Skip to main content

ဓာတ်သတ္တုကဏ္ဍ၌ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ကြန့်ကြာမှုမရှိဘဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက် ပေးမည်ကို သိရှိလို၍ မေးမြန်းထားခြင်းဖြစ်ပါကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေကို တပ်မတော် အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေဟူ၍ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၌ မြန်မာ့သတ္တုတွင်းနည်း ဥပဒေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀ တွင် ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်ခွင့် လျှောက်ထားမှုများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့သည် လျှောက်ထားချက်ကိုစိစစ်ပြီး ဝန်ကြီးဌာနနှင့် ညှိနှိုင်း သဘောထားရယူ၍ ခွင့်ပြုမိန့်ကိုထုတ်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက် အရ ဒေသခံပြည်သူများအနေဖြင့် ဓာတ်သတ္တု အသေးစားနှင့်လက်လုပ်လက်စား လုပ်ကိုင်ခွင့်ကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခွင့်ရရှိပါက ဒေသဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများခြင်း၊ တရားမဝင် ဓာတ်သတ္တုတူးဖော်မှုများ လျော့နည်းပပျောက်သွားနိုင်ခြင်း၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ဓာတ်သတ္တုအခွန်အခများ ရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာမည်ဖြစ်ပါ ကြောင်း၊

မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ကြည့်မည်ဆိုပါက ဓာတ်သတ္တုကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည်ကို တွေ့ရမည်ဖြစ်သော်လည်း ဆက်စပ်နေသည့် အခြားကဏ္ဍများ တွင် ဖြေလျှော့ပေးနိုင်မှသာ ဒေသအတွက် ကောင်းကျိုးရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ဥပမာအား ဖြင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရန် မြေအသုံးပြုခွင့် လျှောက်ထားရာတွင် လျှောက်ထားသော မြေသည် သစ်တောကြိုးဝိုင်းဧရိယာတွင် ကျရောက်နေပါက ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရာ၌ ကြန့်ကြာမှုရှိနေခြင်းများ ကြုံတွေ့ရပါကြောင်း၊ သစ်တောမြေမှ လွတ်ကင်းသော်လည်း မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းအတွင်း ကျရောက်နေခြင်းကြောင့် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေးဗဟိုကော်မတီသို့ မြေအသုံးပြုခွင့် လျှောက်ထားရပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့် ရှိ၍ ကြန့်ကြာမှုများ ထပ်မံကြုံတွေ့ရပါကြောင်း၊ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်ခွင့် လျှောက်လွှာများကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်လက်ခံခဲ့ရာ သည်မေးခွန်းကို တင်လိုက်သည့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် မိမိတို့တစ်ကွက်မှ ခွင့်ပြုမိန့်မရရှိသေးသည်ကို တွေ့ရပါကြောင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အသေးစားလုပ်ကွက် ၂၈ ကွက်၊ လက်လုပ်လက်စားလုပ်ကွက် ၂၄ ကွက် လျှောက်ထားပြီးဖြစ်သည်ဟု သိရပါကြောင်း၊ လက်ရှိအချိန်ထိ အသေးစားလုပ်ကွက် နှစ်ကွက် နှင့် လက်လုပ်လက်စားလုပ်ကွက် လေးကွက်သာ ခွင့်ပြုမိန့်ရရှိသေးပါကြောင်း၊

နိုင်ငံတော်အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိရာ Ease of doing business စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာ လုပ်ကိုင်နိုင်မှုအညွှန်းကိန်းများ ရမှတ်မြင့်မားရေး အတွက် ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီမံခန့်ခွဲခွင့်ရှိသော အသေးစားနှင့်လက်လုပ်လက်စား လျာထားဧရိယာများသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သောကြောင့် အဆိုပါ လျာထားဧရိယာများအတွင်း လျှောက်ထားလာသော လုပ်ကွက်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ကွက် စိစစ်ချထားရေးအဖွဲ့တွင် ပါဝင်သော သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတို့မှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပါက လွယ်ကူလျင်မြန်သော လုပ်ငန်းဆောင်ရွက်မှုဖြစ်ပြီး အထက်တွင် ဖော်ပြခဲ့သည့် ကောင်းကျိုးများကို ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဓာတ်သတ္တုကဏ္ဍ၌ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ကြန့်ကြာမှုမရှိဘဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၁၅ အရ ဇယား ၂(ဃ)တွင် ပြဋ္ဌာန်းချက်အတိုင်း ပြည်ထောင်စုက ပြဋ္ဌာန်းသည့်ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ဆောင်ရွက်ခွင့်ရှိသည့် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများကို မိမိတို့ ခွင့်ပြုမိန့်လျှောက်ထားသည့်နေရာတွင် ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ(က)အရ မိမိတို့ဝန်ကြီးဌာနက ၁၃-၂-၂၀၁၈ ရက်စွဲပါအမိန့်ကြော်ငြာစာနှင့် တိုင်းဒေသကြီး/ ပြည်နယ် သယံဇာတဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် တိုင်းဒေသကြီး/ ပြည်နယ် လုပ်ကွက်စိစစ် ချထားရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၅ မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀ တွင် အသေးစားထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား ထုတ်လုပ်ခြင်းများအတွက် ခွင့်ပြုမိန့်ထုတ်ပေးရန် ပုဒ်မ ၆ အရ လျှောက်ထားချက်များကို စိစစ်ပြီး ဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူညီချက် ရယူ၍ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ထိုခွင့်ပြုမိန့်များလျှောက်ထားရာတွင် ကြန့်ကြာမှုမရှိစေဘဲ အလွယ်တကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့သတ္တုတွင်းနည်းဥပဒေ ၂၁၄၊ နည်းဥပဒေခွဲ(က) နှင့်အညီ ဘူမိဗေဒအချက်အလက်များ အပေါ်မူတည်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဓာတ်သတ္တု အကြီးစား၊ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားဧရိယာများကို ညှိနှိုင်းသတ်မှတ်ပေးခဲ့ပြီးမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးကို မြေပုံနှင့်တကွ ပေးပို့အကြောင်းကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့က ခွင့်ပြုမိန့်ပေးပြီးသည့် အသေးစား၊ လက်လုပ် လက်စားလုပ်ကွက်များ၏ မြေပုံအညွှန်းများကိုဖော်ပြပြီး တစ်လလျှင်တစ်ကြိမ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ပေးပို့ရန် ၁၉-၄-၂၀၁၉ ရက်နေ့က တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ရုံးအားလုံးကို အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ လက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့က ခွင့်ပြုမိန့်ထုတ်ပေးထားသည့် အသေးစားနှင့် လက်လုပ်လက်စား စာရင်းဖြစ်ပါကြောင်း၊ အကယ်၍ မိမိတို့လျှောက်ထားလုပ်ကွက်များက သစ်တော နယ်မြေအတွင်း ကျရောက်နေမည်ဆိုပါက တိုင်းဒေသကြီး/ ပြည်နယ်သစ်တောဦးစီးဌာနများက အချက်အလက်များကို ကွင်းဆင်းစစ်ဆေးစေပြီးမှ ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၂ (က) အရ ဝန်ကြီးဌာန၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရမည့်အချက်များမှာ ကြိုးဝိုင်း/ ကြိုးပြင် သဘာဝနယ်မြေအတွင်း ပါဝင်ကျရောက်နေမှု အခြေအနေများ၊ သစ်တောသစ်ပင် ပေါက် ရောက်မှုအခြေအနေများ၊ စိုက်ခင်း၊သစ်ထုတ်ရေး ဧရိယာများအတွင်း ပါဝင်ကျရောက်မှုအခြေအနေ များ၊ ရေဝေရေလဲဧရိယာအတွင်း ပါဝင်ကျရောက်နေမှုအခြေအနေများ၊ အခြားမြေအသုံးချမှု အခြေ အနေများနှင့် သစ်တောသစ်ပင်များ ထိခိုက်နိုင်မှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုနည်းစနစ် စသည်တို့ကို စိစစ်ပေးရမည်ဖြစ်ပါကြောင်း၊

ဓာတ်သတ္တု အသေးစားနှင့်လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းခွင့်ပြုမိန့် တင်ပြလာပါ က သစ်တောသစ်ပင် အစားထိုးစိုက်ပျိုးပေးမည့် လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြစေပြီး မြေငှားရမ်းခ ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးများတွင် တစ်နှစ် သက်တမ်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ပေးစေပြီး လုပ်ငန်းကို စတင်ဆောင်ရွက်ခွင့်ပြုပါကြောင်း၊ ဓာတ်သတ္တု အသေးစားထုတ်လုပ်ခြင်းလုပ်ငန်းများသည် စီမံကိန်းကာလအားဖြင့် တိုတောင်းခြင်း၊ လုပ်ငန်းရှင်များအတွက် ရနိုင်မည့်အကျိုးအမြတ်များနှင့်နှိုင်းယှဉ်လျှင် ရင်းနှီးမြှုပ်နှံမှုစရိတ်များပြားခြင်း၊ စက်အင်အားအသုံးပြုနိုင်မှု နည်းပါးခြင်းများကြောင့် လက်ရှိလူမှုစီးပွားရေး အခြေအနေများအရ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ရေး အစီရင်ခံစာအဖြစ် သီးသန့်ဆောင်ရွက်စေခြင်း မပြုတော့ဘဲ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကိုသာလေ့လာပြီး ရေးဆွဲတင်ပြလိုက်နာ ဆောင်ရွက်စေခဲ့ပါကြောင်း၊ အလားတူ လက်လုပ်လက်စား ထုတ်လုပ်ခြင်းလုပ်ငန်းများသည် ဧရိယာပမာဏသေးငယ်ခြင်း၊ ခွင့်ပြု ကာလ တစ်နှစ်သာရှိခြင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးသည့် ဒေသခံများအတွက် ဝင်ငွေရရှိစေသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုဖြစ်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်မှု ငွေပမာဏ နည်းပါးခြင်း၊ EMP၊ IEE များရေးဆွဲရန် အခက်အခဲရှိခြင်းတို့ကြောင့် လက်တွေ့ကျပြီးမှ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်ခွင့် ပြုနိုင်ရန်ရည်ရွယ်ပြီး လက်လုပ်လက်စားလုပ်ငန်းများကို သတ်မှတ်စည်းကမ်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး ကတိကဝတ်နှင့်သာ လိုက်နာဆောင်ရွက်စေလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို ဖြေလျော့သည့်အနေဖြင့် သတ်မှတ် ပေးထားသည့် အသေးစားလက်လုပ်လက်စားဧရိယာအတွင်း လုပ်ကိုင်ခွင့်စိစစ်ဆောင်ရွက်မှုများကို ကြန့်ကြာမှု မရှိစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံခြင်း မပြုစေတော့ဘဲ တိုင်းဒေသကြီး/ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့များက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းတာဝန်ယူစိစစ်ပြီးမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ခွင့်ပြုရန် တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း မိမိတို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။