်းကတိုး၊ ဝါးမျိုးစုံစုစုပေါင်း  အပင် ၂၅၀ ပင် စိုက်ပျိုးထားရှိပါကြောင်း၊ အဆိုပါသစ်စက်တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ သစ်တော ဦးစီးဌာနက ဖမ်းဆီးသစ် သစ်လုံး၊ ခွဲသားများ လွှဲအပ်လာရာတွင် လပ်ပုံထိုင်ခြင်း၊ ဝန်းသိုမြို့နယ် အတွင်း နေထိုင်သည့် မြန်မာ့သစ်လုပ်ငန်းအငြိမ်းစား ၂၉ ဦးအတွက် ပင်စင်လစာငွေ ထုတ်ပေးခြင်းနှင့် စာရင်းဇယားများပြုစုခြင်း၊ ပျဉ်းကတိုး၊ ဝါးစိုက်ခင်းရှင်သန်ကြီးထွားရန် ရေလောင်း ပေါင်းသင်လုပ်ငန်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင်လည်း ဝန်းသိုဝင်းထဲတွင် ဖမ်းဆီးသစ်ကျွန်း၊ သစ်မာ၊ သစ်လုံး၊ ခွဲသား စုစုပေါင်း ၁၂၈.၆၇၄၆ တန် ကို လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ရာ  ပြည်တွင်းဝင်ငွေကျပ် ၂၇၈.၇၉၄ သန်း ရရှိခဲ့ ပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်ရှိသစ်အရောင်းစက် အမှတ်(၁၂၁) မြေနေရာမှာ လက်ရှိ လုပ်ငန်းဆောင်ရွက် နေသည့် အတွက် နိုင်ငံပိုင်စက်ရုံ၊ အဆောက်အဦ၊ ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စိုက်ခင်းဧရိယာများနှင့် လွတ်ကင်းသည့် ပင်မစက်ရုံ အနောက်ဘက်ခြမ်းရှိ ဧရိယာ ၁.၀၁ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အဆိုပါဧရိယာအား ရယူမည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေစိုးအောင်(ဝန်းသိုမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် အဆိုပါမြေကို အဓိကစွန့်လွှတ်ပေးရန် တောင်းဆိုရခြင်း၏ ရည်ရွယ်ချက်သည် အများ ပြည်သူနှင့်ဆိုင်သည့် နေရာများ ပြုလုပ်ရန်နှင့် မြေနေရာ လိုအပ်နေသည့် ဌာနဆိုင်ရာများ အတွက်ကိုအသုံးပြုရန် စွန့်လွှတ်ပေးရန်အတွက် တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် စွန့်လွှတ်ပေးမည့် တစ်ဧကကျော်ကို မျက်နှာစာဖက်အခြမ်းမှ စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး လက်တလောဆုံးဖြတ်ဖြေကြားနိုင်ရန် အခက်အခဲရှိပါကြောင်းနှင့် စွန့်လွှတ်မည့်ဧရိယာကို ပြန်လည်ညှိနှိုင်း သတ်မှတ်ရန်အတွက် ဝန်ကြီးဌာနတွင် ပြန်လည် စိစစ်ပြီးမှ သာ သီးခြားပြန်လည်ရှင်းလင်းတင်ပြပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။